မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး

10 October 2023

By ဧရာဝတီ

မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး

KIO ထိန်းချုပ်နယ်မြေရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုအပြီးမြင်ကွင်း / Awng Ja

အဖြူရောင်အဝတ်များ လွှမ်းခြုံထားသည့် ရုပ်အလောင်းများ စင်မြင့်တခုပေါ်၌ အစီအရီ ရှိနေသည်။ ရုပ်အလောင်းများ ၏နောက်တွင် ကွယ်လွန်သွားသူများအတွက် ရည်စူးသည့် လွမ်းသူပန်းခွေများရှိနေပြီး အနီးနား၌ ကွယ်လွန်သူများ၏ ဆွေမျိုးများထဲမှ အမျိုးသမီးအချို့က ဝမ်းနည်းကြေကွဲစွာ ငိုရှိုက်နေသည်။

အဆိုပါ မြင်ကွင်းသည် ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယနေ့ ပြုလုပ်သည့် ဈာပန အခမ်းအနား ရုပ်သံ၌မြင်ရသော အနိဋ္ဌာရုံမြင်ကွင်း ဖြစ်သည်။

သေဆုံးသူများသည် အောက်တိုဘာ ၉ ရက် ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့ရသည့် မုန်လိုင်ခက်ရွာမှ စစ်ရှောင် ၂၉ ဦး ဖြစ်ကြောင်း KIA ဘက်က ပြောသည်။

မုန်လိုင်ခက်ရွာသည် လိုင်ဇာမြို့မြောက်ဘက် ၂ မိုင်ကျော်အကွာတွင် တည်ရှိသည့်ရွာဖြစ်ပြီး စစ်ဘေးရှောင်များ စုဝေး နေထိုင်သည့် လူနေထူထပ်သော စစ်ရှောင်စခန်းတခုလည်း ဖြစ်သည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ဒီနေ့ကတော့ ကျနော်တို့ သေဆုံးသွားတဲ့ ပြည်သူတွေကို သဂြိုဟ် တဲ့ အခမ်းအနား လုပ်ပါတယ်။ အခု သေသွားတဲ့ပြည်သူလူထုက ၂၉ လောင်း တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ ၅၇ ဦးကို ကျနော်တို့ ဆေးဝါးကုသနေပါတယ်” ဟု ဆိုသည်။

သေဆုံးသူများထဲတွင် ၁၆ နှစ်အောက် ကလေးငယ် ၁၁ ဦး ပါပြီး အမျိုးသမီး ၁၅ ဦး ပါဝင်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီဘက်က အောက်တိုဘာ ၂၉ ရက်တွင် လေကြောင်း အပါအဝင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများသာမက အမျိုးသားစစ်ရှောင်များလည်း သေဆုံးခဲ့ကြောင်း ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသည်။

KIO ထိန်းချုပ်နယ်မြေရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုအပြီးမြင်ကွင်း / Awng Ja

၎င်းက “အမြောက်နဲ့လည်း ပစ်ပါတယ်။ ၁၂၀ မမလို့ ကျနော်တို့ယူဆပါတယ်။ ဗုံးကြီးကြဲတဲ့ဟာက လေကြောင်းကနေ ပစ်တဲ့ပုံစံ ဖြစ်ပါတယ်။ မဟုတ်ရင်လည်း ဒရုန်းနဲ့ပစ်တဲ့ပုံစံ။ ဒါမှမဟုတ်လည်း အဝေးပစ်ရော့ကတ်နဲ့ ပစ်တာလားပေါ့။ အဲဒီလိုပုံစံမျိုး ဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီဘက်ကမူ ၎င်းတို့အနေဖြင့် မုန်လိုင်ခက်ရွာကို လေကြောင်းမှတဆင့် တိုက်ခိုက်မှုမရှိဘဲ လက်နက်ခဲယမ်း တိုက် ပေါက်ကွဲမှုသာဖြစ်ကြောင်း၊ မြေပြင်အခြေအနေကို စုံစမ်းနေကြောင်း ပြောဆိုထားသည်။

အဆိုပါ ပြောဆိုချက်နှင့်ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုသည်။

၎င်းက “၂၀၁၁ နောက်ပိုင်းမှာတော့ စစ်ရှောင်ပြည်သူတွေရှိတဲ့ရွာ ဖြစ်ပါတယ်။ နောက် ကျနော်တို့ KIO/KIA ရဲ့ တပ်စခန်းတွေ မရှိဘူး။ လက်နက်ဂိုဒေါင်လည်း မရှိပါဘူး။ ဗုံးကြီးကျတဲ့နေရာကလည်း လမ်းမကြီးပေါ်မှာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်ရေးချိုးဖောက်မှု ဖြစ်စဉ်များကို စောင့်ကြည့်လေ့လာနေသည့် Myanmar Witness အဖွဲ့ကလည်း မုန်လိုင်ခက်ရွာဝန်းကျင် ပျက်စီးမှုဖြစ်စဉ် ဓာတ်ပုံများသည် စစ်ဘေးရှောင်များ၏ နေရာဖြစ်ကြောင်း ဂြိုလ်တုဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးကာ ဧရာဝတီကို အတည်ပြုပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေ ကြောင်း ဆိုသည်။

