တရားမျှတမှုကို ပြန်ယူမယ့် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့”

September 28th, 2023  •  Author:   The Irrawaddy  •  1 minute read

By ဧရာဝတီ

သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းမှ လွတ်မြောက်လာခဲ့သည့် မောင်စန်းမင်းပိုင် (ဓာတ်ပုံ – ဧရာဝတီ)

ကျနော့်နာမည် “စန်းမင်းပိုင်” ပါဟု အစချီရေးထားသည့် ပို့စ်တခု လူမှုကွန်ရက် Facebook သုံးစွဲသူအများစု၏ ရင်ကို လှုပ်ခတ်သွားစေခဲ့သည်။

ဝမ်းနည်းမှု၊ နာကျင်မှု၊ အားပေးမှုများနှင့်အတူ Facebook သုံးစွဲသူ ၅,၀၀၀ ကျော်က ထိုပို့စ်ကို ပြန်လည်မျှဝေခဲ့ကြသည်။

သူ့နာမည်က စန်းမင်းပိုင်။ ၂၀၂၁ စစ်အာဏာသိမ်းမှုက သူ့ဘဝကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။ လူငယ်လေး တဦး၏ တာဝန်သိစိတ်ဖြင့် အာဏာသိမ်းမှုအပေါ် လက်မခံ၊ ဆန့်ကျင်ခဲ့မှုကြောင့် ၂၀၂၁ သြဂုတ်လတွင် စစ်ကောင်စီက သူ့ကို ဖမ်းဆီးခဲ့သည်။

ရွှေပြည်သာ၊ ရေကြည်အိုင်နှင့် ၉ မိုင် စစ်ကြောရေး ၃ ခု၊ ရဲစခန်း ၄ ခုတွင် ၁ နှစ်ကျော် ဖြတ်သန်းပြီးနောက် သန်လျင် လူငယ်ထောင်သို့ ရောက်ရှိခဲ့သည်။ မောင်စန်းမင်းပိုင်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) အဖွဲ့ဝင် တဦးဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် အသက် ၁၇ နှစ်သာ ရှိသေးသဖြင့် သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခံ ခဲ့ရခြင်း ဖြစ်သည်။

သန်လျင်လူငယ်ထောင်အတွင်း ၈ လ ကျော် နေထိုင်ခဲ့ရပြီး ၂၀၂၂ စက်တင်ဘာ ၂၃ ရက်တွင် သူ အပါအဝင် လူငယ် အကျဉ်းသား ၁၄ ဦး ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ထိုသို့ ထွက်ပြေးသည်ဆိုသော အကြောင်းပြချက်ဖြင့် စက်တင်ဘာ ၂၉ ရက်၊ ညနေ ၆ နာရီဝန်းကျင်၌ အသက် ၅၀ ကျော်အရွယ် သူ၏မိဘနှစ်ပါးစလုံး အိမ်ပေါ်မှာတင် ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။ အိမ်တံခါးတောင်မဖွင့်ရဲသဖြင့် အိမ်ရှေ့လမ်းမပေါ်ဖျာခင်းပြီး တရားနာခဲ့ကြရသည်။

၂၀၂၃ စက်တင်ဘာ ၂၉ ရက်ဆိုလျှင် သူ၏မိဘနှစ်ပါး မတရားပစ်သတ်ခံရမှု ၁ နှစ်တင်းတင်းပြည့်ပြီ ဖြစ်သည်။ ထိုစဉ်က ဖြစ်ရပ်များကို သူတနေ့မှ မနေ့နိုင်။ အဖြစ်အပျက်များက မနေ့တနေ့ကလိုပင် ခံစားနေရဆဲ၊ နာကျင်နေရဆဲ ဖြစ်သည်။

ထို့ကြောင့် မိဘနှစ်ပါးအတွက် သူဘာလုပ်ပေးနိုင်မလဲ တွေးတောရှာဖွေရင်း အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး လူသားတိုင်းခံစားလို့ရမည့် အရာတခုကို သူဖန်တီးခဲ့သည်။ ထိုအရာကား သူယုံကြည်သည့် Hip Hop ဂီတအမျိုးအစား သီချင်းတပုဒ်ပင် ဖြစ်သည်။

