အနန့်ပါ တိုက်ခိုက်မှု တစ်နှစ်ပြည့်ပေမယ့် ကျန်ရစ်သူတွေ ကြေကွဲနေရဆဲ

October 23rd, 2023  •  Author:   Radio Free Asia  •  1 minute read

RFA Burmese | 2023.10.23

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အန့န်ပါကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အထိမ်းအမှတ်အကြိုနေ့ တေးဂီတပွဲကျင်းပစဉ် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည်ကို တွေ့ရစဉ်။ Photo Credit: Citizen Journalist

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ညက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာမှာ ကျင်းပနေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း (၆၂) မြောက် နှစ်ပတ်လည်နေ့ကြိုဆိုပွဲကို အာဏာသိမ်း စစ်ကောင်စီက လေကြေင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ခြောက်ဆယ်ကျော်သေဆုံးခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်သွားပါပြီ။ ဒါပေမဲ့ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအပါအဝင် လူအများအပြားကတော့ ဒီအဖြစ်အပျက်ကို အမှတ်ရနေဆဲပါပဲ။

အဲဒီအခမ်းအနားကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် KIA အဖွဲ့ဝင် ၄၆ ဦးနဲ့အတူ ကချင်အနုပညာရှင်၊ ဘာသာရေးဆရာနဲ့ အရပ်သား ၁၇ ဦး အပါအဝင် စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ အသက် (၃၇) နှစ်အရွယ် ခရစ်ယာန် ဘာသာရေးဆရာ နော်ထွယ်ရဲ့ ဇနီးဖြစ်သူ မမေဆန်းဇီက အဖြစ်ဆိုးကို ဒီနေ့အထိ မမေ့နိုင်ဘူးလို့ RFA ကိုပြောပါတယ်။

“အဖြစ်အပျက်တွေက ဖြစ်ပြီးသွားရင် လူတွေကလည်း ခဏပဲ အကုန်လုံး စိတ်မကောင်းဖြစ်ကြသလား ဘာလဲတော့မသိဘူး။ ဒါပေမဲ့ ဘယ်လိုမှမမေ့နိုင်ဘူး၊ မနေ့တစ်နေ့ကလိုပဲ။ သူ့ရဲ့ တစ်နှစ်ပြည့် ဆုတောင်းပွဲဆိုပြီး သူဆုံးတာ တစ်နှစ်ပြည့်ပြီဆိုပြီး တွေးလိုက်တာနဲ့ အဲဒီအချိန်တုန်းက ဝမ်းနည်းမှုကြီးက အကုန်လုံး အလုံးလိုက်ကြီး ပြန်ရောက်လာသလိုပဲ။ သူရှိချိန်နဲ့ မရှိချိန်ဆိုရင် မပျော်တော့ဘူးပေါ့။ ခက်ခဲတယ်၊ နေထိုင်စားသောက်ရေးကအစ အသက်ရှင်ဖို့ စိတ်၊ ခန္ဓာ အားလုံး အရမ်းခက်ခဲတယ်”

ဆရာနော်ထွယ်သေဆုံးတဲ့ တစ်နှစ်ပြည့် အောက်မေ့သတိရဆုတောင်းပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ မြစ်ကြီးနားမှာရှိတဲ့ ဆရာနော်ထွယ်ရဲ့မိသားစု အိမ်ခြံဝန်းမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

“အဖြစ်အပျက်တွေက ဖြစ်ပြီးသွားရင် လူတွေကလည်း ခဏပဲ အကုန်လုံး စိတ်မကောင်းဖြစ်ကြသလား ဘာလဲတော့မသိဘူး

မမေဆန်းဇီဟာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT)မှာ ကျမ်းစာကျောင်း တက်ရောက်နေသူပါ။ သူ့ရဲ့ ပထမနှစ်ကျောင်းစရိတ်ကို ခင်ပွန်းဖြစ်သူ ဆရာနော်ထွယ်က ထောက်ပံ့ပေးခဲ့ပေမယ့် အခုတော့ ဒုတိယနှစ်ကျောင်းအတွက် ဆွေမျိုးသားချင်းနဲ့ အပေါင်းသင်းမိတ်ဆွေတွေပေးတဲ့ အလှူငွေတချို့နဲ့သာ တက်ရောက်နေရပါတယ်။

