ရှင်ငြိမ်း။ ။
လိုင်ဇာမြို့နဲ့ နှစ်မိုင်လောက်သာဝေးတဲ့မုန်လိုင်ခက် စစ်ရှောင်စခန်းထဲ ဗုံးတွေကျရောက်ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်တခြား ခေါင်းတခြား ခြေလက်ပြတ်နဲ့ သေဆုံးနေတဲ့အမျိုးသမီးတွေရဲ့ရုပ်အလောင်းတွေဟာ ဆက်မကြည့်နိုင်လောက်အောင် ရုပ်ပျက် ဆင်းပျက်နိုင်လွန်းပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ဓါတ်ပုံတွေ၊ ရုပ်သံတွေမှာလည်း အမျိုးသမီးတစ်ဦးရဲ့ဦးခေါင်းတစ်ခုလုံးဟာ ကြေမွနေပြီး ဘယ်လက် တဖက်လည်းပြတ်နေပါတယ်။ နောက်တစ်ဦးမှာ ညာဝမ်းဗိုက်ပေါက်ထွက်ကာ အူအခွေလိုက်အပြင်ကိုထွက်နေတဲ့ ရုပ်အ လောင်းတွေကို တွေ့ခဲ့ရတယ်။
သူတို့တွေဟာ ကချင်ပြည်နယ်၊ မုန်လိုင်ခက်ကျေးရွာ စစ်ရှောင်စခန်းမှာခိုလှုံနေသူတွေဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ဗုံးသုံး လုံးထက် မနည်းကြဲချတိုက်ခိုက်ခဲ့လို့ သေဆုံးရသူတွေဖြစ်တယ်။
သေဆုံးရတဲ့အမျိုးသမီးအများစုဟာ ဗုံးဆန်ထိမှန်လို့သေဆုံးခဲ့ရတာဖြစ်ပြီး တချို့လည်းဗုံးပေါက်ကွဲမှုအရှိန်နဲ့အိမ်တွေ၊ သစ်ပင် တွေ၊ ကားတွေ၊ မြေကြီးတွေပိကာ သေဆုံးခဲ့ရတယ်လို့ ရုပ်အလောင်းတွေသယ်ယူပေးခဲ့ရတဲ့ ဦးနော်ဘောက်က ပြောပါတယ်။
ဒီတိုက်ခိုက်ခံရမှုမှာ အမျိုးသမီး ၁၅ ဦးနဲ့ လသားကလေးငယ်တွေအပါအဝင် အရပ်သား ၂၉ ဦးသေဆုံးခဲ့ရပြီး လူ ၆၀ နီးပါး ဒဏ် ရာရခဲ့တာဖြစ်တယ်။ သေဆုံးသူတွေထဲမှာ အများစုကတော့ အမျိုးသမီးတွေဖြစ်ပြီး ဒီထဲမှာကိုယ်ဝန်ဆောင်တွေ၊ မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မီးဖွားပြီးစအမျိုးသမီးတွေနဲ့ လသားကလေးငယ်တွေ ပါဝင်ပါတယ်။
“ ပြောလို့တောင်မထွက်ဘူး။ သေတဲ့ထဲမှာ မီးဖွားပြီးစသွေးနုသားနုနဲ့ မီးနေသည်အမျိုးသမီးတစ်ယောက်ဆိုလည်း မျက်နှာ ပျက်ပြီးသေနေတာ။ တချို့ဆို ခြေလက်တွေပြတ်၊ ခန္ဓာကိုယ်ပျောက်နေလို့ ကျနော်တို့တစစီလိုက်ကောက်ရတယ်။ ကျနော် တွေ့တာပဲ ကိုယ်ဝန်သည် သုံးဦးရှိတယ်။”လို့ သူက ရှင်းပြပါတယ်။
အခုလိုအမျိုးသမီးနဲ့ ကလေးငယ်တွေ ရုပ်ပျက်ဆင်းပျက်နဲ့ အများအပြားသေဆုံးရတာနဲ့ပတ်သက်ပြီး ဒေသအသီးသီးက အမျိုး သမီးအဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLBကလည်း အကြမ်းဖက်စစ်တပ်ကို အပြင်းအထန် ဝေဖန်ကန့်ကွက်ထားပါတယ်။
ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)က“အမျိုးသမီးနဲ့ ကလေးငယ်တွေအများစုရှိတဲ့စစ်ရှောင်စခန်းကို ညအချိန် မတော်ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာက အစုလိုက်အပြုံလိုက်သေစေဖို့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒါကလူမျိုး တုန်းသတ်ဖြတ်မှုဖြစ်လို့ စစ်ရာဇဝတ်မှုမြောက်တယ်။” လို့ ပြောပါတယ်။
အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးကလည်း စစ်ဘေးဒုက္ခသည်တွေရှိတဲ့နေရာမှာ ဗုံးကြဲတာကတော့ အလွန်ရက် စက်ပြီး ဒီလုပ်ရပ်အပေါ် နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက်အရေးယူသင့်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ သူတို့ပစ်ခတ်တိုက်ခိုက်ခဲ့တာမရှိဘူးလို့ BBCရဲ့မေးခွန်းကို ငြင်းဆိုထားပေမယ့် ဒေသခံတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်တပ်ရဲ့လက်ချက်လို့ ပြောပါတယ်။
မုန်လိုင်ခက်ဒေသခံတစ်ဦးကလည်း “သူများတိုင်းပြည်မှာတော့ တခုခုကိုပစ်ပြီဆိုရင် ပစ်တဲ့အဖွဲ့က ‘ငါတို့လုပ်တာ’ လို့ ဝန်ခံ လေ့ရှိတယ်။ မြန်မာပြည်မှာတော့ အရင်ကလည်း ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်ကိုယ်မီးရှို့ထွက်ပြေးတယ်လို့လိမ်တယ်။ အခု လည်း ဒီလိုဘဲပေါ်တင်လိမ်နေတာမို့ မအံ့ဩဘူး။”လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ သူတို့မလုပ်ဘူးလို့ငြင်းဆိုနေပေမယ့် အခင်းဖြစ်ပြီးနောက်ပိုင်းထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဒေသခံတွေဟာ ရွာမှာမနေရဲတော့ဘဲ စစ်ပြေးနေရတာဖြစ်တယ်။
နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိတဲ့ မုန်လိုင်ခက်ရွာဟာ တရုတ်နိုင်ငံထဲ ဝင်ထွက်ဖို့ အဓိကအားထားရတဲ့ကျေးရွာ တစ်ခုပါ။
ယခင်က အိမ်ခြေ ၁၀၀ မပြည့်ပေမယ့် ၂၀၁၁ တကျော့ပြန်ကချင်စစ်ပွဲမှ စစ်ရှောင်လာသူတွေနဲ့ အာဏာသိမ်းပြီးနောက် စစ် တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် နမ်ဆန်ယာန်၊ လဂျားယာန်ရွာမှ အရပ်သားတွေလည်း လာရောက်ခိုလှုံကြလို့ လူဦးရေထူထပ်တဲ့ ရွာလေးဖြစ်လာခဲ့တယ်။
ဒီလိုဒေသခံတွေနဲ့ စစ်ရှောင်တွေပါရောထွေးနေထိုင်ကြတဲ့ မုန်လိုင်ခက်ရွာလေးကို အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီခွဲ ဝန်း ကျင် လူအများအိပ်မောကျနေတဲ့အချိန်မှာ ဗုံးများကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ရွာအနီးနားမှာ တိုက်ပွဲဖြစ်ပွားတာလည်းမရှိသလို စစ်စခန်းချ၊ တပ်စွဲထားတာလည်းမရှိဘဲ အကြောင်းမဲ့တိုက်ခိုက်ခဲ့တာပါ။
