အမျိုးသမီးဖြစ်ခြင်းကြောင့် အင်ဂျင်နီယာဖြစ်ခွင့်မရခဲ့သူရဲ့ မင်းသမီးအိပ်မက်

October 18th, 2023  •  Author:   Honest Information  •  1 minute read
Featured image

ခင်ဘုန်းမို့

မင်းသမီးဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ ဆိုင်းသံဗုံသံတွေကြားမှာစည်းချက်ညီညီနဲ့ ကပြဖျော်ဖြေနေ ပါတယ်။

အမျိုးသမီးဖြစ်သူကပြနေတဲ့နေရာက မီးရောင်စုံ‌တွေနဲ့ကြီးမားတဲ့ ဇာတ်ခုံတစ်ခုမဟုတ်သလို မြန်မာ့ရိုးရာဆိုင်းဝိုင်း တွေလည်း မရှိပါဘူး။ မြတ်ခင်းပြင်တစ်ခုပေါ်မှာပါ ။

အားပေးကြည့်ရှုနေတဲ့ ပရိတ်သတ်တွေကလည်း မြန်မာလူမျိုးအနည်းငယ်သာပါဝင်ပြီး နိုင်ငံခြားသားတွေက အများစုပါ။ အကြောင်းကတော့ အမျိုးသမီးကပြဖျော်ဖြေနေတာက အငြိမ့်ဖျော်ဖြေပွဲတစ်ခုမဟုတ်ဘဲ ပြည်ပနိုင်ငံတစ်ခုမှာ မြန်မာအက ဖျော်ဖြေနေတာပဲဖြစ်တယ်။

ဇာတ်ခုံပေါ်မှာမဟုတ်ပေမယ့် မင်းသမီးဝတ်စုံအပြည့်အစုံ ဂန္တဝင်သီချင်းတွေကြားမှာ  စည်းချက်ညီညီ  ကပြဖျော်ဖြေနေတာ ကတော့ ပြည်ပရောက်မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့မလွင်ပါ။

မလွင်ဟာအင်္ဂလန်နိုင်ငံမှာနေထိုင်ပြီး တော်လှန်ရေးအတွက်လိုအပ်တဲ့ ရန်ပုံငွေရှာဖွေတဲ့နေရာတွေမှာ ပါဝင်နေပါတယ်။ လွန်ခဲ့ တဲ့ ၁၀ စုနှစ် နှစ်ခုလောက်ထဲက ပြည်ပကိုကျောင်းဆက်တက်ဖို့ ရောက်လာပြီး ကျောင်းပြီးတော့အလုပ်လုပ်ကာ ရိုးရိုးရှင်းရှင်း ဝါသနာပါတဲ့အလုပ်တွေလုပ်ရင်းနေထိုင်ခဲ့တဲ့ မလွင်တစ်ယောက်စစ်အာဏာသိမ်းတဲ့အခါမှာတော့ တော်လှန်ရေးအတွက်      ကျရာ နေရာကနေပါဝင်ဖို့အကြောင်းဖန်လာပါတယ်။

စစ်အာဏာသိမ်းတဲ့အစောပိုင်းကာလတွေကတည်းက ပြည်ပမှာနေတဲ့စိတ်တူကိုယ်တူမြန်မာတွေနဲ့စုစည်းပြီး မြန်မာနိုင်ငံ အတွက် တတ်နိုင်တဲ့ဘက်ကပါဝင်ခဲ့တယ်။

ဆန္ဒပြတာ၊ သံရုံးတွေကိုစာပို့တာ၊ ယူကေမှာရှိတဲ့ စစ်ကောင်စီသံရုံးကအမတ်ကို   စီဒီအမ်မှာပါဝင်ဖို့ တိုက်တွန်းတာ စတာတွေ ပြုလုပ်ခဲ့တယ်။ တခြားတက်ကြွလှုပ်ရှားသူတွေနဲ့အတူ မြန်မာစစ်ကောင်စီသံရုံးရှေ့၊ တရုတ်သံရုံးရှေ့၊ ပါလီမန်စတဲ့နေရာ တွေမှာ မြန်မာပြည်ရဲ့စစ်အာဏာသိမ်းတဲ့အကြောင်း Projector နဲ့ထိုးပြီးအသိပေးတာတွေလုပ်ခဲ့တယ်။