စက်တင်ဘာ ၂၉ ရက်နေ့ ထွက်မည့် နေမဝင်ခင် နေကွယ်သွားတဲ့နေ့ Music Video ကြော်ငြာ / Sann Minn Paing

“လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ရှိတယ်။ ဒါပေမယ့် ကြိုးစားပြီး ရပ်တည်နေသေးတယ်။ ကျနော် ဘယ်နေ့ ဘယ်အချိန်မှာ သေသွားမလဲဆိုတာ မသိဘူး။ အဲဒါကြောင့် တော်လှန်ရေးကြီးမပြီးခင် သေသွားခဲ့ရင် အဖေနဲ့အမေ အတွက် တရားမျှတမှု ပြန်ယူပေးလို့ရအောင် အကြာကြီးခံမယ့် အနုပညာအဖြစ် ထုဆစ်ပြီးထားခဲ့ချင်တယ်။ အဲဒီလို ရည်ရွယ်ပြီးတော့ ကြိုးစားပြီး ဒီသီချင်းကို ဖန်တီးခဲ့တယ်” ဟု မောင်စန်းမင်းပိုင်က ပြောပြသည်။

“စုန်းပြူးလေးမွေးမိလို့ သေတာ၊ သားအတွက် ထောင်ဝင်စာပေးမိလို့ သေတာ၊ သားမောင် ကျန်းမာလား မေးမိလို့ သေတာ၊ သားပြန်လာလမ်း ငေးမိလို့ သေတာ” စသည်ဖြင့် သူ့ရင်တွင်းခံစားချက်များကို သီချင်းထဲ ထည့်သွင်းရေး သားထားသည်။

သူပေးထားသည့် သီချင်းခေါင်းစဉ်က “နေမဝင်ခင် နေကွယ်သွားတဲ့နေ့” ဟူ၍ ဖြစ်သည်။

“ထိခိုက်မှုတွေက အများကြီးပေါ့။ မနက်မိုးလင်းလာရင် ကြိုက်တဲ့ဒေသကို ကြိုက်သလိုသွားဗျာ။ အချိန်တန်လို့ ပြန်လာ ရင် အမေက ထမင်းကျွေးတယ်။ အဲဒီဘဝကို ဆုံးရှုံးလိုက်ရတယ်။ ကျနော် တယောက်ထဲတော့ မဟုတ်ပါဘူး။ အများ ကြီး အိမ်မပြန်နိုင်တဲ့ ရဲဘော်တွေ၊ အစ်မတွေ၊ ငယ်တဲ့ညီလေးတွေ၊ ညီမလေးတွေ အများကြီးပဲပေါ့။ အကုန်လုံးကတော့ ဆိုးရွားနေကြတာချည်းပါပဲ” ဟု မောင်စန်းမင်းပိုင်က ဆိုသည်။

သူ့မိဘများ၏ဖြစ်ရပ်ကြောင့် အပြစ်မကင်းသလို ခံစားရသည့် စိတ်ဒဏ်ရာက သူ့ကို အချိန်တိုင်းနီးပါး နှိပ်စက်နေပြီး ဆွေမျိုးသားချင်း မောင်နှမများကိုလည်း အဆက်အသွယ် ဖြတ်ထားခဲ့သည်။ ယခု သူ့သီချင်းထွက်ပြီးပါက သူ၏ ဆွေမျိုးသားချင်းများအပေါ် စစ်ကောင်စီက ရှာဖွေရန်ပြုလာမည်ကိုလည်း စိုးရိမ်နေသည်။

“စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အတော်ဖြစ်ခဲ့တယ်။ ထောင်ထဲကထွက်လာတော့ အဖေနဲ့အမေက သေသွားတယ်။ မမျှော်လင့်တဲ့ကိစ္စကြီးက ဖြစ်သွားတယ်။ ဘယ်လိုပဲ တပ်သားကောင်း တယောက်ဖြစ်တယ် ပြောပြော၊ ခံစားချက်အပြင်ထုတ် တယ်ပြောပြော ကြောင်တော့ ပျောက်တာပေါ့။ ကျနော် အဖေနဲ့အမေဘက်က အမျိုးတွေကို မဆက်သွယ်ဘူး။ ဆက် လည်းမဆက်သွယ်ချင်ဘူး။ ပြစရာမျက်နှာလည်းမရှိဘူး” ဟု သူခံစားရသမျှ ဖွင့်ဟပြောဆိုသည်။

သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းမှ လွတ်မြောက်လာခဲ့သည့် မောင်စန်းမင်းပိုင် (ဓာတ်ပုံ – ဧရာဝတီ)

လက်ရှိတွင် သူသည် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးအတွက် ဆောင်ရွက်နေသည့် တော်လှန်ရေးအဖွဲ့အစည်း တခုတွင် ဘဏ္ဍာရေးနှင့် ပြန်ကြားရေးတာဝန်များ ကူညီလုပ်ကိုင်ပေးရင်း မတရားမှုကို ဆက်လက်တွန်းလှန်နေသည်။

သူ၏ Music Video အတွက် သူငယ်ချင်းများနှင့် တော်လှန်ရေးရဲဘော်ရဲဘက်များက အခကြေးငွေမယူဘဲ ပါဝင်ကူညီ ပေးထားခြင်းဖြစ်ကြောင်းနှင့် စက်တင်ဘာ ၂၉ ရက်၊ ညနေ ၆ နာရီတွင် Sann Minn Paing အမည်ရှိ Facebook Page ၌ တင်မည့်အကြောင်းလည်း သူက အသိပေးထားသည်။

“သားတယောက်အနေနဲ့ မိဘအပေါ် ကျေးဇူးမသိတတ်တဲ့သားတယောက် ဖြစ်ခဲ့တာပေါ့။ ကိုယ့်ကြောင့် အဖေနဲ့အမေ သေဆုံးခဲ့ရတဲ့ သားတယောက်အနေနဲ့ ကျန်ရစ်ခဲ့တဲ့သားတယောက် အနေနဲ့ ကျနော်လုပ်နိုင်တယ်လို့ ၁ နှစ်လုံးလုံး လိုက်ရှာပြီးတော့ ပထမဆုံးအနေနဲ့ ပြုလုပ်ဖန်တီးထားတဲ့ အဖေနဲ့အမေအတွက် အလုပ်ပေါ့။ ဒီသီချင်းက ဘဝတခုက ရလာတဲ့ဟာပေါ့” ဟု မောင်စန်းမင်းပိုင်က ပြောသည်။

Hip Hop ဂီတသည် ဖိနှိပ်ခံများ၏ ပေါက်ကွဲသံစဉ်ဟု သူ ယုံကြည်သည်။ တရားဥပဒေ ပြန်လည်စိုးမိုးသည့်အချိန်၌ သူရှိချင်မှလည်းရှိမည်။ အကယ်၍ သူ မရှိတော့ဘူးဆိုလျှင်တောင် သူ့အဖေနှင့်အမေ သတ်ဖြတ်ခံရမှုအတွက် တရားမျှ တမှု ပြန်ယူပေးပါဟုလည်း သူက မေတ္တာရပ်ခံထားသည်။

“ဖိနှိပ်တိုင်းမှုတိုင်းကို ကျနော်တို့ ပြားပြားဝပ်နေရင် မြေကြီးအောက်က ထွက်ရမှာတောင် မဟုတ်တော့ပါဘူး။ ဖက်ဆစ် စစ်တပ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေ ကျနော့်လုပ်ဆောင်ချက်ကိုမြင်ခဲ့ရင် တချိန်မှာ တရားမျှတမှုကို ပြန်လည်တောင်းယူဖို့ အားတခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း သူက ဆိုသည်။ ။


View the original