မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှုအပေါ် သဘောထားအမြင်များ

October 12th, 2023  •  Author:   The Irrawaddy  •  1 minute read

By ဧရာဝတီ

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းအား အာဏာသိမ်း စစ်ကောင်စီက အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲတွင် ဖျက်အားပြင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မုန်လိုင်ခက်သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာနှင့် ၂ မိုင်ကျော်သာ ကွာဝေးပြီး KIA ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်း ဖြစ်သည်။

ပစ်ခတ်မှုအတွင်း ကြီးမားသည့် ပေါက်ကွဲမှုကြောင့် ၂၉ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုအထဲတွင် ရင်ခွင်ပိုက် ကလေးငယ်အချို့အပါအဝင် ၁၆ နှစ်အောက် ကလေးငယ် ၁၁ ဦးနှင့် အမျိုးသမီး ၁၅ ဦး ပါဝင်သည်။ ထို့အပြင် မူကြိုကျောင်းနှင့် နေအိမ် ၁၀ လုံးခန့်လည်း ပျက်ဆီးခဲ့သည်။

စစ်ကောင်စီသည် တဖက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုမှု ၈ နှစ် မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပရန် ပြင်ဆင်နေသည်။

ထိုသို့ ပြင်ဆင်နေဆဲမှာပင် NCA စာချုပ် ချုပ်ဆိုထားခြင်းမရှိဘဲ စစ်ကောင်စီကို တိုက်နေသည့် KIA ထိန်းချုပ်နယ်မြေရှိ စစ်ရှောင် စခန်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂနှင့် သံရုံးအချို့က ပြစ်တင်ရှုတ်ချမှု များရှိနေရာ ယင်းဖြစ်စဉ်အပေါ် သဘောထားများ ပိုမိုသိရှိနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ ခေါင်း ဆောင်များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဧရာဝတီက ဆက်သွယ်ထားပါသည်။

ဦးအောင်ဆန်းမြင့်

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂)

အခု အပြစ်မဲ့ ပြည်သူတွေကို Target ထားပြီး တိုက်နေတာက ကချင်ပြည်နယ်တခုတည်း မဟုတ်ဘူး။ ကျန်တဲ့ ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေး ဒီလိုနေရာမျိုးတွေက အစပေါ့။ ဒါက အပြည်ပြည်ဆိုင်ရာကို မသိကျိုးကျွံပေါ့ဗျာ။ ဂရုမစိုက်ဘူးဆိုတဲ့ပုံစံ ချိုးလိုက်တာပဲ။ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ ရှိတယ်။ လူ့အခွင့်အရေးပြဋ္ဌာန်းချက်တွေ ရှိတယ်။ ဒါတွေကို မလေးစား မလိုက်နာဘဲနဲ့ ပေါ်ပေါ်ထင်ထင် လူမိုက်ဆန်ဆန်ပြတာပဲ ဖြစ်တယ်။

NCA ထိုးထားတဲ့ ၁၀ ဖွဲ့ထဲမှာလည်း အခုဆို ၅ ဖွဲ့လောက်ပဲ ကျန်တာပါပဲ။ ကျနော်တို့က NCA ကို ၈ နှစ်ရှိပြီ။ ၂၀၁၅ က နေစပြီး ဒီထဲမှာ NCA ပါ အချက်အလက်တွေကို ဘယ်လောက် လိုက်နာကြသလဲ။ ဘယ်လောက် အကောင်အထည် ဖော်နိုင်သလဲ။ ဘယ်လောက် ဖက်ဒရယ်ဒီမိုကရေစီကို ချည်းကပ်နိုင်သလဲပေါ့။ ဒါက သက်သေပါပဲ။ ဒီကနေ့ NCA ကို အကောင်အထည်ဖော်ပြီးတော့မှ ငြိမ်းချမ်းရေး လိုချင်ရင် လာတက်ကြပါဆိုတာက NCA က ၂၀၀၈ ကို အခြေခံထား တာဖြစ်တယ်။ ၂၀၀၈ က ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဘယ် လောက် အာမခံပေးနိုင်လို့လဲ။ ဘာတခုမှ အာမခံပေးနိုင်တာ မဟုတ်ဘူး။ ၂၀၀၈ က သူတို့အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့နဲ့ နိုင်ငံရေးမှာ ဝင်စွက်ဖက်ဖို့ အာဏာပေးထားတာ ဖြစ်တယ်။ ဒါကြောင့်မို့ ၂၀၀၈ ကို အခြေခံထား တဲ့ NCA ဟာ ဘာမှအဓိပ္ပာယ် မရှိဘူးလို့ ပြောချင်ပါတယ်။

ဦးအောင်မျိုးမင်း

လူ့အခွင့်အရေးဝန်ကြီး၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)