Myanmar Witness အဖွဲ့က အတည်ပြုထားသည့် မုန်လိုင်ခက်ရွာက ပေါက်ကွဲမှုဖြစ်ရာနေရာပြပုံ

စစ်ကောင်စီ၏လုပ်ရပ်သည် လူအစုလိုက်သေဆုံးစေသော စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ ယင်းလုပ် ရပ်အား နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးအရေးယူသင့်ကြောင်း KIA ဘက်က ဆိုသည်။

လိုင်ဇာမြို့ဆေးရုံတွင် ဒဏ်ရာရသူများကို ကူညီနေသည့် ဒေသခံအမျိုးသမီးတဦးကလည်း မုန်လိုင်ခက်တွင် ဖြစ်ပွား သည့် ပေါက်ကွဲမှုသည် လိုင်ဇာမြို့နယ်တခွင်၌ အကြီးဆုံးပေါက်ကွဲမှုဖြစ်ပြီး ယင်းညက လိုင်ဇာမြို့ရှိအိမ်များပင် တုန်ခါ သွားကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “ပေါက်ကွဲမှုဖြစ်တဲ့နေရာက တော်တော်ကို ပြောင်ထွက်သွားတာ။ အိမ်တွေဆိုရင် အတိုအစတွေပဲ ကျန်တာ မြင်မှာပါ။ အိမ်တွေက ပြန့်ကျဲပြီးတော့မှ ဟိုတစဒီတစတွေ ဖြစ်ကုန်တာ” ဟု ဆိုသည်။

လိုင်ဇာဆေးရုံတွင် ထိခိုက်ဒဏ်ရာရသူများဖြင့် ပြည့်နေကြောင်းလည်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “သေဆုံးသွားတဲ့သူတွေရဲ့ ပုံတွေကလည်း တော်တော်ကို ဆိုးဝါးပါတယ်။ တချို့အလောင်းတွေ ဆိုရင် Body Parts (ခန္ဓာကိုယ်အစိတ်အပိုင်း)တွေ ပျောက်နေပြီပေါ့။ ဆေးရုံရောက်တဲ့သူတွေထဲမှာဆိုရင် ကလေး တွေလည်းပါတယ်။ တချို့ဆိုရင် အမေသေသွားပြီးမှ ကလေးပဲကျန်တဲ့ နို့ဆို့ကလေးက ၃ ယောက်လောက်ရှိတယ်” ဟု ဆိုသည်။

မုန်လိုက်ခက်ရွာ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက တိုက်ခိုက်ခံရမှုအတွင်း အမျိုး သမီးနှင့် ကလေးငယ်များ ပါဝင်သဖြင့် စိုးရိမ်ပူပန်မိကြောင်း ကြေညာချက်ထုတ်ထားပြီး စစ်ရှောင်စခန်းများသည် မည် သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ပစ်မှတ်ထားတိုက်ခိုက်ရမည့် နေရာမဟုတ်ကြောင်း ဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်သော စစ်ဘေးရှောင်စခန်း အား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းပင် ဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။

KIO ထိန်းချုပ်နယ်မြေရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုအပြီးမြင်ကွင်း / Awng Ja

NUG အနေဖြင့် အဆိုပါ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကချင်တိုင်းရင်းသားများနှင့်အတူ တသားတည်း ရပ်တည်သွားမည် ဖြစ်ကြောင်း၊ ထိခိုက်ဆုံးရှုံးမှုအပေါ် ထပ်တူနာကျင်ခံစားရကာ တရားမျှတမှု ပြန်လည်ရယူပေးနိုင် ရေး အတူတကွ အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း ဆိုထားသည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာရုံးကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့သော ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူများ သေဆုံးရကြောင်း ကြားသိရသဖြင့် ထိတ်လန့် ဝမ်းနည်းရကြောင်း ထုတ်ပြန်ပြောဆိုလာသည်။

ထို့ပြင် ယင်းတိုက်ခိုက်မှုသည် လက်ခံနိုင်စရာမရှိသည့် လုပ်ရပ်ဖြစ်ပြီး ထိခိုက်နစ်နာလွယ်သူများကို ကာကွယ်စောင့် ရှောက်ရန် အရေးတကြီးလိုအပ်နေသည်ဟု ယင်းဖြစ်ရပ်က မီးမောင်းထိုးပြနေကြောင်း UNICEF Myanmar က ဆိုသည်။

ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) ကလည်း မုန်လိုင်ခက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုသည် ဖားကန့်မြို့နယ်ရှိ အနန့်ပါရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်ပြီးနောက် ကချင်ပြည်နယ်တွင် ဒုတိယအကြီးဆုံး လူအစုလိုက်သေဆုံးစေမှုဖြစ်သည်ဟု ဆိုထားသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မြောက်ဘက်ရှိ အနန့်ပါရွာတွင် အောက်တိုဘာ ၂၃ ရက် ညပိုင်းက ကချင်လွတ်လပ် ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ်များက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် KIA မှ တပ်မဟာမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်များ၊ အနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အရပ်သား စုစုပေါင်း ၈၀ ကျော် သေဆုံးခဲ့သည်။

KWAT ပြောရေးဆိုခွင့်ရှိသူ ဂျာအိန်က မုန်လိုင်ခက်ရွာသည် စစ်ကောင်စီ၏ လူသားဖြစ်တည်မှုကို ခြိမ်းခြောက်သော အစုလိုက်လူသေစေသည့် လုပ်ရပ်ဖြစ်ကြောင်းဆိုပြီး စစ်ကောင်စီ၏ ကျူးလွန်မှုများကို နိုင်ငံတကာက တားဆီးသင့်ပြီ ဖြစ်ကြောင်း ပြောသည်။

၎င်းက “နိုင်ငံတကာကူညီပံ့ပိုးမှုတွေ လိုအပ်သလို ဆက်လက်လုပ်ဆောင်ဖို့အတွက်လည်း ကျမတို့အနေနဲ့က တောင်း ဆိုချင်တယ်။ ဒီလိုမတရားလုပ်ရပ်တွေ ပြည်သူတွေကို သေကြေစေတဲ့ကိစ္စက စစ်ကောင်စီ အာဏာတည်မြဲစေဖို့ ခြိမ်းခြောက်တဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။ စစ်ကောင်စီအတွက် လက်နက်ခဲယမ်းဝယ်ယူမှုနဲ့ လေယာဉ်ဆီတင်သွင်းဖို့ကို ဖြတ်တောက်ဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

KIO ထိန်းချုပ်နယ်မြေရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုအပြီးမြင်ကွင်း / Awng Ja

ကချင်တိုင်းရင်းသားအရေးလေ့လာသည့် ကချင်လူမျိုးသုတေသီတဦးကမူ KIA သည် စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်နေသည့် စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်ရေးအကူအညီ များ ပေးနေသည်ဟု စစ်ကောင်စီဘက်က ရှုမြင်ပုံရကြောင်း သုံးသပ်ပြောဆိုသည်။

ထို့ကြောင့် KIA ၏ ကူညီမှုများရပ်တန့်ရေး ခြိမ်းခြောက်နိုင်ရန် KIA ကို ဦးတည်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း၊ သို့သော် စစ်ကောင်စီသည် စစ်ဘက်ပစ်မှတ်များထက် အရပ်သားများကို ဦးတည်သည့် တိုက်ခိုက်မှု များ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

၎င်းက “တကယ်တမ်းတော့ KIA ကို တိုက်ခိုက်တာမဟုတ်ဘဲနဲ့ အပြစ်မဲ့တဲ့ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာက တော်တော်လေးကို လူမဆန်တဲ့လုပ်ရပ်လို့ ကျနော်တို့ မြင်ပါတယ်” ဟု ဆိုသည်။

KWAT ၏ အချက်အလက်များအရ စစ်ကောင်စီသည် ၂၀၂၂ ဩဂုတ်လမှ ၂၀၂၃ ဇူလိုင်လထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရပ်သားများ သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ထားကြောင်း သိရသည်။

မည်သို့ပင်ဖြစ်စေ အနန့်ပါရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးရသူများနှင့် ကျန်ရစ်သူမိသားစု အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မပြီးစီးသေးမီမှာပင် နောက်ထပ် လူအစုလိုက်သေဆုံးစေသည့် တိုက် ခိုက်မှုကိုခံခဲ့ရသဖြင့် လိုင်ဇာဒေသမှ လူထုသည် ထပ်မံပူဆွေးဝမ်းနည်းရပြန်သည်။

လက်ရှိတွင် မုန်လိုင်ခက်ရွာမှ စစ်ဘေးရှောင်များသည် နောက်ထပ် တိုက်ခိုက်မှုကြုံရမည်ကို စိုးရိမ်သဖြင့် ဘေးလွတ် မည်ဟု ယူဆသည့်နေရာသို့ ရွှေ့ပြောင်းနေကြကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။ ။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia