ဒေဝီ။ ။
လွန်ခဲ့တဲ့ နှစ်နှစ်က ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကို ပြန်တွေးလိုက်တိုင်း မနုရီ(အမည်လွှဲ)အတွက် ဝမ်းနည်းစရာ ဖြစ်နေဆဲပါ။
ယင်းဖြစ်ရပ်က သူကိုးလလွယ်ပြီး ၁၀ လဖွားခဲ့ရတဲ့ ကလေးငယ်က မွေးဖွားပြီး မကြာခင်မှာပဲ ဆုံးပါးသွားခဲ့ရတာပါ။
အဲ့ဒီအချိန်တုန်းက မနုရီတို့ဒေသချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ဒေသခံကကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ အများအပြားစစ်ဘေးရှောင်နေရချိန်။ ကိုယ်ဝန်သည်တစ်ဦးဖြစ်တဲ့ မနုရီလည်း နေ့စေ့လစေ့နဲ့မွေးဖွားချိန်ရောက်ပေမယ့် ဆေးရုံဆေးခန်းသွားဖို့ အခွင့်မသာခဲ့တာကြောင့် စစ်ရှောင်ရတဲ့နေရာမှာပဲ မွေးဖွားခဲ့ရပြီး ကံအကြောင်းမလှစွာပဲ ကလေးငယ် က သေဆုံးခဲ့ရတယ်။
” အခုထိတွေးတိုင်းမျက်ရည်ကျရတယ်။ စစ်တပ်ကြောင့်သာမဟုတ်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီး။ ကလေးအကြောင်း တွေးမိတိုင်း မျက်ရည်ကျရတယ်။” လို့ ကန်ပက်လက်ဒေသခံမနုရီကပြောပါတယ်။
သားဦးဖြစ်တဲ့အပြင် သားယောကျ်ားလေးဖြစ်တဲ့အတွက် သူတို့ဇနီးမောင်နှံနှစ်ဦးလုံး စိတ်ထိခိုက်ခဲ့ရပြီး မနုရီဆိုရင် နောက် ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မလုပ်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
မနုရီလည်း ကိုယ်ဝန်ရှိချိန်ကတည်းက စစ်ဘေးရှောင်နေရတော့ ဆေးရုံဆေးခန်းလည်း ပုံမှန်လိုမသွားဖြစ်ခဲ့ပါဘူး။ သူဗိုက်နာ ချိန်မှာ သူနာပြုဆရာမက ခွဲမွေးမှရမယ့်အခြေအနေကြောင့် နီးစပ်တဲ့မြို့နယ်ဆေးရုံသွားဖို့ပြောပေမယ့် သွားဖို့အခက်အခဲရှိတဲ့ အတွက် နေရပ်မှာပဲမွေးဖွားခဲ့ရတာပါ။
ဆေးရုံသွားဖို့အတွက် ကြိုးစားခဲ့ပေမယ့် တိုက်ပွဲကာလဖြစ်တာကြောင့် အချိန်ကြန့်ကြာနေတဲ့အတွက် ကလေးက ဗိုက်ထဲမှာ ကြာခဲ့ပြီး ရေမွန်းခဲ့တာကြောင့် အသက်ငွေ့ငွေသာပါလာခဲ့တယ်လို့ မနုရီကပြောပါတယ်။
” ဆေးရုံသွားဖို့ လုပ်သေးတယ်၊တိုက်ပွဲကာလဆိုတော့ ကားလည်းအလွယ်တကူရှာမရနဲ့ အချိန်ကြာသွားပြီး ဆရာမကို ဒီမှာပဲ မွေးပေးပါဆိုပြီးတောင်းပန်ပြီးမွေးခဲ့ရတာ။” လို့ ပြောပါတယ်။
ဒီလိုဖြစ်ရပ်ကြုံရတာက မနုရီတစ်ဦးတည်းတင်မဟုတ်ပါဘူး။ စစ်ဘေးသင့်ဒေသတွေက ကိုယ်ဝန်ဆောင်တွေမှာ တိုက်ပွဲ ကြောင့် စစ်ဘေးရှောင်ပြေးလွှားရင်း ကိုယ်ဝန်ပျက်ကျရတာ၊ အဟာရပြည့်စုံအောင် စားသောက်နေထိုင်မှုမရှိတာ၊ ကျန်းမာ ရေး စောင့်ရှောက်မှုမရတာတွေကြောင့် မိခင်ကိုယ်ခန္ဓာအားနည်းပြီး မီးမဖွားနိုင်တာ၊ မွေးဖွားပြီးတဲ့ကလေးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့်အဖက်မတင်ဘဲ သေဆုံးရတာ မွေးဖွားပြီး ကလေးတွေမှာလည်း ကာကွယ်ဆေးတွေမထိုးနှံတာ၊ ကျန်းမာရေးစောင့်ရှောက်မှုမရတာတွေ ကြုံရပါတယ်။
စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဒေသအသီးသီးမှာစစ်ဘေးရှောင်သူအရေအတွက် တိုးသထက်တိုးလာနေပြီး စစ် ရှောင်ပြည်သူတွေမှာ စားနပ်ရိက္ခာမပြည့်စုံတာ ၊သောက်သုံးရေ၊ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရ တာတွေ ကြုံ နေရပါတယ်။ အထူးသဖြင့်ဒီဒဏ်တွေကို ကိုယ်ဝန်ဆောင်တွေ၊ကလေးမိခင်တွေ၊ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုလို့ ခံစားနေရပါတယ်။
” စစ်ရှောင်နေရတာဆိုတော့ ဘယ်လိုအဟာရပြည့်အောင်စားလို့ရနိုင်မလဲ၊ စားဖို့ပိုက်ဆံရှိရင်တောင် ဝယ်ဖို့မလွယ်တဲ့အခြေ အနေဆိုတော့ စစ်ရှောင်တွေအကုန်လုံးခက်ခဲပါတယ်။” လို့ ကရင်နီပြည်နယ်ကစစ်ရှောင်တစ်ဦးဖြစ်သူ မစိုးမြာ(အမည်လွှဲ)က ဆိုတယ်။
စစ်ရှောင်စခန်းတွေမှာနေထိုင်သူတွေမှာ ပြည်သူတွေရဲ့လှူဒါန်းမှုတွေကိုမှီခိုနေထိုင်ရတဲ့အတွက် ကိုယ်ဝန်ဆောင်တွေလည်း အစားအသောက်အဟာရပြည့်ပြည့်ဝဝစားဖို့ကအစ လိုအပ်ချက်တွေအများအပြားပဲလို့ မစိုးမြာက ပြောပါတယ်။
မစိုးမြာက သူ့ခင်ပွန်းနဲ့တာချီလိတ်မြို့နယ်မှာ နေထိုင်နေပြီး သူကကိုယ်ဝန်ခြောက်လမှာ မိခင်ဖြစ်သူရှိရာ မိုးဗြဲမြို့နယ်ကို ပြန်ခဲ့ပါတယ်။ မလွှဲသာတဲ့အကြောင်းရင်းတွေနဲ့ တိုက်ပွဲပြင်းထန်ရာ မိဘနေရပ်ကို ပြန်ရချိန်မှာ သူ့အတွက်အရာရာက အခက် အခဲတွေပါ။ မိဘတွေကိုယ်တိုင်က နေအိမ်ကနေစွန့်ခွာပြီး စစ်ရှောင်ရတော့သူလည်း မပေါ့မပါးကြီးနဲ့ စစ်ရှောင်ရတာ၊ မြို့ပြ မှာနေသလို အစားအသောက်ပြည့်ပြည့်ဝဝမစားရတာ၊ ရေရှားပါးတာ၊ဆေးရုံဆေးခန်းပုံမှန်သွားနိုင်ခြင်းမရှိတာတွေပါ။
မွေးဖွားချိန်နီးလို့ ဗိုက်စနာချိန်မှ နေထိုင်ရာနဲ့မဝေးတဲ့နေရာက သားဖွားဆရာမဆီသွားရောက် မွေးဖွားခဲ့ရပါတယ်။ ဗိုက်နာ ချိန်မှာတောင် စစ်ကောင်စီက ပစ်နေတဲ့လက်နက်ကြီးသံတွေကြားရပြီး ထိတ်ထိတ်လန့်လန့်နဲ့ မီးဖွားခဲ့ရတာလို့ဆိုတယ်။
” စစ်ရှောင်တွေအတွက် လိုအပ်တာတွေအများကြီးရှိနေတာ။ ကိုယ်ဝန်ဆောင်တွေ ကလေးမိခင်တွေအတွက်ဆိုလည်း ပိုဆိုး တာပေါ့။ ဘာမှမရှိဘူး။ အခုဆိုကလေးက သုံးလတောင်မပြည့်သေးဘူး။ နေမကောင်းဖြစ်နေတာ စိတ်မကောင်းဘူး။ ဆေးခန်း လည်းမပြနိုင်ဘူး။” လို့ ဆိုတယ်။
