“ကရင်နီဧည့်သည်”ဆေးခန်းရဲ့ပဲ့ကိုင်ရှင်

October 27th, 2023  •  Author:   Honest Information  •  1 minute read
Featured image

ခင်ဘုန်းမို့။ ။

စစ်ရှောင်စခန်းတစ်ခုရဲ့တစ်နေရာမှာ အမျိုးသမီးကြီးတွေ၊ ကလေးတွေကစားပွဲတစ်ခုနားမှာ စီတန်းရောက်နေကြပါတယ်။ စားပွဲပေါ်မှာ ဆေးဝါးတွေအပြည့်တင်ထားပြီး စားပွဲတစ်ဖက်မှာတော့ လူငယ်တစ်ဦးက လူနာကြည့်လိုက် ဆေးဗူးတွေလူနာ မှတ်တမ်းတွေကြည့်လိုက်နဲ့အလုပ်ရှုပ်နေပါတယ်။

ဒီမြင်ကွင်းကတော့ “ကရင်နီဧည့်သည်”ဆေးခန်းရဲ့ မြင်ကွင်းဖြစ်ပါတယ်။ လူနာတွေကြားမှာ အလုပ်ရှုပ်နေသူကတော့ ဆေးခန်းတည်ထောင်သူတစ်ဦးတဲ့ LGBT တစ်ဦးဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုနွေဦးမာန်ပါ။

ကိုနွေဦးမာန်ဟာစစ်အာဏာမသိမ်းခင်က အစိုးရဆေးရုံတစ်ခုမှာ သူနာပြုတာဝန်ထမ်းဆောင်ရင်း အိပ်မက်တွေအပြည့်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူငယ်တစ်ဦးဖြစ်ခဲ့တယ်။

သူနာပြုဘာသာရပ်နဲ့ပတ်သက်ပြီး Masterဘွဲ့ရတဲ့အထိ ကျောင်းဆက်တက်ဖို့နဲ့ ဝါသနာပါတဲ့ သီချင်းဆိုတဲ့အလုပ်ကို အကောင် အထည်ဖော်မယ်ဆိုတဲ့ အိပ်မက်တွေရှိခဲ့ပေမယ့် အာဏာသိမ်းလိုက်တဲ့အခါမှာတော့ ဒီစိတ်ကူးတွေက သဲထဲရေသွန်ဖြစ်ခဲ့ရ တယ်။

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ ကိုနွေဦးမာန်အနေနဲ့ နောက်ဆုံးအလုပ်ဆင်းခဲ့တဲ့ရက်လည်းဖြစ်တယ်။ အဲ့ဒီနောက်ပိုင်းကစပြီး ကိုနွေဦးမာန်ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး  လမ်းပေါ်ထွက်ဆန္ဒပြခဲ့တယ်။

အာဏာသိမ်းပြီး ရှစ်လလောက်အကြာမှာ ကရင်နီဘက်ကိုလာဖို့အကြောင်းဖန်လာခဲ့တယ်။ အဲ့ဒီကာလတုန်းက ကရင်နီဘက် မှာ ကိုဗစ်ဒုတိယလှိုင်းဖြစ်တဲ့အတွက် လူနာတွေအရမ်းများသလို ရဲဘော်တွေလည်းဖျားနာကြတယ်။ ရာသီတုပ်ကွေးကလည်း ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါတွေလည်း အဖြစ်များတဲ့ကာလဖြစ်တယ်။ ကျန်းမာရေးဝန်ထမ်းအများအပြားလိုအပ်နေတဲ့ အကြောင်းကြားရတဲ့အတွက် ကိုနွေဦးမာန်ဟာ ကရင်နီဘက်ကိုရောက်လာခဲ့တယ်။

ကရင်နီကို စစရောက်တဲ့အချိန်ရွာတစ်ရွာမှာ တခြားသူနာပြုအမျိုးသမီးငယ်လေးတွေနဲ့အတူ အထိုင်ဆေးခန်းလေးစဖွင့်ဖြစ်ခဲ့ တယ်။ ဆေးခန်းလေးဖွင့်ပြီးတော့ရွာမှာရှိတဲ့ ရွာသားတွေ၊ရဲဘော်တွေ၊ သူတို့ရဲ့မိသားစုဝင်တွေ၊ စစ်ဘေးရှောင်စခန်းက ပြည်သူ တွေအတွက်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပေးခဲ့တယ်။ဒါပေမယ့် အဲ့ဆေးခန်းလေးကသိပ်ကြာကြာ မဖွင့်လိုက် ရဘဲ ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလမှာ   လေယာဉ်နဲ့ဗုံးကျဲခံလိုက်ရတဲ့အတွက် ပြာအတိဖြစ်ခဲ့တယ်။