“ အဲ့လိုလုပ်တုန်းကလည်းကျွန်မတို့ဒီနိုင်ငံရဲ့ အစိုးရရဲ့ခွင့်ပြုချက်တွေမယူဘူးဆိုတော့ ထိုးထိုးပြေးပြေးပေါ့ အဲ့လိုတွေ လုပ်ခဲ့ရ တယ်။” လို့ မလွင်ကပြောပြပါတယ်။

ဒါ့အပြင်မြန်မာအရေးအတွက်ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေတော်တော်များများကို ကူညီစီစဉ်ဆောင်ရွက်တာတွေ၊ ရန်ပုံငွေရှာတဲ့ ပွဲတွေမှာ ကိုယ်တတ်တဲ့အနုပညာနဲ့ပါဝင်တာစတာတွေပြုလုပ်ခဲ့တယ်။

ပုံစာ – တော်လှန်ရေးမှာ ဝါသနာပါရာ အနုပညာနဲ့ ပါဝင်နေသူ မလွင် 

ခေါင်းတုံးရိတ်ပြီးရန်ပုံငွေရှာသူ

ပြီးခဲ့တဲ့၂၀၂၁ခုနှစ်က နွေဦးတော်လှန်ရေးအတွက် အလှူငွေရရှိရေး Challenge ခေါ်ခေါင်းတုံးရိတ်ခဲ့ကြတဲ့ အင်္ဂလန်ရောက် မြန်မာအမျိုးသမီး သုံးဦးထဲမှာ မလွင်တစ်ယောက်လည်းပါဝင်ပါတယ်။

မြန်မာပြည်မှာအများစုက သာသနာ့ဘောင်ဝင်တဲ့အခါ၊ ရာသီဥတုပူတဲ့အခါ၊ ရောဂါတစ်မျိုးမျိုးဖြစ်တဲ့အခါ စတာတွေကြောင့် ခေါင်းတုံးရိတ်တဲ့ အလေ့အထရှိကြပါတယ်။ တခြားတိုင်းပြည်တွေမှာတော့ ကင်ဆာဆေးသွင်းတာ၊ တခြားကျန်းမာရေး အခြေ အနေတွေကြောင့်သာ ခေါင်းတုံးရိတ်ကြတာပါ။

“ သာမာန်အနေနဲ့ ကတုံးတုံးတာမရှိဘူး။ ကျွန်မတို့က စိန်ခေါ်မှုတစ်ခုအနေနဲ့ မြန်မာပြည်အတွက် တုံးတယ်ဆိုတာမျိုးဖြစ် အောင်တုံးလိုက်တာပါ။”လို့ ခေါင်းတုံးရိတ်ရန်ပုံငွေပွဲမှာ ပါဝင်ခဲ့ပုံကို မလွင်က ရှင်းပြပါတယ်။

မလွင်ဟာ ဆံပင်ကိုတန်ဖိုးထားသူတစ်ဦးဖြစ်ပြီး သူ့ဘဝမှာ ဆံပင်ကောက်တာကိုတစ်ခါလောက်သာလုပ်ဖူးခဲ့သူပါ။ ဆံပင် ဆေးဆိုးဖို့ကိုလည်း အကြိမ်ကြိမ်စဉ်းစားဖူးပေမယ့် တစ်ခါမှအကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး။  အသက်(၁၆)နှစ် မယ်သီလ ရှင်ဝတ်တုန်းကတစ်ခါကလွဲလို့ ခေါင်းတုံးရိတ်ဖူးတဲ့အချိန်ကရှားပါတယ်။ ဆံပင်ကိုအရမ်းထိန်းသိမ်းပြီး အထူးဂရုစိုက် နေတာ မျိုးမဟုတ်ပေမယ့် သူဆံပင်ကိုတော့ မက်မောတယ်လို့ဆိုပါတယ်။

