21 October 2023
စန်းမော်အောင် (ဝါရှင်တန်ဒီစီ) | 2023.10.21
ခြေထောက် တစ်ဖက်ဆုံးရှုံးလိုက်ရပေမဲ့ ဘဝကိုအရှုံးမပေးဘဲ အနုပညာအလုပ်တွေကို ဆက်လုပ်နေတဲ့ ကိုကောင်းကောင်း (ခေါ်) ကျီးကန်းကို တွေ့ရစဉ်။ Photo Credit: Kaung Kaung
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာ သူတတ်ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးပညာနဲ့ ပါဝင်နေသူကတော့ ကိုကောင်းကောင်း (ခေါ်) ကျီးကန်းပါ။
ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ကူညီနေတဲ့ စားဘဲကြီးရဲ့ ဟင်းချက်တဲ့အစီအစဉ်အပါအဝင် အာဏာရှင်ဆန့်ကျင်ရေးနဲ့ သက်ဆိုင်တဲ့ ရုပ်သံရိုက်ကူးရေးတွေမှာ ပါဝင်လှုပ်ရှားနေသူပါ။
“တော်လှန်ရေးက မြန်မြန်နိုင်မှရမယ်။ ဘာလို့လဲဆိုတော့ ဒုက္ခတွေက ရေရှည်တောင့်ခံနိုင်ဖို့က စိန်ခေါ်မှုအများကြီးရှိတယ်။ နိုင်တဲ့နေရာကနေ မြန်မြန်တိုက်ချင်တယ်။ အဲ့အတွက်ကြောင့်မို့လို့ ပိုင်ပိုင်နိုင်နိုင်ပဲ ခြေထောက်ကို ဖြတ်ချလိုက်တယ်။” ကိုကောင်းကောင်း (ခေါ်) ကျီးကန်း
“မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်” ဆိုတဲ့ ရုပ်ရှင်အပါအဝင် အာဏာရှင် ဆန့်ကျင်တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ရိုက်ကူးရေးတွေမှာ သရုပ်ဆောင်အဖြစ် သူပါဝင်လေ့ရှိပါတယ်။
သူဟာ စစ်အာဏာမသိမ်းခင်က ကင်မရာရိုက်ကူးရေးကို စိတ်ဝင်တစားလေ့လာခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ အခမ်းအနားတွေမှာ ရိုက်ကူးရေးလုပ်ရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့သူပါ။
စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ သူချစ်တဲ့ ကင်မရာကို စွန့်လွှတ်ပြီး စစ်တပ်ကို လက်နက်ကိုင် တော်လှန်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲကို ဝင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ သူရဲ့ မိခင်ဟာ အသည်းကင်ဆာရောဂါ နောက်ဆုံးအဆင့် ခံစားနေရချိန်မှာပဲ သူနဲ့ သူ့ညီလေးဟာ လွတ်မြောက်နယ်မြေတစ်ခုကို ထွက်ခဲ့တာပါ။
“စိတ်တစ်ခုတည်းပဲပေါ့နော်။ ကျွန်တော်တို့ အခုလက်ရှိမှာ ဖြစ်ပျက်နေတဲ့ ဒုက္ခမှန်သမျှသည် စစ်အာဏာရှင်ကြောင့် အာဏာရှင်ရူး လူတစ်စုကြောင့်ဖြစ်နေတာ ပြီးတော့ ပညာရေးစနစ်ကလည်း အားနည်းခဲ့တယ်ပေါ့နော်။ ကျွန်တော်တို့ခေတ် ကျွန်တော်တို့အသက်တွေ ဘဝတွေနဲ့ ရင်းပြီးတော့ ဒီစနစ်ဆိုးအားလုံးကို ကျွန်တော်တို့ အမြစ်ပြတ်ချေမှုန်းမယ်။ နောက်အနာဂတ်မျိုးဆက်တွေပါ ဒီလို ဖြစ်ရတဲ့ဒုက္ခဆိုးတွေ လုံးဝမရှိစေရဘူးဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ အဓိက ဖြတ်ကျော်ဖြစ်ပါတယ်။”
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှာ သူစစ်ပညာသင်ယူတဲ့အခါ ရဲဘော် ကျီးကန်းဆိုတဲ့ နာမည်နဲ့ စစ်ပညာသင်ယူရင်း တစ်ဖက်မှာလည်း ဒရုန်းတပ်ဖွဲ့မှာ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ သူတို့လေ့လာထားတဲ့ ဒရုန်းပညာနဲ့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲတွေအတွက် စစ်လက်နက်ထုတ်လုပ်တပ်ဆင်နေချိန်မှာပဲ ၂၀၂၂ ခုနှစ် ဧပြီလမှာတော့ သူ့အတွက် ကံကြမ္မာဆိုး ဝင်ရောက်လာခဲ့ပါတော့တယ်။