ရက်စက်ယုတ်မာတဲ့ နောက်ထပ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကြီး ချိုးဖောက်လိုက်တာပဲဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြီး ပုန်းနေကြရတဲ့ IDP တွေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းထက် ဆိုးဝါးတဲ့သက်သေ မရှိတော့ပါဘူး။ ဒီလိုမျိုး လုပ်ဆောင်မှုတွေကို ကျနော်တို့ ကမ္ဘာကို အကြိမ်ကြိမ်အဖန်ဖန် တင်ပြပါတယ်။ တချို့ နိုင်ငံတွေက အရေးယူ ဆောင်ရွက်မှုရှိပေမယ့် တချို့ကတော့ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဆက်လက် လက်နက် တင်ပို့ရောင်းချတာတွေ၊ စီးပွားရေး လုပ်ဆောင်တာတွေ ဆက်လက်ပြီး ရှိနေတုန်းပါ။

အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး အကျိုးစီးပွားကြည့်နေတဲ့ နိုင်ငံတွေအတွက် ရှင်းရှင်းလင်းလင်းသတင်း စကားတခု ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေရဲ့ အရေးယူမှု ပျက်ကွက်တာတွေ၊ လက်နက် ပံ့ပိုးရောင်းချမှုတွေ ဒါတွေအကုန်လုံးက အခုလိုမျိုး ရက်စက်ယုတ်မာတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်ဖို့အတွက် တွန်းအားတွေ၊ ခွန်အားတွေ ပေးနေတယ် ဆိုတာ ကောင်းကောင်း သဘောပေါက်ဖို့ အချိန် ရောက်နေပါပြီ။

ဂျာအိန်

ပြောရေးဆိုခွင့်ရှိသူ၊ ကချင်အမျိုးသမီး အစည်းအရုံး (KWAT)

စစ်ကောင်စီအနေနဲ့ ဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့အတွက် လူသားဖြစ်တည်မှုအပေါ် ကျူးလွန်နေတာတွေကို ရပ် တန့်ဖို့ လိုအပ်တယ်ပေါ့။ နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေလည်း လိုအပ်ပြီး ဆက်လက် လုပ်ဆောင်ဖို့အတွက်လည်း ကျမတို့အနေနဲ့က တောင်းဆိုချင်တယ်။ ဒီလို မတရားလုပ်ရပ်တွေ ပြည်သူတွေကို သေကြေစေတဲ့ကိစ္စက စစ်ကောင်စီ အာဏာတည်မြဲစေဖို့ ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ စစ်ကောင်စီအတွက် လက်နက်ခဲယမ်း ဝယ်ယူမှုနဲ့ လေယာဉ်ဆီတင်သွင်းဖို့ကို ဖြတ်တောက်ဖို့ လိုအပ်ပါတယ်။

ပဒိုစောတောနီး

KNU နိုင်ငံခြားရေးဌာန အကြီးအကဲ၊ KNU ပြောရေးဆိုခွင့်ရှိသူ

NCA နှစ်ပတ်လည်ပွဲ လုပ်တယ်ဆိုတာ ပါးစပ်က ဘုရားဘုရား၊ လက်က ကားရားကားရားပါ။ NCA ဆိုတာကလည်း သူ အာဏာသိမ်းလိုက်ပြီဆိုကတည်းက ပျက်သွားပြီဆိုတာ ပြောစရာလည်း မလိုတော့ဘူးလေ။ သဘောတူညီချက်တခု မှာ အဘက်ဘက်ကနေပြီးတော့ တော်လှန်ရေး အဖွဲ့အစည်းတွေ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ နိုင်ငံတကာ အသိသက်သေ အဲဒီလို ရှေ့မှောက်မှာ သဘောတူထားတဲ့ဟာကို ဘက်တဖက်ကနေ ချိုးဖောက်လိုက်ပြီဆိုရင်တော့ ဒီစာချုပ်က ဘယ်လိုမှ အသက်မဝင်တော့ဘူးလေ။ နောက်တခုက စစ်တပ်ဟာ ဒီလို အကြမ်း ဖက်နည်းနဲ့ အာဏာ သိမ်းလိုက်ပြီဆိုရင် ဒီတိုင်းပြည်မှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပျက်စီးသွားတာပဲ။ ဒါကြောင့် ဒီနေ့ ဒီအချိန်မှာ NCA ရှိသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိသေးတယ်ဆိုပြီး လုပ်နေတာတွေက အကုန်ဟန်ဆောင် လုပ်နေတာတွေပဲ။

 

မဖူးပွင့်ဝေ

စစ်ကိုင်းတိုင်းမှ စစ်ရှောင်များကို ကူညီနေသည့် အညာပစ်တိုင်းထောင်လေးများ အဖွဲ့တည်ထောင်သူ

သူတို့ လုပ်လိုက်တဲ့ သွေးတစက်တိုင်းပဲ ပြန်ပြီး အကြွေးတောင်းဖို့ လိုတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ကြီးပဲ ဝမ်းနည်း ကြေကွဲနေပါစေ။ မြို့ပေါ်က ပြည်သူတွေ အရမ်းကြီးနေနိုင်တာ တွေ့ရတဲ့အတွက် အရမ်း စိတ်မကောင်းဖြစ်တယ်။

ကိုဂျက်ကော့

ကချင်လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (KHRW)