ဖျားနာနေတဲ့ လသားကလေးငယ်အတွက် ဆေးခန်းလည်းမပြနိုင်သေးတာကြောင့် ဆေးမြီးတိုသာတိုက်ကျွေးထားရပြီး အသက်အရွယ်အလိုက်ထိုးနှံရမယ့် ကာကွယ်ဆေးတွေလည်းထိုးနှံရခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေထဲ မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေဟာ ကလေး မီးဖွားဖို့နဲ့ ကလေးသူငယ်တွေကိုပြုစုစောင့်ရှောက်ဖို့ အခက်အခဲများစွာရင်ဆိုင်နေကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က မတ်လ၈ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခပြင်းထန်နေတဲ့ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ် သား ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့နေရာတွေမှာ အမျိုးသမီးတွေဟာ ရုပ်ပိုင်း ဆိုင်ရာမလုံခြုံမှု၊ အစားအစာမဖူလုံမှု၊ သန့်ရှင်းရေးညံ့ဖျင်းမှု၊ ကိုဗစ်ရောဂါကူးစက်မှုနဲ့ ရာသီအလိုက်ဖျားနာမှုတွေ၊ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ကြိုတင်ခန့်မှန်းလို့မရတဲ့ အခြားသောခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေကြရတယ်လို့ KHRGရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
” စစ်ဖြစ်တဲ့ဒေသဆိုတော့ တိုက်ပွဲဖြစ်လို့ လေယာဉ်နဲ့ပစ်လို့ ပြေးရတဲ့အခါ ဗိုက်ကြီးနဲ့လည်းပြေးရတာပဲ၊ လက်နက်ကြီးတွေ ကျတဲ့အချိန်ဆို ကတုတ်ကျင်းထဲလည်းဝင်ပုန်းရတာပဲ၊အစားအသောက်ဆိုလည်း ကောင်းကောင်းမစားရပါဘူး။” လို့ စစ်ဘေး ရှောင်ရင်း ကလေးမီးဖွားခဲ့သူ လှိုင်းဘွဲ့မြို့ဒေသခံ မမူမူ(အမည်လွှဲ)က ပြောပါတယ်။
သူနေတဲ့နေရာက တော်လှန်ရေးအင်အားစုတွေ ဖွင့်လှစ်ထားတဲ့ ဆေးရုံဆေးခန်းတွေရှိတာကြောင့် အခြားစစ်ဖြစ်တဲ့ ဒေသ တွေက ကိုယ်ဝန်ဆောင်မိခင်တွေလောက် ဆုံးရှုံးမှုတွေ မကြုံတွေ့ရပေမယ့်လည်း စစ်ဘေးရှောင်ဒေသဖြစ်တဲ့အလျောက် အခက်အခဲတွေကတော့ရှိကြတယ်လို့ဆိုတယ်။
” ဒီမှာက ဆေးရုံဆေးခန်းတွေရှိတော့ ဆေးခန်းတော့ပြရပါတယ်။ တိုက်ပွဲဒေသဆိုတော့ အစားအသောက်အနေအထိုင် ခက်ခဲ တာပေါ့။” လို့ မမူမူကပြောပါတယ်။
အခြားဒေသတွေက ကိုယ်ဝန်ဆောင်တွေလောက် မဆိုးရွားပေမယ့်လည်း သူမီးဖွားခါနီးဖို့ဗိုက်နာချိန်မှာ ကရင်ပြည်နယ်မှာ ရေကြီးတာနဲ့ကြုံလို့ စိုးရိမ်ထိတ်လန့်ရသေးတယ်လို့ ဆက်ပြောတယ်။
တစ်မြို့နယ်လုံးရေကြီးတာကြောင့် သွားရေးလာရေးတွေခက်ခဲပြီး ဗိုက်နာချိန်မှာ ရေတစ်တန်ကုန်းတစ်တန်နဲ့ ဆေးခန်းကို ခက်ခက်ခဲခဲ သွားရောက်ခဲ့ရပါတယ်။ ပုံမှန်ဆို နာရီဝက်သာသာသာ သွားရပေမယ့် ရေကြီးတာကြောင့် လေးနာရီနီးပါးလောက် အချိန်ကြာမြင့်ခဲ့တယ်လို့ပြောတယ်။
” ရေကြီးနေတော့ လှေနဲ့သွားပြီး ကားနဲ့ထပ်သွားရတယ်။ ဆေးရုံနားမှာ ရေကြီးနေတော့ ကားတက်လို့မရတော့လမ်းမှာ ဗိုက် နာနေတာ၊ဆေးရုံမရောက်ခင် မွေးမှာစိုးရိမ်နေတာ။”လို့ မမူမူကပြောပါတယ်။
စစ်အဏာသိမ်းပြီးချိန်နောက်ပိုင်းကစပြီးဖြစ်ပွားတဲ့ မတည်ငြိမ်မှုတွေကြောင့် မိခင်နဲ့ကလေးအတွက် ကျန်းမာရေးစောင့် ရှောက်မှုလျော့ကျခဲ့ပြီး ကိုယ်ဝန်ဆောင်တွေမှာလည်း မီးဖွားချိန်မှာ အသက်အန္တရာယ်ရှိတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ဘေးသင့်ဒေသတွေက ကိုယ်ဝန်ဆောင်တွေ ကလေးတွေသေဆုံးတာတွေ တိတိကျကျကောက်ယူထားတာမရှိပေမယ့် စစ် ဘေးရှောင် ကိုယ်ဝန်ဆောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုမရတာ၊စစ်ရှောင်ရင်းလမ်းမှာမွေးဖွားရတာ၊ ဆေးရုံမှာ မွေးဖွား ရမယ့် အခြေအနေဆိုပေမယ့်လည်း တောထဲမှာပဲဖြစ်သလိုမွေးဖွားရတာ၊ ကောင်းကောင်းမွန်မွန် မစားသောက်နိုင်တဲ့အတွက် မိခင်ရောကလေးရော အဟာရချို့တဲ့တာ၊ ကိုယ်ဝန်ဆောင်တွေမှာလည်း ပြေးရင်းလွှားရင်း ကိုယ်ဝန်ပျက်ကျတာတွေ ရှိတယ် လို့ ကန္ဒီဒေသ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
” ကိုယ်ဝန်သည်တွေဆိုလည်း အမေကိုယ်တိုင်က ဖြစ်သလိုစားသောက်နေရတော့ အားနည်းပြီးမမွေးနိုင်တာတွေရှိတယ်။ အထူးသဖြင့် မွေးပြီးသားကလေးတွေဆိုလည်း ခုထိကာကွယ်ဆေးမထိုးနိုင်ဘူး။ ငွေကြေးတတ်နိုင်သူတွေကတော့အခြားမြို့ တွေသွားပြီး မွေးတာ၊ ကလေးဆေးထိုးတာတွေရှိပေမယ့် အများစုကတော့ မရကြဘူး။”လို့ ယင်းက ဆက်ပြောပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရောကလေးပါ အဟာရပြည့်ဝဖို့ စားသောက်ရမယ်ဆိုပေမယ့် စစ်ဘေးရှောင်ဒေသတွေက ကိုယ် ဝန်ဆောင်တွေမှာ အဟာရပြည့်ဝစွာစားသောက်နိုင်ခြင်းမရှိပါဘူး။ တိုက်ပွဲဖြစ်ရာဒေသဖြစ်တာကြောင့်စားသောက်ဖို့ အခွင့် အလမ်းမရှိသလို လက်ထဲငွေရှိရင်တော့ မဝယ်နိုင်တဲ့အနေအထားလို့ ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေကို ကူညီသူတစ်ဦး ဖြစ်တဲ့ စစ္စတာ ဖရန်စစ္စကားကပြောပါတယ်။