“စစ်ရေးအရ လက်ဦးမှုယူမယ်ဆိုပြီး ကျွန်တော်တို့ ရှေ့တန်းမှာပဲ ပစ္စည်းတွေထုတ်ကြတယ်။ အဲဒါ တစ်ပတ်လောက်ရှိပြီပေါ့နော်။ အဲ့ကနေမှတစ်ဆင့် ကျွန်တော်တို့ သွားတိုက်ဖို့အတွက် ကျွန်တော်တို့ ပစ္စည်းတွေ နောက်ဆုံးဆင်တဲ့အချိန်မှာ ကျွန်တော်တို့ ၇ နာရီ မိနစ်ငါးဆယ်ပေါ့။ ၂၀၂၂ ဧပြီ ၆ ရက်နေ့မှာ ပေါက်ကွဲမှု ဖြစ်ကြတယ်ပေါ့။ အဲဒီပေါက်ကွဲမှုမှာ ကျွန်တော်တို့ ပစ္စည်းအတော်များများ ပါသွားတယ်။ အိမ်တစ်လုံး လုံးဝပြာကျသွားတယ်။ ၁၁ ယောက်ထိတယ်။ အဲ့ထဲမှာ ခြောက်ယောက်ပွဲချင်းပြီး ကျတယ်။ အဲ့(ပွဲချင်းပြီးသေဆုံးသူတွေ)ထဲမှာ ကျွန်တော့်ညီပါတယ်။ ကျွန်တော်အပါအဝင်သုံးယောက်က ပြင်းထန်ဒဏ်ရာရတယ်ပေါ့လေ။”
အဲဒီပေါက်ကွဲမှုမှာ ညီဖြစ်သူ သေဆုံးခဲ့ရသလို သူလည်း ခြေထောက် တစ်ဖက်ဆုံးရှုံးလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ သူ့ခြေထောက်ကို အကောင်းပတိပြန်ဖြစ်အောင် အချိန်ယူဆေးကုသဖို့ လိုအပ်ပေမဲ့ ကုန်ကျစရိတ်မတတ်နိုင်တာကြောင့် ခြေထောက်ကို ဖြတ်ပစ်လိုက်ဖို့ပဲ သူဆုံးဖြတ်ခဲ့ပါတယ်။
“တိုင်ပင်လိုက်တဲ့အချိန်မှာ ကုန်ကျစရိတ်က တော်တော်များတယ်ဆိုတော့ ကျွန်တော့်အတွက် မလိုအပ်ဘူး။ တကယ်တမ်းပြောရရင် ခြေတုနဲ့လည်း လမ်းလျှောက်လို့ရတယ်။ အိပ်ရာထဲမှာ နှစ်နှစ်လောက်ကြီးလည်း လှဲမနေနိုင်ဘူး။ သူများအကူအညီလည်း မယူချင်ဘူး။ အဲတော့ ကျွန်တော်တို့က တော်လှန်ရေးက မြန်မြန်နိုင်မှရမယ်။ ဘာလို့လဲဆိုတော့ ဒုက္ခတွေက ရေရှည်တောင့်ခံနိုင်ဖို့က စိန်ခေါ်မှုအများကြီးရှိတယ်။ နိုင်တဲ့နေရာကနေ မြန်မြန်တိုက်ချင်တယ်။ အဲ့အတွက်ကြောင့်မို့လို့ ပိုင်ပိုင်နိုင်နိုင်ပဲ ခြေထောက်ကို ဖြတ်ချလိုက်တယ်။”
ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရပေမဲ့ စိတ်ဓာတ်မကျဘဲ အာဏာရှင်တော်လှန်ရေးမှာ သူဝါသနာပါရာ ကျွမ်းကျင်တဲ့ ရိုက်ကူးရေးပညာနဲ့ ဆက်လက်လျှောက်လှမ်းနေပါတယ်။
“ဆက်လျှောက်ဆိုပြီးတော့ ပရိုဂရမ်တစ်ခုလုပ်တယ်ပေါ့နော်။ ဆက်လျှောက်ရဲ့ သဘောတရားကျတော့ ဘဝတစ်ခုမှာ အပြောင်းအလဲ အချိုးအကွေ့တွေ အများကြီးပဲ။ တွေ့ကြုံရတယ်။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မရောက်ရောက်အောင် ဆက်လျှောက်ဖို့ လိုအပ်တယ်ပေါ့”
ညီဖြစ်သူလည်း အသက်ဆုံးရှုံးပြီးနောက် မိခင်ဖြစ်သူလည်း ဆုံးပါးသွားပြီဖြစ်တဲ့ သူ့အတွက် ပြန်စရာအိမ်မရှိတော့ဘူးလို့ ဆိုပါတယ်။ သူ့လို ဘဝတူ မသန်စွမ်းတွေကို ကူညီပေးနိုင်ဖို့ သူကြိုးစားနေပါတယ်။
“စစ်ဘေးကြောင့် ဒုက္ခရောက်တဲ့နေရာတွေအများကြီးရှိတယ်။ အဲ့ထဲမှာမှ အဓိက ဒီမြေမြှုပ်မိုင်းတွေနဲ့ပတ်သက်လို့ရှိရင် မိုင်းရှာရတဲ့ကိစ္စရပ်တွေ ပြီးရင် Disable တွေနဲ့ ပတ်သက်လို့ရှိရင် ခြေတုကိစ္စတွေ သူတို့စိတ်ပိုင်းဆိုင်ရာ ပြန်လည်သန်မာဖို့အတွက် လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ စဉ်းစားထားတာတော့ရှိတယ်။ သေသွားရင်တော့ ပြီးပြီပေါ့နော်။ သေဖို့ကလည်း မြန်မာနိုင်ငံထဲမှာပဲ သေမယ်။ အပြင်မှာတော့ မသေဘူး။ အဲဒီလိုတော့ စဉ်းစားထားပါတယ်”
ကိုကောင်းကောင်း (ခေါ်) ကျီးကန်းရဲ့ အိပ်မက်ကတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့ ကြိုးစားသွားမှာဖြစ်သလို တော်လှန်ရေး ပြီးသွားတဲ့အခါ စစ်ကြောင့် နောက်ဆက်တွဲခံစားခဲ့ရတဲ့ တိုင်းရင်းသားဒေသတွေကို ကူညီသွားဖို့ပဲဖြစ်ပါတယ်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.