Photo – GKD 

အဲ့ဒီနေ့ကစစ်ကောင်စီဟာ လေကြောင်းကနေ ဆေးခန်းအရှေ့လမ်းမတစ်လျှောက်လုံးကို ပစ်နေခဲ့တယ်။ အဲ့ဒီအချိန်မှာ ကိုနွေဦးမာန်တို့ဟာ ဆေးခန်းနားကဗုံးခိုကျင်းထဲမှာရှိနေခဲ့တာပါ။ အဖွဲ့အစည်းတစ်ခုရဲ့တာဝန်ရှိသူက ဖုန်းဆက်ပြီးနေရာရွေ့ဖို့ အသိပေးလာတဲ့အတွက် ကိုနွေဦးမာန်တို့နေရာရွေ့ခဲ့ကြတယ်။နေရာရွေ့ပြီး မိနစ်ပိုင်းလေးမှာပဲ ဆေးခန်းတည့်တည့်ကို ဗုံးကြဲခံ လိုက်ရပါတော့တယ်။

“ ဘဝမှာတစ်ခါမှမယုံနိုင်ဘူး။ Location အတိအကျနဲ့လာပြီး ကျဲသွားတာဖြစ်တဲ့အတွက် ပထမဆုံးရခဲ့တဲ့စိတ်ဒဏ်ရာပေါ့။ အခုချိန်ထိပြန်တွေးရင် ငါတို့သာ ငါးမိနစ် ၊ ၁၀ မိနစ် စောမထွက်ခဲ့မိရင် အဲ့ဗုံးကျဲတဲ့အထဲမှာ ငါတို့ပါ ပါသွားလောက်တယ်။ အခုလိုလည်း အင်တာဗျူးဖြေနေနိုင်မှာမဟုတ်ဘူး။ တော်လှန်ရေးအတွက်လည်း အလုပ်တွေအများကြီးလုပ်နေနိုင်မှာ မဟုတ် ဘူး။” လို့ ကိုနွေဦးမာန်က ပြောပါတယ်။

နောက်ရှစ်လလောက်အကြာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာမှာတော့ ကိုနွေဦးမာန်ဟာ ဧည့်သည်အမည်နဲ့ ဆေးခန်းတစ်ခုကို ထပ် မံ အသက်သွင်းခဲ့တယ်။ ကိုနွေဦးမာန်ဟာအဖွဲ့အစည်းတစ်ခုမှာ ဆေးတပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

ဒီလိုဆေးတပ်သားအဖြစ်တာဝန်ထမ်းဆောင်တဲ့အခါမှာ စစ်ဥပဒေစည်းကမ်းအရ အဖွဲ့အစည်းကရဲဘော်တွေကိုသာ ဆေးကုသ ပေးလို့ရတာဖြစ်တယ်။ ကိုနွေဦးမာန်ရဲ့စိတ်ကူးကတော့ အဖွဲ့အစည်းက ရဲဘော်တွေအပြင် သူတို့တွေရဲ့မိသားစုတွေ၊ စစ်ဘေး ရှောင်ပြည်သူတွေကိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးချင်တဲ့အတွက် ဆေးခန်းလေးကိုဖွင့်ဖြစ်ခဲ့တယ်။

“ ဒီရဲဘော်တွေကိုမွေးထုတ်ပေးထားတဲ့မိဘတွေ၊ နောက်မှာရှိနေတဲ့ စစ်ရှောင်ပြည်သူတွေကလည်း အရမ်းကို တော်လှန်ရေး အတွက် အခရာကျတယ်။ အရေးကြီးပါတယ်။ သူတို့အတွက်ကိုလည်း လုပ်ပေးချင်တယ်။” လို့ ကရင်နီဧည့်သည် ဆေးခန်း တာဝန်ခံ ကိုနွေဦးမာန်ကပြောပါတယ်။