ဗုံးကျတဲ့နေရာနဲ့ ငါးမိုင်ခန့်ဝေးတဲ့အိမ်မှာနေထိုင်တဲ့ဒေါ်ရွယ်တောင်က “ကောင်းကင်ကနေ မီးအလင်းတန်းမြင်လိုက်တော့ လျှပ်စီးလက်တယ်လို့ ပထမထင်လိုက်တာ။”
“တခါထဲ ‘ရွှီး’ ဆိုတဲ့ အသံကြားတော့မှ ‘ပစ်ပြီဟ’ ဆိုပြီး ဝပ်လိုက်တယ်။ အဲ့မှာအသံအကျယ်ကြီးနဲ့ တုန်ခါသွားတာကို ခံစား လိုက်ရတယ်။ ကျမတို့ဝပ်တဲ့ နေရာပေါ်မျက်နှာကျက်တွေ၊ စားပွဲတွေအကုန်ပြုတ်ကျကုန်တယ်။” လို့ ပြောပါတယ်။
ဒေါ်ရွယ်တောင်တို့အနေနဲ့ ဗုံးကျတဲ့အသံကြားနဲ့ ပြေးဖို့လုပ်တဲ့အချိန်မှာ အိမ်ကပြိုကျသွားပြီ။ ဒါပေမဲ့ သူဟာချက်ခြင်းမပြေးဘဲ သူရဲ့ကလေးတွေကို အပျက်အစီးတွေကြားက ရှာနေခဲ့ရတယ်လို့ ဆိုပါတယ်။
ဗုံးတည့်တည့်ကျခဲ့တဲ့နေရာဟာ ပေ ၃၀နီးပါးရှိတဲ့ မြေတွင်းနက်ကြီးဖြစ်သွားပြီး လူတွေ၊ အိမ်တွေနဲ့ ကားတွေစတဲ့အရာ အားလုံးဟာ တွင်းထဲနစ်မြုပ်သွားတယ်လို့ သူက ရှင်းပြပါတယ်။
ဗုံးဒဏ်ကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေရဲ့နေအိမ်တွေ၊ ဘုရားကျောင်းတွေလည်းဆုံးရှုံးခဲ့ရသလို သားသမီးဆုံးရှုံးရ တာ၊ မိခင်ဆုံးရှုံးရတာ၊ ဇနီး၊ ခင်ပွန်းသည်တွေဆုံးရှုံးရတာစတဲ့မိသားစုဝင်တွေဟာ သေကွဲကွဲကြရတယ်။
ဒီဖြစ်ရပ်ကြောင့် ကျန်ရစ်တဲ့ထိခိုက်ဒဏ်ရာရသူတွေဆိုလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကအစ ထိခိုက်ပျက်စီးရ လို့ သူတို့ကို စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ပံ့ပိုးမှုတွေလည်း လိုအပ်နေတာဖြစ်တယ်။
သေဆုံးသူတွေထဲမှာ သားနှစ်ယောက်မိခင်ဖြစ်တဲ့မအားမိုင်ရဲ့အသက်လေးနှစ်အရွယ်သားအကြီးလေးလည်း ပါသွားခဲ့တယ်။
“ အိပ်နေတုန်း ရုတ်တရုက်အသံအကျယ်ကြီးကြားလို့ နိုးလာတော့ အိမ်ကပြိုပြီး ကျမတို့သားအမိတွေပေါ်ပိနေပြီ။ အဲ့မှာ တခါ ထပ်ဗုံးကျတော့ ကျမတို့တွေမြေကြီးတွေနဲ့ အတူမြောပါသွားတယ်။ ကလေးတွေကို လက်နဲ့စမ်းတော့လည်းမတွေ့ ကျမလည်း လှုပ်မရတော့ အရမ်းစိတ်တွေထူပူသွားတယ်။”လို့ မအားမိုင်က ပြောပါတယ်။
သားတွေကို ကယ်ဖို့ သူ့အသက်ရှင်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ သူ့ကိုယ်ပေါ်ပိနေတဲ့ပစ္စည်းတွေ၊ သံချောင်းတွေ၊ မြေကြီးတွေကို တတ်နိုင်သလောက်တွန်းဖယ်၊ ရုန်းကန်ပြီး ထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့ခြေထောက်ဒဏ်ရာရသွားတယ်ဆိုတာ တောင် သတိမထားမိတော့ပါဘူး။
“ ဗုံးတွေက ရုတ်တရက်ကျလာတာဆိုတော့ ပြေးချိန်ကိုမရလိုက်တာ။ နောက်ကလေးတွေကို ကယ်ဖို့ပဲအာရုံမှာရှိနေတော့ ဗုံး ထိမှာ၊ သေမှာလည်းတွေးမနေအားဘူး။ ဘေးမှာအော်ဟစ်နေတဲ့အသံတွေတော့ကြားပေမယ့် မကြားသလိုပဲ။”လို့ သူက ပြော ပါတယ်။
“ သားတွေက ဘယ်နားမှန်းမသိဘူး။ သူတို့ရှိမယ့်နေရာမှန်းပြီးတော့ သူတို့လည်းမထိခိုက်အောင် ပစ္စည်းတွေဖယ်ရတယ်။ အဲ့မှာကားဝပ်ရှော့က စက်အလေးကြီးတွေလည်းပိနေတယ်။ အဲ့ဒါတွေက တယောက်ထဲသယ်ဖို့မလွယ်ဘူး။ အဲ့ဒါဘယ်လို ဖယ်မိမှန်းတောင်မသိဘူး။ နောက်မှလက်တွေပေါက်ပြဲ၊ ရောင်ကိုင်းနေတာတွေ့တာ။”
မအားမိုင်မှန်းထားတဲ့နေရာမှာ သားငယ်ရဲ့လက်ကို အရင်စတွေ့ပါတယ်။ အဲ့မှာသူအားတက်သွားပြီး ဆက်မြေကြီးကိုဖော် ပါတယ်။ သားတွေကို သူ့တွေ့တဲ့အချိန်မှာ နှစ်ယောက်လုံးသတိလစ်နေတာဖြစ်တယ်။
သားနှစ်ယောက်လုံးကို ပခုံးမှာထမ်းပြီး အမှောင်ထဲမှာ မီးမပါ၊ ဖိနပ်မပါနဲ့ သူပြေးပါတယ်။ သူဦးတည်တာက လိုင်ဇာဆေးရုံ ကြီးသွားဖို့ပါ။ သူပြေးတဲ့အချိန်မှာ ဒေသခံတချို့လည်းအထုတ်တွေ၊ ကလေးတွေချီပြီး အော်ဟစ်ပြေးလွှားနေတယ်လို့ ပြော ပါတယ်။
သူပြေးနေတဲ့အချိန်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လမ်းမှာတွေ့ပြီး ဆေးရုံကိုရောက်သွားပါတယ်။ သားတွေကို ခက် ခက်ခဲခဲကယ်ထုတ်နိုင်ပေမယ့် ကံမကောင်းစွာနဲ့ သားအကြီးကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့ရပြီး နှစ်နှစ်အရွယ်သာ ရှိသေးတဲ့သားငယ်လေးကတော့ မျက်နှာတခြမ်းပျက်စီးခဲ့ရပါတယ်။
“အငယ်လေးက မျက်နှာတခြမ်းပျက်စီးသွားတာဆိုတော့ မျက်လုံးလည်းထိသွားတယ်။ နားလည်းမကြားတော့ဘူး။ သားတွေ အတွက် ခံစားရတာရူးမတတ်ပါပဲ။ ကျမအသက်နဲ့လဲလို့ရရင် သားကိုအသက်ရှင်စေချင်တယ်။”လို့ ပြောရင်းနဲ့ မအားမိုင်က ရှိုက်ကြီးတငင်ငိုကြွေးပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသခံဖြစ်တဲ့မအားမိုင်ဟာ KIA စစ်ဗိုလ်တစ်ဦးနဲ့အိမ်ထောင်ကျတော့ ယောင်နောက်ပါ ဆံထုံးဆိုသလို ကချင်ပြည်နယ်၊ လိုင်ဇာမြို့ကို ရောက်လာခဲ့သူဖြစ်တယ်။ KIA ဟာ တော်လှန်ရေးအဖွဲ့ဖြစ်တာကြောင့် စစ်တန်း လျားဆိုတာမရှိဘဲ မိသားစုတွေဟာ ပြည်သူတွေနဲ့အတူ ရွာတွေထဲမှာ နေထိုင်ရတာပါ။ ရွာတွေမှာ စစ်ဖြစ်လာရင်လည်း စစ်ရှောင် စခန်းတွေဆီ ပြေးရပါတယ်။
မအားမိုင်တို့ဟာ ကချင်တကျော့ပြန်စစ်ပွဲတွေကြောင့် ၂၀၁၂ ခုနှစ်ကတည်းက မုန်လိုင်ခက်မှာ စစ်ဘေးရှောင်နေကြသူတွေပါ။ ခင်ပွန်းသည် စစ်ထွက်နေရတဲ့အချိန်တိုင်းလိုလိုမှာ မအားမိုင်ဟာ မိသားစုအတွက် နောက်ဆံမတင်းအောင် အိမ်ထောင် ကို ထိန်းသိမ်းနိုင်ခဲ့တယ်။