ဆရာနော်ထွယ်ရဲ့ဖခင် ဦးအဇီးထင်ဆန်းက သားဖြစ်သူကိုယ်တိုင် မိသားစုတွေနဲ့ အတူနေထိုင်ဖို့ဆိုပြီး ဝယ်ထားတဲ့ ခြံဝန်းမှာ သူနဲ့အတူမနေရတာကြောင့် မပြည့်စုံတဲ့ အိမ်ထောင်စုဖြစ်သွားပြီလို့ RFA ကိုပြောပါတယ်။

“သူ ဝယ်ထားတဲ့ခြံမှာ သူနဲ့အတူမနေရတော့ ကျွန်တော်တို့က စိတ်မကောင်းဘူးပေါ့။ အိမ်ထောင်မှာ မပြည့်စုံတော့ဘူး၊ နွေးနွေးထွေးထွေး မရှိတော့ဘူး။ တစ်ခြမ်းပဲ့သွား သလိုကို ဖြစ်သွားတယ်။ ဒီမှာနေတဲ့ အိမ်သားတွေကလည်း ကိုယ့်ခြံဝန်းမှာ ကိုယ်နေရတယ်ဆိုတာပဲ ရှိတယ်။ ကျန်တဲ့ စိတ်ထိခိုက်မှုတွေက ကျွန်တော်တို့ မိသားစုမှာ နေ့တိုင်းဖြစ်နေတယ်။ ကျွန်တော်တို့ အိမ်ထောင်ရဲ့ ထိခိုက်နစ်နာမှုက အဲလိုပဲ ဖြစ်သွားပြီ။ ကျွန်တော်တို့အတွက်တော့ တွေးလေ စိတ်မကောင်းလေပဲ”

မိဘနှစ်ဦးစလုံးဟာ သားဖြစ်သူသေဆုံးသွားတာကို ဒီနေ့အထိ မယုံကြည်နိုင်သေးသလို ပြန်လာမလားဆိုတဲ့ မျှော်လင့်စိတ်နဲ့ နေ့တိုင်းဝမ်းနည်းမျက်ရည်ကျနေရတယ်လို့ ဆိုပါတယ်။

အနန့်ပါ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းကြည့်ရှုခွင့်ကိုလည်း စစ်ကောင်စီဘက်က တားဆီးပိတ်ပင်ခဲ့တာကြောင့် မိသားစုဝင်တွေဟာ မမြင်လိုက်ရဘဲ ဆုတောင်းပွဲသာ ကျင်းပခဲ့ကြရတာပါ။

 

သေဆုံးခဲ့သူတွေထဲမှာ နာမည်ကျော် ကချင်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် အော်ရာလီနဲ့ ကီးဘုတ်တီးသူ ကိုကင်း (ခ) ဇခုန်ဇော်မွန်းတို့လည်း ပါဝင်ပါတယ်။

ကချင်အဆိုတော်အော်ရာလီရဲ့ ဇနီးဖြစ်သူ မပန်ဆန်းအောင်က သူ့ခင်ပွန်း မရှိတဲ့နောက်ပိုင်း အခက်အခဲတွေ အများကြီးကြုံရသလို အရွယ်မရောက်သေးတဲ့ သားသမီး လေးဦးမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

“အိမ်ထောင်ဦးစီး မရှိတော့ဘူးဆိုတဲ့ အချိန်မှာ ကျွန်မတို့အိမ်ထောင်မှာ အရမ်းကြီး လစ်ဟာသွားတာ အများကြီး ရှိတယ်ပေါ့နော်။ ဥပမာ စီးပွားရေးအရသာ မကဘူး ကျွန်မတို့ အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ဦးစီးရှိနေတဲ့အခါမှာ လုံခြုံမှု၊ စိတ်၏လုံခြုံခြင်း၊ ကိုယ်၏လုံခြုံခြင်း အပြည့်အဝရတယ်။ သားသမီးတွေရဲ့ စိတ်ဒဏ်ရာ အရမ်း ရရှိခဲ့တယ်။ ဖခင်တစ်ယောက်ရဲ့ ချင်ခြင်းမေတ္တာ၊ ဖခင်တစ်ယောက်ရဲ့ လုံခြုံမှု၊ ဖခင်တစ်ယောက်ရဲ့ အိမ်ထောင့်တာဝန်အပေါ်မှာ လုပ်ပေးနိုင်သော အရာအားလုံး ဒီအရာတွေက ကျွန်မတို့မိသားစုထဲမှာ မရရှိတော့ဘူး၊ ဆိုတော့ ကျွန်မတို့ အရမ်းကိုကြိုးစားနေရတယ်၊ အရမ်း အခက်အခဲလေးတွေလည်း ကြုံတွေ့နေရတယ်”