ဒါပေမယ့်တော်လှန်ရေးအတွက် ဆံကေသာကိုပေးလိုက်ရတာကိုတော့ နှမြောတွန့်တိုခြင်းမရှိခဲ့ပါဘူး။ တခြားရန်ပုံငွေ ရှာတဲ့ နည်းလမ်းတွေရှိပေမယ့်ခေါင်းတုံးရိတ်ပြီးရန်ပုံငွေရှာတာက ဆံပင်မရှည်မချင်း၊ ခေါင်းတုံးရိတ်ထားတာကိုမြင်တိုင်း ဘာကြောင့် ခေါင်းတုံးရိတ်တာလဲလို့လာမေးကြသူတွေကို မြန်မာပြည်မှာဖြစ်ပျက်နေတဲ့အကြောင်းတွေကို ရှင်းပြဖြေပေးချင်တာကြောင့် ဒီနည်းလမ်းကို မလွင်ရွေးချယ်ခဲ့ပါတယ်။

“ အညာကမီးလောင်ပြာကျဆုံးရှုံးခဲ့ရတဲ့ ကိုယ့်လူမျိုးတွေ ခံနေရတဲ့အတွက်လည်းပြောမပြတက်အောင် နာကျည်းတယ်။ ဒီလူတွေအတွက်လည်းခံပြင်းတယ်။ ဒါပေမယ့်ကျွန်မတို့လုပ်ပေးနိုင်တာကို လုပ်ပေးရတဲ့အတွက် ပြောမပြတတ်အောင် ကြည် နူးမိပါတယ်။” လို့ မလွင်က ဖွင့်ဟပါတယ်။

ဒီChallenge ကရရှိတဲ့ရန်ပုံငွေတွေကို စစ်ကိုင်းတိုင်းကစစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းသွားဖို့ရည်ရွယ်ထားတာဖြစ်ပြီး Challenge ပြုလုပ်တဲ့နေ့မှာပဲ ဗြိတိသျှသုံးငွေ ပေါင်စတာလင်တစ်သောင်းကျော် ကောက်ခံရရှိခဲ့ပါတယ်။

၂၆ မိုင်လမ်းလျှောက်ပွဲမှာပါဝင်

၂၀၂၃ခုနှစ်ဩဂုတ်လကပြုလုပ်ခဲ့တဲ့ ၂၆မိုင်ခြေလျင်လမ်းလျှောက်ပွဲမှာလည်း စီစဉ်သူအဖြစ် မလွင်တစ်ယောက်ပါဝင်ခဲ့တယ်။              လူပေါင်းလေးဆယ်ကျော်ပါဝင်တဲ့ လမ်းလျှောက်ပွဲဟာ လန်ဒန်မြို့အနောက်တောင်ဘက်မှာလူစုပြီး မြို့လယ်အထိ ချီတက် ခဲ့ကြတယ်။

မလွင်ကတော့ ကိုယ်တိုင်လမ်းလျှောက်သူတွေထဲမှာ မပါဝင်ခဲ့ပေမယ့်နောက်ကနေ ရေပူရေချမ်းကမ်းတဲ့အဖွဲ့ကပါပြီး           လမ်း လျှောက်သူတွေလိုအပ်သမျှကိုကူညီခဲ့ပါတယ်။

ဒီလမ်းလျှောက်တဲ့လှုပ်ရှားမှုကနေ စတာလင်ပေါင်လေးသောင်းကျော်ရရှိခဲ့ပြီး ဒီငွေတွေကို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ကျန်းမာရေးနဲ့လူကယ်ပြန်ဝန်ကြီးတွေကတစ်ဆင့် မြန်မာပြည်သူတွေဆီပေးလှူနိုင်ခဲ့တယ်။

မြန်မာအကနဲ့ရန်ပုံငွေရှာ

မလွင်ဟာ အထက်တန်းကျောင်းသူဘဝကတည်းက ကျောင်းကပွဲတွေမှာ အငြိမ့်တွေပြဇာတ်တွေနဲ့ရင်းနှီးခဲ့ပါတယ်။ မြန်မာ အကနဲ့ရင်းနှီးခဲ့ပေမယ့် စနစ်တကျ ကတတ်တာမျိုးတော့မဟုတ်ပါဘူး။ ဒါကြောင့်နဂိုကတည်းက မြန်မာအကကို စိတ်ဝင် စားခဲ့တဲ့မလွင်ဟာ လွန်ခဲ့တဲ့လေးနှစ်ကစပြီး ဆရာမတစ်ဦးနဲ့ အွန်လိုင်းကနေတစ်ဆင့် မြန်မာအကကို စနစ်တကျသင်ကြားခဲ့ တယ်။

တခြားအလုပ်တွေလုပ်ရင်း  မြန်မာအကကိုတစ်ပတ်တရက်နဲ့ သုံးနှစ်ကျော်ကြာသင်ယူခဲ့တယ်။  မြန်မာ့အနုပညာကို မြတ်နိုး တဲ့မလွင်တစ်ယောက်  လက်ရှိမှာလည်း မဟာဂီတနဲ့ပတ်သက်တာတွေကို လေ့လာသင်ယူနေပါတယ်။ မြန်မာအကနဲ့ ပတ်သက်ပြီး သီးသန့်အသက်မွေးဝမ်းကြောင်းမပြုပေမယ့် နိုင်ငံတကာပွဲတွေတွေမှာမြန်မာအကနဲ့ပတ်သက်တဲ့ Workshop လေးတွေ လုပ်တာ၊ တချို့ပွဲတွေမှာ မြန်မာအကနဲ့ဖျော်ဖြေတာ စတာတွေပြုလုပ်တယ်။

အဲ့ဒီကရရှိတဲ့အနုပညာကြေးကိုလည်း တော်လှန်ရေးအတွက်ပဲအသုံးပြုတယ်လို့မလွင်ကပြောပါတယ်။

“ပရော်ဖက်ရှင်နယ်အကအနေနဲ့ အမြဲလုပ်နေတာတော့မဟုတ်ပါဘူး။ အချိန်ရရင်ရသလို အဆင်ပြေရင်ပြေသလို မြန်မာအက တွေနဲ့မြန်မာပြည်အကြောင်းကို နိုင်ငံတကာကသိအောင် မြန်မာအနုပညာကို ကမ္ဘာကကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်အောင် အတွက် ဖျော်ဖြေဖြစ်ပါတယ်။” လို့ မလွင်က ပြောပါတယ်။

မြန်မာအကကို စိတ်ဝင်စားချစ်မြတ်နိုးတဲ့မလွင်ဟာ တော်လှန်ရေးရန်ပုံငွေရှာတဲ့နေရာမှာလည်း မြန်မာအကနဲ့ ကပြဖျော်ဖြေ ကာ ပါဝင်ဖြစ်ခဲ့တယ်။

“ သက်ြန်ဆိုရင် ကျွန်မရဲ့ကိုယ်ပိုင်သီချင်းနဲ့ ကဖြစ်တယ်။များသောအားဖြင့် ကိုယ်ပိုင်သီချင်းလေးတွေနဲ့ကဖြစ်တယ်။ မဟုတ် ဘူးဆိုရင် အချိန်အခါနဲ့အခါအလျှောက် သီချင်းလေးတွေနဲ့ကဖြစ်ပါတယ်။   အငြိမ့်သီချင်းတွေနဲ့ ကဖြစ်ပါတယ်။” လို့ မလွင်က ပြောပါတယ်။