မအားမိုင်ရဲ့အဒေါ်ဖြစ်တဲ့ဒေါ်ရွယ်တောင်က“အားမိုင်က အရမ်းစိတ်ကောင်းရှိတယ်။ သန်မာတဲ့အမျိုးသမီးပါ။ သူယောက်ျား ရှေ့တန်းရောက်နေချိန်မှာ အိမ်ထောင့်တာဝန်ကျေတယ်။ သားတွေအတွက်လည်း မိခင်ကောင်းဖြစ်တယ်။ သူ့အသက်နဲ့ လဲပြီး သားတွေကိုကယ်ခဲ့တာ။”လို့ မှတ်ချက်ပေးပါတယ်။
ဗုံးကျရောက်မှုကြောင့် သေဆုံးရသူတွေထဲမှာ အငယ်ဆုံးက နှစ်လသားအရွယ်နဲ့ အသက်အကြီးဆုံး ၈၁ နှစ်အရွယ်ထိ ပါဝင် ပါတယ်။ ဒီထဲမှာ အသက် ၁၆ နှစ်အောက် ကလေး ၁၁ ဦးပါဝင်နေတာဖြစ်တယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအခြေစိုက်ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF Myanmar)က ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေဟာ မည်သည့်အခါမှ အကြမ်းဖက်တိုက်ခိုက်မှုရဲ့ပစ်မှတ်မဟုတ်ဘူးလို့လည်း ကန့်ကွက်ရှုတ်ချထားပါ တယ်။
မုန်လိုင်ခက်စခန်း တိုက်ခိုက်ခံရတာကြောင့် အိမ်ထောင်စု ၁၃၃ စုရဲ့ နေအိမ်တွေ အားလုံးပျက်စီးသွားခဲ့သလို နေအိမ်တွေ အပြင် စာသင်ကျောင်း ၊ ဘုရားကျောင်း၊ ဈေးတွေလည်း ပျက်စီးသွားတဲ့အတွက် တရွာလုံးနီးပါးရွေ့ ပြောင်းရွေ့ပေးနေရ တယ် လို့ ကူညီပေးနေတဲ့ဒေါ်ရွယ်တောင်က ပြောပါတယ်။
လက်ရှိအချိန်ထိ ဒဏ်ရာရသူတွေဟာ လိုင်ဇာဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်။ ကျန်တဲ့စစ်ရှောင်တွေကတော့ နီးစပ်ရာဆွေမျိုးတွေနေအိမ်နဲ့ လိုင်ဇာမြို့ရှိ ဝေကြိုင်(Woi Chyai Camp)မှာ စစ်ရှောင်နေကြရတာဖြစ်တယ်။
စစ်ရှောင်တွေအတွက် စားသောက်နေထိုင်မှုနဲ့အတူ စောင်၊ အနွေးထည်၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေအပြင် ကလေးအဝတ်အထည်တွေနဲ့ အမျိုးသမီးတွေအတွက် အတွင်းခံ၊ လစဉ်သုံးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ဒေါ်ရွယ် တောင်က ဆိုပါတယ်။
ဒါ့အပြင် မိခင်သေဆုံးသွားတဲ့ လသားကလေးငယ် သုံးဦးအတွက်လည်း နို့ဗူးတွေ၊ နို့မှုန့်တွေနဲ့ အဟာရဖြည့်စွက်စာတွေပါ လို အပ်နေတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်က အရပ်သားတွေကို အခုလိုပစ်မှတ်ထားတိုက်ခိုက်ပြီး အစုလိုက်အပုံလိုက်သေဆုံးရမှုမှာ ကချင်ပြည်နယ်မှာ မုန်လိုင်ခက်ကျေးရွာဖြစ်စဉ်က ပထမဆုံးတော့မဟုတ်ပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်၊ ည ၈ နာရီခွဲဝန်းကျင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အနန့်ပါမှာ ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) တည်ထောင်ခြင်း အထိမ်းအမှတ်ပွဲကျင်းပနေစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ခဲ့တာဖြစ်တယ်။
ဒီဖြစ်စဉ်မှာလည်း ပြည်သူတွေအပြင် အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ KIO အရာရှိ၊ အရာထမ်းတွေ အပါအဝင် စုစုပေါင်းလူဦးရေ ၈၀ ကျော်သေဆုံးပြီး ၇၀ နီးပါးဒဏ်ရာရခဲ့ပါတယ်။ ဒီထဲမှာအမျိုးသမီးအများစုပါဝင်တယ်လို့ ကူညီ ကယ် ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။
အနန့်ပါ ဗုံးကြဲခံရမှုမှာလည်း ပြည်သူတွေဟာ ခန္ဓာကိုယ်တွေအပိုင်းပိုင်းပြတ်တောက်ပြီးသေဆုံးရသလို တချို့ဆိုအလောင်း တောင်ကောက်မရအောင် ကြေမွပျက်စီးသွားခဲ့တာဖြစ်တယ်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ စက်တင်ဘာလ ၃၀ ရက် မှအောက်တိုဘာလ ၆ ရက်အထိ လေကြောင်းတိုက်ခိုက်မှုအရေအတွက် အနည်းဆုံး လေးကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
KIA က စစ်အာဏာမသိမ်းခင်မှာ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင်ချုပ်ဆိုဖို့အတွက် ကချင်ပြည်နယ်ထဲ စစ်တပ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မဖြစ်စေဖို့ နှစ်နှစ်လောက် စစ်တပ်နဲ့ ညှိနှိုင်းကာ အပစ်ရပ်ခဲ့ကြတယ်။
အာဏာသိမ်းပြီးနောက် လူထုကို သွေးထွက်သံယိုဖြစ်အောင်မလုပ်ဖို့ ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ထံ စကားပါးခဲ့ပေမယ့် မပြေလည်ဘဲ မြစ်ကြီးနားမှာ ဆန္ဒပြနေတဲ့အမျိုးသား နှစ်ဦးသေဆုံးရပြီးနောက် KIA က စစ် မျက်နှာ ဖွင့်ကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်။
ဒါ့ကြောင့် အခုမုန်လိုင်ခက်ဖြစ်စဉ်ကလည်း စစ်တပ်က KIO/ KIA ကို ဖိအားပေးဖို့အတွက် အရပ်သားတွေကို အသုံးချနေတာ ဖြစ်တယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
နိုင်ငံရေးလေ့လာသူတစ်ဦးကလည်း “စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးက ပြည်သူတွေအပေါ် မတရားညှင်း ပန်း နှိပ်စက်ဖမ်းဆီးသတ်ဖြတ်တာ တွေတောက်လျောက်လုပ်တယ်။ နောက် စစ်သားတွေလိုက်နာရမယ့် စည်းကမ်းတွေ၊ လိုက် နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာ။” လို့ ထောက်ပြပါတယ်။
ဒီအတွက်လည်း စစ်တပ်ရဲ့ကျူးလွန်မှုတွေကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးအရေးယူသင့်တယ်လို့ သူက ယခုလိုဆိုပါတယ်။
“ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို စစ်တပ်က အခုလိုနည်းနဲ့ ဖြေရှင်းလို့မအောင်မြင်နိုင်ပါဘူး။ ဒီလိုလုပ်ရပ်တွေ အတွက် စစ်တပ်အနေနဲ့ မဖြစ်မနေတာဝန်ယူရမယ်။”