သူတို့မိသားစုကြုံရတဲ့ ဒီလိုဆိုးရွားတဲ့အဖြစ်ဆိုးကို အခြားမိသားသူတွေမကြုံစေချင်သလို အမျိုးသားဖြစ်သူ သေဆုံးခဲ့တဲ့အပေါ်ကိုလည်း တစ်ချိန်ချိန်မှာ တရားမျှတမှုကို လိုချင်တယ်လို့ မပန်ဆန်းအောင်က ပြောပါတယ်။

အနန့်ပါတိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်ခါနီး အောက်တိုဘာလ ၉ ရက်မှာလည်း လိုင်ဇာမြို့ မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည်စခန်းကို လေကြောင်းက တိုက်ခိုက်ခံရတဲ့အတွက် ကလေး ၁၁ ဦးအပါအဝင် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်တွေထဲမှာ မိသားစုလိုက် အသက်ဆုံးရှုံးခဲ့ရတာတွေ ရှိသလို၊ ရှိသမျှ ကလေးတွေ အသက်သေဆုံးခဲ့ရလို့ ကြေကွဲဝမ်းနည်းနေရတဲ့ မိခင်တွေလည်း ရှိပါတယ်။

 

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသည့် KIA တပ်မဟာ ၉ နယ်မြေ၊ အနန့်ပါ (A Nang Pa) ဈေးဆိုင်တန်း ယခင်ဓာတ်ပုံ။ (Photo: Gunmaw Sumlut/Facebook)
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသည့် KIA တပ်မဟာ ၉ နယ်မြေ၊ အနန့်ပါ (A Nang Pa) ဈေးဆိုင်တန်း ယခင်ဓာတ်ပုံ။ (Photo: Gunmaw Sumlut/Facebook)

 

ဆရာနော်ထွယ်ရဲ့ ဇနီးဖြစ်သူ မမေဆန်းဇီကတော့ ဖခင်မဲ့သွားတဲ့ တစ်နှစ်ကျော်အရွယ် သူ့သမီးကို သနားမိသလို သူ့သမီးလိုအဖြစ်ဆိုးနဲ့ ကြုံနေရတဲ့ ကလေးတွေအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ RFA ကို ပြောပါတယ်။

“ဝမ်းနည်းနေတဲ့စိတ်တွေ အားလုံးရဲ့စိတ်ကို ဖြေပေးနေတဲ့သူရှိလို့ပေါ့နော်။ ဒါပေမဲ့ သူ့အတွက်ကျတော့ သနားတယ်။ သူ့အတွက် သနားတယ်ဆိုပြီး တွေးလိုက်တဲ့အချိန်မှာ သူတစ်ယောက်တည်း မဟုတ်ဘူး။ သူ့လိုမျိုး အများကြီး သနားစရာကောင်းတဲ့ ကလေးတွေ ဘယ်နှစ်ယောက်ရှိမလဲ။ အခုရှိနေတာတွေရော နောက်ထပ် ဘယ်နှစ်ယောက် ထပ်တိုးလာမလဲဆိုတဲ့ဟာမျိုးလေးတွေ တွေးပြီးမှ မခံစားနိုင်ဘူး။ သမီးနဲ့ကျွန်မတို့ နှစ်ယောက်ရှိခြင်းက အနန့်ပါဆိုတာက တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တစ်ခုဖြစ်တယ်ဆိုတဲ့ သက်သေဖြစ်ရမယ်ပေါ့။ အဲလိုတွေးပြီးမှပဲ ရှေ့ဆက်တယ်”

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ကချင်ပြည်နယ်မှာ လူအစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ အနန့်ပါလေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှုသုံးကြိမ် ပြုလုပ်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အောက်တိုဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ KIA နဲ့ PDF တပ်ဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် အနန့်ပါကို လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ အရပ်သားတွေမဟုတ်ဘဲ KIA နဲ့ PDF တွေသာဖြစ်တယ်လို့ ပြောထားပါတယ်။

မုန်လိုင်ခက်တိုက်ခိုက်မှုကိုလည်း သူတို့လက်ချက်မဟုတ်ဘဲ KIA ရဲ့ အမိုနီယမ်နိုက်ထရိတ် (ယမ်း) လက်နက်ရုံ မတော်တဆပေါက်ကွဲမှုကြောင့် ဖြစ်ရတာလို့ စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြောဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကို သူတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုထားပေမယ့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတစ်ခုအဖြစ် ဒီလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချထားပါတယ်။


View the original