တော်လှန်ရေးအစပိုင်းကာလမှာတော့ ဆေးခန်းအတွက်ဆေးအလှူရှင်တွေ၊ ငွေကြေးထောက်ပံ့သူတွေရှိခဲ့ပေမယ့် တော်လှန် ရေး ကာလနှစ်နှစ်ကျော်အကြာမှာတော့ အလှူရှင်နည်းပါးလာခဲ့ပါတယ်။ ဆေးခန်းလည်ပတ်နိုင်ဖို့ အသိမိတ်ဆွေတွေရဲ့ ငွေ ကြေးထောက်ပံ့မှုအကူအညီနဲ့သာ ရပ်တည်နေတာဖြစ်တယ်။ အခုနောက်ပိုင်းကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေသ လို စစ်ကောင်စီကလည်း ဖြတ်လေးဖြတ်လုပ်လာတဲ့အတွက် ဆေးဝါးတွေသယ်လို့မရတာ၊ လမ်းမှာအသိမ်းခံရတာ၊ ငွေကြေး ဖောင်းပွမှုကြောင့် ဆေးဝါးနဲ့ဆေးပစ္စည်းတွေကို ဈေးကြီးပေးဝယ်ရတာတွေကြောင့် ဆေးဝါးအခက်အခဲက ပိုလို့ဆိုးလာပါ တယ်။

ဒါ့အပြင်ဆေးခန်းကို ကိုနွေဦးမာန်အပါအဝင် သူနာပြုနှစ်ဦး၊ Volunteer သုံးဦးနဲ့ဆေးခန်းကို လည်ပတ်နေတာဖြစ်တဲ့အတွက် ဆေးကုသမှုအပိုင်းမှာလည်းအခက်အခဲရှိပါသေးတယ်။

ဆေးပညာနယ်ပယ်မှာဆိုရင် ကိုနွေဦးမာန်ဟာ သူနာပြုဖြစ်တဲ့အတွက်လူနာတွေကို ပြုစုစောင့်ရှောက်မှုအပိုင်းကိုသာ တာဝန် ယူရမှာဖြစ်တယ်။ ဒါပေမယ့်မြေပြင်အခြေအနေအရ ဆရာဝန်အင်အားမလုံလောက်တဲ့အတွက် တချို့အခြေအနေတွေမှာ ကို နွေဦးမာန်အပါအဝင် တခြားကျန်းမာရေးဝန်ထမ်းတွေဟာ  ဆေးကုသမှုအပိုင်းတွေမှာပါဝင်လုပ်ကိုင်ရပါတယ်။

“ တခါတလေကျရင် ဆေးပညာကျင့်ဝတ်အရ  ကျော်ပြီးမဖြစ်မနေလုပ်ရတဲ့ အပိုင်းလေးတွေရှိတယ်။ ကျွန်တော့အနေနဲ့ ဒီဟာ တွေမလုပ်ချင်ဘူး။ မဖြစ်မနေလုပ်ရမယ့်အခြေအနေမှာလုပ်ရတဲ့ အပိုင်းတွေရှိတယ်။ ဒါကတော့ကျွန်တော့အတွက် လက်ရှိကြုံ နေရတဲ့ စိန်ခေါ်မှုအခက်အခဲလို့ ပြောလို့ရတယ်။” လို့ ကိုနွေဦးမာန်က ဆိုပါတယ်။

ဆေးခန်းပထမဆုံးဖွင့်တဲ့အချိန်က ကိုယ်တိုင်ကိုယ့်ရဲ့လက်နဲ့ပထမဆုံးတည်ထောင်ခဲ့ရတဲ့အတွက် ကောင်းကောင်းလုပ်နိုင်ပါ့ မလားဆိုတဲ့စိုးရိမ်မှုရှိခဲ့ပေမယ့် အခုလအောက်တိုဘာလမှာတော့ ဧည့်သည်ဆေးခန်းဟာတစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

ကိုနွေဦးမာန်ဟာတိုက်ပွဲတွေကြားမှာ တက်ထားတဲ့ဆေးပညာနဲ့ တော်လှန်ရေးတာဝန်ကို ပခုံးထမ်းထားခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးထဲခရီးလမ်းကို လျှောက်လှမ်းသူတိုင်းရဲ့ခရီးလမ်းဟာ မချောမွေ့လှပါဘူး။ ဒီအထဲမှာ LGBTတစ်ဦးဖြစ်တဲ့ ကိုနွေ ဦးမာန်အတွက်လည်း မလွယ်ကူလှပါဘူး။

ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာတောင် LGBTတွေနဲ့ပတ်သက်ပြီး လူတွေရဲ့အမြင်က အပြည့်အဝလက်ခံနိုင်ကြတာမျိုး မဟုတ်သေးတဲ့အတွက် တောင်တန်းဒေသကိုရောက်တဲ့အခါမှာ ဒီဖြစ်တည်မှုနဲ့ပတ်သက်ပြီးစိန်ခေါ်မှုအရမ်းကြီးခဲ့တယ်လို့ ကို နွေဦးမာန်ကဖွင့်ဟပါတယ်။

“ ဒီမှာရှိနေတဲ့အယူဝါဒတွေ တချို့ရိုးရာတွေ၊ဒီလိုမျိုးတွေကြားထဲမှာ LGBT အနေနဲ့ရပ်တည်ရတာက သာမာန်ရိုးရိုးလူအတွက် အေးအေးဆေးဆေး ကျော်ဖြတ်သွားလို့ရတဲ့အရာတွေအတွက် ကျွန်တော်တို့က ခက်ခက်ခဲခဲနဲ့ကျော်ဖြတ်နေရတဲ့ အပိုင်းတွေရှိ တယ်။” လို့ ကိုနွေဦးမာန်က ပြောပါတယ်။

ဒါပေမယ့် စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်းမှာတော့ အမျိုးသမီးတွေနဲ့ LGBTတွေကို ခွဲခြားတဲ့အယူအဆတချို့ လျော့ နည်းလာသလို လူထုအနေနဲ့လည်းအမြင်တွေပြောင်းလာတယ်လို့ သူကဆိုပါတယ်။

“ ကျွန်တော်တို့အပေါ်မှာလည်း စရောက်တုန်းကတော့ ဒီဆရာတွေက LGBT တွေပေါ့။ ကိုယ်တွေကိုမြင်ရင် ရွံသလိုလို အနား မကပ်ချင်သလိုလိုဖြစ်ကြပေမယ့် နှစ်နှစ်ကျော်သုံးနှစ်အတွင်းမှာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကလက်တွေ့ သူတို့ရှေ့မှာ ဖော်ပြတဲ့အခါ respect တွေပေးလာတယ်။ အချင်းချင်းရင်းရင်းနှီးနှီးရှိလာတယ်။” လို့ကို နွေဦးမာန်က မှတ်ချက်ပေးပါတယ်။

အမြင်တွေပြောင်းလာပေမယ့်လည်း ခွဲခြားတဲ့အယူအဆအမှားတွေကရှိနေတုန်းပါပဲ။ အမျိုးသမီးတွေ တောထဲထင်းခွေသွားရင် ယောကျာ်းဖြစ်သူရဲ့ခေါင်းပေါင်းကို ပေါင်းထားရင်မြတ်တယ်ဆိုတာမျိုး၊ အမျိုးသမီးတွေကလေးမွေးမယ်ဆိုရင် ရွာအပြင်မှာ ထွက်မွေးရတာမျိုး၊  LGBTဆိုတာကို ကိုယ့်ကိုကိုယ်သိနေရင်တောင် ပွင့်ပွင့်လင်းလင်းမခံယူရဲတာမျိုးတွေ အများကြီးတွေ့ရ တယ်လို့ ဆိုတယ်။

“ ဒါဖြစ်ရတာက ရှက်စရာတစ်ခု ရွံမုန်းစရာတစ်ခုလို့ သတ်မှတ်နေတာမျိုးတွေက တော်တော်များများရှိနေတုန်းပဲ။ ဒါတွေကို လူထုအမြင်ပြောင်းလဲပေးဖို့ ကျွန်တော်တို့မှာတာဝန်ရှိတယ်။ ခွဲခြားတဲ့အယူအဆတွေ လျော့နည်းသွားအောင် အများကြီးကို ထပ်ပြီး ကြိုးစားရဦးမှာပါ။” လို့ သူက ဆိုပါတယ်။

တော်လှန်ရေးခရီးကိုလျှောက်လှမ်းတဲ့အခါမှာလည်း စိတ်ဓာတ်ကျစရာအချိန်တွေနဲ့ရင်ဆိုင်ရပါသေးတယ်။

တော်လှန်ရေးအတူတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ၊ မိတ်ဆွေတွေလို့ကိုယ်ကခံယူထားတဲ့ သူတွေက ကိုယ့်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးသွားတဲ့အခါ၊ ကိုယ့်ကိုချောက်တွန်းပြီးတော့  ရှေ့မှာပြုံးပြနေပြီး ကွယ်ရာမှာ ကိုယ့်မကောင်းကြောင်း ပြောတဲ့အခါမှာ စိတ်ဓာတ်ကျမိတယ်။

“ ရန်သူကြောင့်စိတ်ဓာတ်ကျတာထက် ကိုယ့်အချင်းချင်းပြန်ပြီး တိုက်ခိုက်ကြတာအရမ်းတွေ့ရတဲ့အခါမှာ စိတ်မကောင်းလည်း ဖြစ်ရတယ်။ စိတ်ဓာတ်လည်းကျရတယ်။ ဒီဟာကတော်လှန်ရေးအတွက်လုံးဝကို အနှောင့်အယှက်ဖြစ်စေတဲ့အရာဖြစ်တယ်။” လို့ ကိုနွေဦးမာန်ကဆိုတယ်။

ဒီလိုအခြေအနေတွေကို တခြားတော်လှန်ရေးမှာပါဝင်နေတဲ့သူတွေ၊ ရဲဘော်တွေကိုကြည့်ပြီးခွန်အားယူရင်း အားတင်းပါတယ်။

ရှေ့ဆက်ပြီးတော့ ဧည့်သည်ဆေးခန်အတွက်လိုအပ်တာတွေကို တက်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးပြီးတဲ့အချိန်အထိ  အကောင်းဆုံးလုပ်သွားမယ်လို့ ကိုနွေဦးမာန်တစ်ယောက် ဆုံးဖြတ်ထားပါတယ်။

“ ဆေးခန်းနဲ့ပတ်သက်ပြီးတော့ အများကြီးဆောင်ရွက်သွားဖို့ရှိတယ်။အဲ့ဒါဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်နဲ့အတူ ပြည်သူ ကပါဝင်ပေးမှာပဲဖြစ်မှာ။ ပြည်သူ့ရဲ့အားနဲ့ရပ်တည်ခဲ့တာ အခုဆေးခန်းတစ်နှစ်ပြည့်ခဲ့ပြီ။ ဆက်ပြီးနောက်ထပ် နောက်ထပ် သွားနိုင်ဖို့ပြည်သူအပေါ်မှာ အများကြီးမူတည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့အတွက်ပြည်သူ့အားကို လိုပါတယ်။”လို့ သူက ဆိုပါတယ်။

တော်လှန်ရေးပြီးသွားတဲ့အခါမှာ ကိုနွေဦးမာန်အနေနဲ့ လက်တွဲဖော်နဲ့ အတူတူအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက် ချင်ပြီး နှစ်ယောက်အတူတူစီးပွားရေးလုပ်ကာ၊ ဝါသနာပါတဲ့ အဆိုပညာကို လူထုကိုချပြခွင့်ရချင်တာက အဖြစ်ချင်ဆုံးဆန္ဒပါပဲ။

တော်လှန်ရေး ရင်ဘက်တူသူတွေကိုလည်း အခုလိုသတင်းစကားပါးပါတယ်။

“ တော်လှန်ရေးဆိုတာက အပျော်ကစားနေတာလည်းမဟုတ်ဘူး။ စိတ်ဓာတ်တစ်ခုနဲ့ အလုပ်လုပ်နေကြတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်ဓာတ်မှန်ဖို့လိုတယ်။ တော်လှန်ရေးခရီးဆုံးတဲ့အထိ ငါတို့ဆက်လျှောက်ကြရမယ်ဆိုတဲ့စိတ်နဲ အတူ တူ အလုပ်လုပ်ကြဖို့လိုတယ်။ဒီကိစ္စကိုအတူတူဝိုင်းပြီးတော့ အကောင်အထည်ဖော်ဖို့လိုတယ် ဆက်ပြီးတော့ အတူတူရုန်းကြ မယ်။ တော်လှန်ရေးအောင်တဲ့အထိ ဆက်ပြီးသွားကြမယ်လို့ပြောချင်ပါတယ်။”


View the original