နွေဦးမောင်။ ။
မေလနောက်ဆုံးပတ်ရဲ့ ညနေခင်းတစ်ခုမှာ မဇာမဏီနဲ့ လူငယ်သုံးယောက် ကိစ္စတစ်ခုကို ဆွေးနွေးနေကြတယ်။
အဲဒီအချိန် သူတို့ရှိနေတဲ့ ရပ်ကွက်လမ်းကျဥ်းလေးထဲ အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားသူတချို့ လျှပ်တပြက်ရောက်ချလာ တယ်။ ရောက်ရောက်ချင်း အဲဒီလူတွေက မဇာမဏီတို့အိမ်ကို ဝိုင်းထားလိုက်တယ်။
ပြီးတော့ လက်နက်ကိုင်ထားသူ လေးငါးဆယ်ယောက် အိမ်ထဲဝင်လာပြီး သူနဲ့ လူငယ်သုံးဦးကို သေနတ်တွေနဲ့ ထိုးချိန်လိုက် ပါတယ်။ အဲဒီအချိန်မဇာမဏီတို့အဖွဲ့ထဲကတစ်ယောက်ဟာ ထိုင်ရက်ကနေ ကိုယ်နေဟန်ပြင်လိုက်တယ်။ ဒါကို လက်နက်ကိုင် တစ်ဦးက အဲလိုလုပ်ရမလားဆိုပြီး သေနတ်ဒင်နဲ့ထုတယ်။
ကြည့်မနေနိုင်တဲ့မဇာမဏီက “ရှင်တို့အကြမ်းဖက်စရာမလိုဘူး။ အေးအေးဆေးဆေးပြောလို့ရတယ်။”လို့ ထအော်လိုက် တယ်။ ဒီတင်ပဲစစ်သားနဲ့ရဲတွေက ခံပြောရမလားဆိုပြီး မဇာမဏီရဲ့မျက်နှာကို လက်ဝါးနဲ့ဖြတ်ရိုက်ပါတော့တယ်။ ပါးတွေ နှစ်ချက်သုံးချက် ဆင့်ရိုက်တာပါ။
ဒါပေမဲ့ မဇာမဏီ သူတို့ကို တစ်စက်ကလေးမှ ကြောက်ရွံ့စိတ်မဖြစ်မိဘူး။ တစ်ခုပဲသူတွေးလိုက်တယ်။ “ခုချိန် ငါက ရန်သူ့ လက်ထဲရောက်နေတာ၊ ပါးနပ်မှ တော်ကာကျမယ်။” ဆိုတာကိုပါ။
ဒါကြောင့် ရဲနဲ့စစ်သားတွေ သူတို့ကို ဖမ်းခေါ်သွားတဲ့အခါ အလိမ္မာသုံးပြီး ဘာမှပြန်မခုခံတော့ဘူး။ အဖမ်းခံလိုက်ရပြီ ဆိုက တည်းက ပြန်လွှတ်မှာမဟုတ်ဘူးဆိုတာ မဇာမဏီသိနှင့်ပြီးသားပါ။ သည်တော့ ကျရာဇာတ်ရုပ်အတိုင်း ပီပြင်အောင်သရုပ် ဆောင်ဖို့သာ ဆုံးဖြတ်လိုက်တယ်။
စစ်ကောင်စီတပ်သားတွေဟာ သူတို့လေးယောက်ကို စစ်ကြောရေးဆီ တန်းခေါ်သွားတယ်။ ရောက်တာနဲ့ မဇာမဏီတို့ကို မေးမြန်းစစ်ဆေးပါတယ်။ အခန်းထဲမှာ အမျိုးသမီးကနှစ်ယောက်၊ အမျိုးသားကငါးယောက် နေရာယူထားတယ်။ သူတို့ ရှေ့မှာ စားပွဲနှစ်လုံးချထားပြီး နှစ်ဖွဲ့ခွဲစစ်တာလို့ သူက ပြောပြတယ်။
မဇာမဏီဟာ တနင်္သာရီတိုင်းဇာတိဖြစ်ပြီး အသက်က ၃၉ နှစ်ရှိပါပြီ။ သူဟာ ကလေးလေးယောက်မိခင်ပါ။ လက်ရှိ နွေဦး တော်လှန်ရေးမှာ သပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့် အထက်နားမှာ ဖော်ပြခဲ့သလို လူငယ်သုံးယောက်နဲ့ သပိတ်ကိစ္စတိုင်ပင်ရင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။
မဇာမဏီတို့ အဖမ်းခံရချိန်ဟာ မင်းအောင်လှိုင်နဲ့အပေါင်းပါတစ်စု အာဏာသိမ်းပြီး လေးလအကြာမှာဖြစ်ပါတယ်။ တိတိ ကျကျဆိုရရင် ၂၀၂၁ ခုနှစ်မေလပါ။ သူ့အနေနဲ့ စစ်ကြောရေးကို တစ်ညနဲ့တစ်မနက် ဖြတ်သန်းပြီးတဲ့နောက် ထောင်ဒဏ် သုံးနှစ် မတရားချမှတ်ခံလိုက်ရပါတော့တယ်။
အကျဥ်းထောင်ကို ရောက်လာချိန်မှာတော့ မဟုတ်မခံတတ်တဲ့ သူရဲ့ ပင်ကိုယ်စိတ်အခံကို ဥာဏ်နဲ့ယှဥ်ပြီး အသုံးချသွားဖို့ မဇာမဏီ သင်ယူပါတယ်။ အစောပိုင်းက ပြောခဲ့သလို ရန်သူ့လက်တွင်းမှာမို့ ပိုပြီးပါးနပ်ရမယ် မဟုတ်လား။
ထောင်ထဲနေခဲ့ရတဲ့ နှစ်နှစ်နဲ့ လေးလအတွင်းမှာ မဇာဏီတစ်ယောက် ကာယရော၊ ဥာဏပါ ယှဥ်တွဲသုံးရတဲ့ အရေးဆိုမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်။ အရေးဆိုမှုတွေထဲက သူ့အသိအာရုံထဲ စွဲထင်နေတဲ့ဖြစ်ရပ်နှစ်ခု ရှိပါတယ်။ အဲဒီ ဖြစ်ရပ်တွေက ဒီလိုပါ။
ပထမဖြစ်ရပ်ကတော့ ငုံ့မခံဘူး၊ တွန်းလှန်မယ်ဆိုတဲ့ မဇာမဏီရဲ့တော်လှန်စိတ်ကို အခိုင်အမာ တွေ့ရပါတယ်။ သည်တုန်းက မဇာမဏီတစ်ယောက် သွေးပေါင်တွေဆက်တိုက်ကျပြီး လူကမဟန်နိုင်ဖြစ်နေတာပါ။ အဲဒါကြောင့် သူ ထောင်တွင်းဆေးခန်း ကို သွားပါတယ်။ ဟိုရောက်တော့ တာဝန်ကျသူနာပြုဆရာမကို အကြောဆေး ဒါမှမဟုတ် အားဆေးတစ်ခုခုသွင်းပေးဖို့ မဇာမဏီက ပြောပါတယ်။
ဒါကို သူနာပြုက ဆေးမသွင်းပေးတဲ့အပြင် “အားအားယားယား အလကားနေနေပြီး ဆေးသွင်းချင်သေးတယ်ပေါ့ဟုတ်လား။” လို့ သူ့ကို ငေါက်ပါလေရော။ ဒီတင်ပဲ သူလည်း ဒေါသထောင်းခနဲထသွားပြီး ဆေးခန်းကနေ ချက်ချင်းလှည့်ပြန်ခဲ့တယ်။
နောက်ရက်တွေမှာ သွေးပေါင်ကျတာ ရပ်မသွားပေမယ့် မဇာဏီတစ်ယောက် ဆေးခန်းဘက်ကို ခြေဦးတောင် မလှည့်တော့ ပါဘူး။ သူ ဆက်ပြီး တောင့်ခံထားတယ်။
၁၀ ရက်လောက်တောင့်ခံပြီးချိန်မှာတော့ စိတ်ကိုတင်းထားပေမယ့် သူ့ခန္ဓာကိုယ်က မလိုက်နိုင်တော့ပါဘူး။ ဒီမှာတင် မဇာမဏီ ခံနိုင်ရည်မရှိတော့ဘဲ မေ့လဲသွားပါတယ်။
အဲဒီအခါကျမှ မဇာမဏီရဲ့ အာခံတော်လှန်မှုကို ထောင်အာဏာပိုင်တွေ တုန်လှုပ်သွားပါတော့တယ်။ မဇာမဏီရဲ့လုပ်ရပ်က အာဏာပိုင်တွေ တုန်လှုပ်မယ်ဆိုလည်းတုန်လှုပ်စရာပါ။ ဘာလို့ဆို ကိုယ့်ကိုကိုယ်ဒုက္ခရောက်ခံပြီး မကြောက်တရားနဲ့ မတရား တဲ့လုပ်ရပ်အပေါ် တော်လှန်ခဲ့တာ မဟုတ်ပါလား။
ခုလို မဇာမဏီလဲကျသွားတော့မှ အာဏာပိုင်တွေက သူ့ရဲ့တောင်းဆိုမှုကို လိုက်လျောခဲ့ပါတယ်။ ဒါ့အပြင် ထောင်ပိုင်ကြီး ရုံးခန်းအထိခေါပြီး သူနာပြုဆရာမရဲ့ တောင်းပန်မှုကို ခံယူစေပါတော့တယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း အကျဥ်းသူတွေရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ထောင်အာဏာပိုင်တွေရဲ့ အပြုအမူတွေ အရင်နဲ့မတူဘဲ ပြောင်းလဲသွားခဲ့ပါတယ်။
သူကိုယ်တိုင်လည်း ကျန်းမာရေးမကောင်းတဲ့ဒဏ်ကို တစ်လကျော်လောက် ခံလိုက်ရပေမယ့် သူလုပ်ရပ်အပေါ် သူ့ကိုယ်သူ ကျေနပ်နေပြန်ပါတယ်။
နောက်ဖြစ်ရပ်တစ်ခုကတော့ အကျဥ်းထောင်တွင်းမှာ အကျဥ်းသူတွေ ဘောင်းဘီတိုဝတ်ခွင့်မရတဲ့ပြဿနာပါ။ ဒါနဲ့ပတ် သက်လို့ တောင်းဆိုလို့ရနိုင်မယ့် အခြေနေကို မဇာမဏီ စောင့်စားနေခဲ့ပါတယ်။
ဘာကြောင့် ဘောင်းဘီဝတ်ခွင့် တောင်းဆိုဖို့ လိုအပ်သလဲဆိုတဲ့ အကြောင်းပြချက်ကိုလည်း သူသေချာစဥ်းစားထားတယ်။ အကျဥ်းထောင်ထဲမှာ အမျိုးသမီးတွေဟာ လုံချည်တွေကို ကြိုးတန်းနဲ့မလှမ်းရဘဲ မြေကြီးမှာ ဒီအတိုင်းချလှမ်းရပါတယ်။ အဲဒီအခါ မဇာမဏီတို့လို သားအိမ်သိပ်မကောင်းသူတွေအဖို့ ကျန်းမာရေးအရ အဆင်မပြေလှပါဘူး။
မြေကြီးပေါ်ချလှမ်းရတဲ့ လုံချည်ကတဆင့် ခန္ဓာကိုယ်ကို ပိုးမွှားတွေ ကူးစက်နိုင်တာကြောင့်ပါ။ ဒါ့အပြင် မိုးရာသီမဟုတ်တဲ့ ကျန်ကာလတွေမှာ အကျဥ်းထောင်တွေ ပူအိုက်တဲ့ဒဏ်ကို အတော်ခံကြရပါတယ်။ ဒီလိုအချိန် လုံချည်ကြီးဝတ်ပြီး နေနေရ တာက အမျိုးသမီးတွေအဖို့ သိပ်ပြီးအဆင်မပြေလှပါဘူး။ ဒါကြောင့် ဘောင်းဘီတိုသာဝတ်ခွင့်ပေးရင် သူတို့အဖို့ အပူတစ် ဝက် သက်သာစေနိုင်မှာပါ။
ဖြစ်ချင်တော့ အဲဒီအခွင့်အရေးကိုတောင်းဆိုဖို့ အခြေနေပေးလာပါတယ်။ အဲဒါကတော့ နိုင်ငံတကာလူ့အခွင့်အရေး ကော်မတီ အဖွဲ့ဝင်တချို့ မဇာမဏီတို့ အကျဥ်းထောင်ဆီ လာမယ်ဆိုတာကြောင့်ပါ။ အဲဒီသူတွေမလာခင် ထောင်အာဏာပိုင်တွေက အကျဥ်းသားတွေကို ကြိုတင်အသိပေးလာပါတယ်။
တဆက်တည်းမှာလည်း မိမိတို့ တောင်းဆိုလိုတဲ့ အကြောင်းအရာတွေကို သူတို့နဲ့ ကြိုတင်ဆွေးနွေးကြည့်ဖို့ အာဏာပိုင်တွေက သတိပေးပါတယ်။ နောက်ပြီး သူတို့နဲ့ ဆွေးနွေးစဥ်က မပါဝင်တဲ့အချက်တွေကို ထည့်သွင်း တောင်းဆိုခဲ့ရင် လိုက်လျောပေး မှာမဟုတ်တဲ့အကြောင်း အာဏာပိုင်တွေက ကန့်သတ်ထားပါတယ်။
ဒီတော့ မဇာမဏီ သေချာစဥ်းစားပါတယ်။ ဘာကြောင့်ဆိုတော့ ကိုယ့်ဘက်က တောင်းဆိုတာမှန်ပေမယ့် အာဏာပိုင်တွေ လိုက်လျောနိုင်ခြေရှိတဲ့ အကြောင်းအရာလား ဆိုတာကိုပါ။ ဒါကြောင့် အမျိုးသမီးကျန်းမာရေးအတွက် အရေးလေးကြီး၊ တစ်ဖက်က လိုက်လျောနိုင်ခြေလည်းရှိတဲ့ ဘောင်းဘီတိုဝတ်ခွင့်ကို တောင်းဆိုလိုက်ပါတယ်။
အဲဒီအခါ မဇာမဏီ ကြိုတင်တွက်ဆထားတဲ့အတိုင်း အာဏာပိုင်တွေဘက်က လိုက်လျောပေးခဲ့ပါတယ်။ ခုလို အဆင်ပြေ ပြေလိုက် လျောလာဖို့ဆိုတာက မဇာမဏီ အာခံ၊ အံတုလာခဲ့လို့ပါ။ အဲဒီအချက်ကို သွေးပေါင်တွေကျပြီး မူးလဲသွားတဲ့အထိ တောင့်ခံခဲ့တဲ့ ဖြစ်ရပ်က သက်သေခံနေပါတယ်။
အခုလည်း စစ်ကောင်စီရဲ့ မတရားဖမ်းဆီး ထောင်သွင်းအကျဥ်းချခံရရာက ပြန်လွတ်လာတာသုံးလလောက်ပဲ ရှိပါသေးတယ်။ ပြောရရင် ၂၀၂၃ ဇွန်လမှာ လွတ်ရက်စေ့နဲ့ ပြန်လွတ်လာတာပါ။ ဒါပေမဲ့ မဇာမဏီ အားလျော့စိတ်ပျက်သွားတာ အလျဥ်းမရှိ ပါဘူး။ စကတည်းက ယဥ်သကိုဆိုတာလို “ငါတို့ နိုင်ကိုနိုင်ရမယ်”ဆိုတဲ့ အောင်စိတ်နဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တာလို့ သူက ဆိုပါတယ်။
ဒါကြောင့် မပြီးဆုံးသေးတဲ့ နွေဦးတော်လှန် ရေးကြီးမှာ ကျရာကဏ္ဍကနေ ဆက်ပြီးပါဝင်နေဦးမယ်လို့ မဇာမဏီက အခိုင်အမာ ပြောလိုက်ပါတော့တယ်။