” ပုံမှန်ဆိုများများစားရမယ်၊ ကလေးအတွက်ပါ ပိုစားရမယ်လို့ပြောပေမယ့် စစ်ရှောင်မိခင်တွေမှာ နှစ်ယောက်စာမပြောနဲ့ တစ်ယောက်စာကိုတောင် ပြည့်ပြည့်ဝဝမစားရဘူး။” လို့ စစ္စတာ ဖရန်စစ္စကားကဆိုတယ်။
ဒေသမှာ CDM ဆရာဝန်ဆရာမတွေဖွင့်လှစ်တဲ့ ဆေးရုံဆေးခန်းတွေရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရော လုံခြုံရေးအခြေအနေကြောင့်ရော တစ်နေရာနဲ့တစ်နေရာဝေးလံတဲ့အတွက် မသွားကြတော့ဘဲ မိုဘိုင်းကျန်းမာရေး ဆေးခန်း တွေလာတဲ့အခါမှသာ ပြသကြတာရှိတယ်လို့ ဆက်ပြောတယ်။
အဲ့ဒီအတွက်ကြောင့်ကိုယ်ဝန်ဆောင်တွေမှာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုမရတာ ကာကွယ်ဆေးမထိုးနှံနိုင်တာ မွေးပြီးရင် လည်း ကလေးအတွက်လိုအပ်တဲ့ ကျန်းမာရေးပစ္စည်းဆေးဝါးနဲ့ ပုံမှန်ထိုးနှံရမယ့်ကာကွယ်ဆေးတွေလည်း မထိုးရတဲ့အတွက် စိတ်ပူပန်မိတယ်လို့ဆိုတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ်နဲ့မွေးဖွားပြီးကာလတွေမှာ သက်တောင့်သက်သာနေသင့်ပေမယ့် စစ်ဘေးရှောင်ဒေသက ကိုယ် ဝန်ဆောင်တွေနဲ့ မိခင်တွေမှာ ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ပါနေရတယ်လို့ စစ္စတာဖရန်စစ္စကား က ဆက်ပြောတယ်။
လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေက နေ့စဉ်နဲ့အမျှရှိနေတော့ မပေါ့မပါး အခြေအနေနဲ့ ထွက်ပြေးရတာ ကလေးငယ်လေးပိုက်လို့ ဗုံးခိုကျင်းထဲပုန်းခိုရတာ မိုးလေတွေကြားထဲနေထိုင်ရတာတွေလည်း ရှိတယ်လို့ ဆိုတယ်။
” မွေးတာမှငါးရက်လောက်ပဲရှိတယ်။ မိုးရေထဲ တစ်ညလုံးနေရသူတွေရှိတယ်။ ကလေးငယ်လေးနဲ့ လုံလုံခြုံခြုံနေရတာရှား တယ်။ ဒါပေမယ့်လည်း သူတို့မှာ ဆက်ပြီးကြံ့ကြံခံပြီးဆက်သွားရတာရှိတယ်။” လို့ စစ္စတာဖရန်စစ္စကားက ပြောပါတယ်။
စစ်ဘေးရှောင်ဒေသက ကိုယ်ဝန်ဆောင်တွေမှာ အခက်အခဲတွေကြားမှာကြိုးစားပြီး ရှင်သန်ရပ်တည်နေပေမယ့် အမြန်ဆုံး ငြိမ်းချမ်းဖို့ ဆုတောင်းပြီး ကိုယ့်အိမ်ကိုယ့်ယာမှာပဲ အေးချမ်းချမ်းနဲ့နေထိုင်ဖြတ်သန်းချင်တယ်လို့ စစ်ဘေးရှောင် ကိုယ်ဝန် ဆောင်တွေက ပြောပါတယ်။
ဒါပေမယ့်စစ်ပွဲကာလက ဘယ်လောက်ကြာမယ်ဆိုတာမသိတဲ့အတွက် ကိုယ်ဝန်ဆောင်တွေ၊မိခင်တွေနဲ့ ကလေးငယ်တွေ အတွက် လုံခြုံစိတ်ချပြီး ဘေးကင်းကင်းနဲ့ခိုလှုံနိုင်တဲ့နေရာ၊စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိဖို့ ကူညီ ပေးစေချင်တယ်လို့ စစ်ဘေးရှောင်မိခင်တွေက ဆိုပါတယ်။