NCA နှစ်ပတ်လည်ပွဲလို အစည်းအဝေးတွေလုပ်မယ်ဆိုရင် တိုင်းရင်းသားဒေသမှာ စစ်ပိုပြီးမှ ကြီးထွားမှု ရှိလာတယ်။ အခု လာမယ့် ဆွေးနွေးပွဲက တကယ်စစ်မှန်တဲ့ ဆွေးနွေးပွဲတွေဖြစ်လာမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးချင်ပါတယ်။ အခုဆိုရင်လည်း ဆွေးနွေးပွဲတောင် မလုပ်ရသေးဘူး။ ကချင်ပြည်နယ်မှာ အစုလိုက် သေဆုံးရတဲ့ တိုက်ခိုက်မှု ဖြစ်သွားတယ်။ ဒီဆွေးနွေးပွဲက ဓာတ်ပုံတခုပဲဖြစ်မှာ တကယ့် တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က ရမှာ မဟုတ်ဘူး။ ဒီလိုမျိုး ဆွေးနွေးပွဲလုပ်ရင် ပြည်တွင်း စစ် ပိုကြီးထွားလိမ့်မယ်လို့ မှတ်ချက် ပေးချင်ပါတယ်ဗျ။

ဗိုလ်မှူး တင်လင်းအောင်

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)

ဒီလိုလုပ်ရပ်ကတော့ သူတို့အတွက် မဆန်းဘူး။ ဒီလို ဖြစ်ရပ်တွေကလည်း နောက်ပိုင်းဖြစ်လာနိုင်တဲ့ အလား အလာတွေ အများကြီးရှိတယ်။

မာဝီ

KNDF အတွင်းရေးမှူး (၂) နှင့် ဒုတိယစစ်ဦးစီးချုပ်

ဒီလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူထုအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာက အလွန်ပဲ ရုပ်ဆိုးအကျည်း တန်တဲ့ လုပ်ရပ်ဖြစ်တယ်။ အပြင်းထန်ဆုံး ကျနော်တို့ဘက်က စစ်တပ်ရဲ့ စစ်ရေးပစ်မှတ်ဖြစ်တဲ့ဟာတွေကို ကချင်ပြည်နယ်မှာ ဖြစ်လို့ ငါတို့က ငြိမ်နေတာမျိုးမဟုတ်ဘဲနဲ့ စစ်တပ်ရဲ့ စစ်ရေးပစ်မှတ်တွေကို ထိရောက်စွာ ပြန်ပြီးတိုက်ခိုက်သွားမယ်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း

ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

စစ်ကောင်စီရဲ့ လုပ်ရပ်အတွက် ကျနော်တို့ သွေးကြွေးကို ဆပ်ကို ဆပ်ရမှာဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် NCA ဆိုတဲ့ စာချုပ်ကို ပထမဆုံးရေးတဲ့သူက ကျနော်ပါပဲ။ ကျနော်တို့ပဲ ပေါင်းပြီး ရေးခဲ့ကြ တာဖြစ်တယ်။ အဲဒီစာချုပ်ကို ကျနော်တို့ ဘာကြောင့် ချုပ်ဆိုခဲ့သလဲ။ NCA ဆိုတာ စစ်ကောင်စီနဲ့ ကျနော်တို့ ချုပ်ဆိုတဲ့ စာချုပ်လည်းမဟုတ်ဘူး။ ပြည်သူလူထုက တရားဝင်ရွေးချယ်ထားတဲ့ သမ္မတ သိန်းစိန်အစိုးရနဲ့ ချုပ်ဆိုထားတာ ဖြစ် တယ်။ ပြည်သူလူထုက ရွေးထားတဲ့ အစိုးရနဲ့ ကျနော်တို့က နိုင်ငံရေးဆွေးနွေးရမှာဖြစ်တယ်။ NCA စာချုပ်ဟာ လုံးဝ အသက် မဝင်တော့ဘူး။ လုံးဝ တရားမဝင်တော့ဘူး။ ဒါက ၁ အချက်ဖြစ်တယ်။

နံပါတ်၂ က NCA ရဲ့ ရည်ရွယ်ချက်က ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လမ်းကြောင်းကို သွားဖို့ဖြစ်တယ်။ အခုအချိန်မှာ ကျနော်တို့ပြည်သူလူထုတရပ်လုံးက ၂၀၂၁ မတ်လ ၃၁ ရက်မှာ CRPH က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီးပြီ။ ပြည်သူလူထုတရပ်လုံးက လုံးဝ လက်မခံ တော့တာ ဖြစ်တယ်။ အခုအချိန်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးမှ NCA စာချုပ် နှစ်ပတ်လည်နဲ့ သွားပြီးချုပ်ဆိုတယ်ဆို တာ အမှန်စင်စစ်က သွေးစွန်းနေတဲ့ မင်းအောင်လှိုင် လက်ကို ပြန်သွားဆွဲ နှုတ်ဆက်လိုက်တယ်ဆိုရင် သူတို့ရဲ့ လက် ထဲမှာ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးတွေက စွန်းသွားမှာဖြစ်ပါတယ်။


View the original