ဒါ့အပြင်မလွင်ဟာအနုပညာအပြင် လက်မှုပညာကိုလည်းစိတ်ဝင်စားသူဖြစ်တယ်။ အရင်ကတော့ မြန်မာအကျီတွေကို ကိုယ့် ဘာကိုယ်ချုပ်ဝတ်တာ၊ နီးစပ်သူတွေကိုချုပ်ပေးတာတွေပြုလုပ်ခဲ့ပေမယ့်

နောက်ပိုင်းမှာတော့ နီးစပ်တဲ့တော်လှန်ရေး ညီကိုယ်မောင်နှမမိသားစုတွေကိုပါ မြန်မာအကျီချုပ်ပေးဖြစ်ခဲ့တယ်။ မြန်မာ အကျီချုပ်ပြီးရတဲ့ငွေတွေကို    တော်လှန်ရေးအတွက်အသုံးပြုတယ်။ မလွင်ဟာကိုယ်တက်တဲ့ အနုပညာ၊ လက်မှုပညာတွေနဲ့ တော်လှန်ရေးမှာ ကျရာနေရာက ပါဝင်နေတာပဲဖြစ်တယ်။

ကျားမခွဲခြားတဲ့ပညာရေးစနစ်ကြောင့် အိပ်မက်ကိုလက်လျော့ခဲ့ရ

ရန်ကုန်မှာမွေးပြီးအညာဒေသမှာကြီးပြင်းခဲ့တဲ့ မလွင်ဟာမန္တလေးတက္ကသိုလ်မှာ တက်ပြီးနောက်တော့ ရန်ကုန်တက္ကသိုလ် ကို ပြောင်းကာဘွဲ့ရခဲ့ပါတယ်။ ငယ်ဘဝအိပ်မက်ကတော့ မင်းသမီးလည်းဖြစ်ချင်ခဲ့ပြီး အင်ဂျင်နီယာလည်းဖြစ်ချင်ခဲ့သူပါ။

အနုပညာကိုရှုးသွပ်ခဲ့တဲ့မလွင်တစ်ယောက် ငယ်ငယ်ကတည်းက အငြိမ့်သံ၊ဆိုင်းသံတွေကိုစွဲမက်ခဲ့သူဖြစ်တယ်။

နွေရာသီရောက်တိုင်း မလွင်တို့မိသားစုအညာကို အလည်သွားတဲ့အခါ ဆိုင်းဝိုင်းတွေပါတဲ့ ရှင်ပြုအလှူတွေပေါတဲ့ အချိန် ကာလတွေနဲ့ ကြုံကြိုက်ရမြဲ။

တစ်ရက်မှာတော့ လေးနှစ်အရွယ်သာရှိသေးတဲ့မလွင်  အိမ်ကပျောက်သွားတော့ တစ်အိမ်လုံးလိုက်ရှာခဲ့ကြတယ်။ မိသားစုနဲ့ ဆွေမျိုးတွေစိတ်ပူကာလိုက်ရှာပြီး နောက်ဆုံးမှာတော့ဆိုင်းဝိုင်းရှေ့မှာ  ငုတ်တုတ်လေးနဲ့ဆိုင်းတီးတာကို   နားထောင်နေတဲ့ မလွင်ကို ရှာတွေ့ခဲ့ကြတယ်။ အဲ့ဒီအချိန်ကတည်းက မြန်မာအကနဲ့ပတ်သက်တဲ့ ချစ်စိတ်တွေကိန်းအောင်းနေခဲ့တာဖြစ်တယ်။

“အဲ့လောက်ထိအနုပညာကို မက်မက်စက်စက်ရှိခဲ့ပါတယ်။” လို့ မလွင်က ပြောပါတယ်။

ဒါပေမယ့်ကျောင်းနေအရွယ်ရောက်လာတဲ့အခါမှာတော့ မြန်မာလူမျိုးမိဘတွေရဲ့ထုံးစံနဲ့ တိုင်းပြည်ရဲ့ပညာရေးစနစ်ကြောင့် ဝါသနာပါတဲ့အရာတွေထက် ပညာရေးကိုဦးစားပေးရမယ် ကျောင်းစာပဲသင်ရမယ်ဆိုတဲ့အတွက် မြန်မာအကနဲ့ ပတ်သက်ပြီး မျက်နှာချင်းမဆိုင်နိုင်ခဲ့ဘူး။

အင်ဂျင်နီယာဖြစ်ချင်ခဲ့တဲ့ မလွင်တစ်ယောက်ကျောင်းစာပဲအာရုံစိုက်ခဲ့ပေမယ့် ဖြစ်ချင်တဲ့ အင်ဂျင်နီယာတော့ဖြစ်မလာခဲ့ပါဘူး။ အကြောင်းကတော့ တက္ကသိုလ်ဝင်ခွင့်ကိုယောကျာ်းလေးရမှတ်နဲ့ မိန်းကလေးရမှတ်ခွဲထားတဲ့   မြန်မာပြည်ပညာရေးစနစ်ရဲ့ သတ်မှတ်ချက်ကြောင့်ပါ။  မလွင်ရဲ့အမှတ်ကကောင်းပေမယ့် အင်ဂျင်နီယာကျောင်းဝင်ခွင့်ကို ယောကျာ်လေးတွေအမှတ်ထက် မိန်းကလေးတွေအမှတ်ကို ပိုများပြီးသတ်မှတ်ထားတာကြောင့်ဖြစ်တယ်။

“ ကျွန်မသာယောကျာ်းလေးဆို အင်ဂျင်နီယာဖြစ်တယ်ပေါ့နော်။ မိန်းကလေးဖြစ်တဲ့အတွက် အင်ဂျင်နီယာ မဖြစ်ခဲ့ရပါဘူး။”  လို့ မလွင်ကပြောပါတယ်။

တော်လှန်ရေးပြီးတဲ့အခါမြန်မာပြည်ပြန်ပြီး ရွှေတိဂုံစေတီကိုဖူးမျှော်ချင်တာကတော့ မလွင်ရဲ့တစ်ခုတည်းသောဆန္ဒပါပဲ။

“ ရွှေတိဂုံဘုရားကိုမနက်အစောကြီး ဒါမှမဟုတ်ညဘက် လူတွေသူတွေမရှိတဲ့အချိန်တိတ်ဆိတ်တဲ့အချိန်မှာ ဆည်းလည်းသံ လေးနဲ့လေအေးအေးလေး၊ လေနွေးနွေးလေးပဲဖြစ်ဖြစ် လေလေးတဖြူးဖြူးနဲ့ ဆည်းလည်းသံလေးတွေနဲ့ ငြိမ်သက်မှုလေးကို အရမ်းခံစားချင်ပါတယ်။ အဲ့အေးချမ်းမှုလေးကိုခံစားချင်ပါတယ်။” လို့ မလွင်က ပြောပါတယ်။

ရှေ့ဆက်ပြီးတော့ မြေပြင်မှာရှိတဲ့သူတွေအတွက် နောက်ကနေလုပ်နိုင်သလောက်လုပ်ကာ တော်လှန်ရေးအတွက် အဆုံးထိ ပါဝင်သွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာက မြန်မာနိုင်ငံကိုပိုပြီး ထောက်ခံမှုရအောင်၊ နိုင်ငံတကာက ထောက်ပံ့မှုကို ဒီထက်ပိုပြီးရအောင် ကြိုးစားသွားမယ်လို့ဆိုတယ်။

“ ကိုယ်ချစ်တဲ့အနုပညာနဲ့ကိုယ်ယုံကြည်တဲ့ နိုင်ငံရေးမှာပါဝင်နိုင်တဲ့အတွက်အများကြီးဝမ်းလည်းဝမ်းသာပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။” လို့ မလွင်က ဆိုပါတော့တယ်။


View the original