မူဖိလစ်စတာ / ကန္တာရ၀တီတိုင်း (မ်)
သူမနာမည် ဇိုဝါးနာ။ အသက်ကတော့ ၁၉ နှစ်ပါ။
ကရင်နီပြည် လွိုင်ကော်မြို့သူဖြစ်တဲ့ ဇိုး၀ါးနာကတော့ အာဏာမသိမ်းခင်ကာလတုန်းကတော့ တော်လှန်ရေးဆိုတာ ဘာလဲ မသိခဲ့ပါဘူး။
စစ်ကောင်စီက အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ လူထုတွေကို လက်နက်အင်အားသုံး ဖြိုခွင်းပြီးနောက် လူထုတွေက လက်နက်ကိုင်တော်လှန်လာတဲ့ အချိန်မှ သာ တော်လှန်ရေးဆိုတာကို ကြားဖူးလာသူပါ။
၂၀၂၁ ခုနှစ်ရဲ့ အောက်တိုဘာလမှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ လွိုင်ကော်မြို့၊မိုင်းလုံး ရပ်ကွက်အတွင်းထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာကြောင့် လွိုင်ကော်မြို့သူ ဇိုဝါးနာက တိုက်ပွဲကို မျက်စိနဲ့ မျက်ဝါးထင်ထင်တွေ့ကြုံခဲ့ဖူးတာပါ။
နောက်မှာပဲ ဇိုး၀ါးနာက မတရားမှုကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ငယ်စဥ်အခါက မိဘဆီမုန့်ဖိုးတောင်းပြီး ကျောင်းသွားလိုက်၊ ဆော့ကစားလိုက်နဲ့ ဘ၀ကို ရိုးရှင်းစွာဖြတ်သန်းခဲ့တဲ့ ဇို၀ါးနာဟာ လက်နက်ကိုင်တပ်ဖွဲ့ထဲ၀င်ပြီးနောက်မှာတော့ “စစ်” ဆိုတဲ့စကားလုံးက ခက်ခဲကြမ်းတမ်းလွန်းမှန်း သိနားလည်လာခဲ့ရတယ်လို့ပြောပါတယ်။
“ဒီလိုအာဏာတွေ သိမ်းမယ်မှန်းလည်း မသိသလို “စစ်” ဆိုလည်း တစ်ခါလည်းမကြုံဖူးဘူးပေါ့နော။ အခုကိုယ့်အနေနဲ့ ပထမ စဖြစ်လာတာသိတော့ အရမ်းလည်းကြောက်တယ် တစ်ခါတလေ။ နောက်စစ်ရေးသင်တန်းတွေဖွင့်ပြီး ကိုယ်ပါသွားတက်လိုက်ရတော့ အဲလောက်ခက်ခဲလားပေါ့နော။တစ်ခါတလေ စစ်တိုက်ရတာ။ သေချာစဥ်းစားကြည့်လိုက်တယ်ပေါ့နော။” လို့ ဇိုဝါးနာ ကပြောပါတယ်။
သူမဟာ လက်ရှိမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အမှတ် ၂ တပ်ရင်း မှာ သတင်းပြန်ကြားရေးနှင့် မှတ်တမ်း တာ၀န်ယူထားပါတယ်။
ဆောင်းလေထုအေးအေးထဲမှာ အမျိုးသားတွေနဲ့တန်းတူ ရွံ့လူး ရေလူး စစ်ရေးသင်တန်း တက်ခဲ့ရပြီး သူမအတွက် ခက်ခဲလွန်းတဲ့ကြားက အမှတ်တရ ပေါင်းများစွာလည်းရှိခဲ့တယ်လို့ ရယ်မောရင်းပြောနေပါတယ်။
” အ့လို အမြဲတမ်းအရိုက်ခံရတယ်။ အမြဲတမ်းအရိုက်ခံရနေတယ်ပြီးရင် ကိုယ်အရိုက်ခံရသလောက်လည်း မမှတ်ဘူး။ ထပ်ခါထပ်ခါ ဒီအမှားတွေ ပြန်လုပ်လုပ်မိနေတယ် အ့မျိုးပေါ့နော” လို့ သူမက ရယ်ရင်းပြောပါတယ်။
ဒီလို အမှတ်တရတွေကြောင့်လည်း သူမရဲ့ ရဲဘော်ရဲဘက် အမျိုးသားတွေနဲ့ ညီအကို လိုဆက်ဆံရေးမျိုးရရှိလာပြီး ဖေးမမှုတွေ အမြဲရရှိတယ်လို့ပြောပါတယ်။
လက်ရှိသူမ လုပ်ကိုင်နေတဲ့တပ်ထဲမှာ ရင်းမှူး၊ တပ်သားဆိုပြီး ခွဲခြားဆက်ဆံမှုမျိုးမရှိသလို အမျိုးသား အမျိုးသမီးဆိုပြီး ခွဲခြားဆက်ဆံတာမျိုးလည်းမရှိဘူးလို့ ကျေကျေနပ်နပ် ပြန်ဖြေနေပါတယ်။
“၀မ်းသာတယ်။ အဲ့လို တန်းတူဆက်ဆံပေးတော့။ ခွဲမှူးတွေဆိုလည်း ကိုယ့်အဖေလိုပဲ ကိုယ်ဆက်ဆံတယ်။ အဲ့ခွဲမှူးတွေကလည်း ကိုယ့်ကို သားသမီးလိုပဲ ဆက်ဆံပေးတယ်။ ဒီညီအကိုတွေ ခါကျတော့လည်း အဲလိုခွဲခြားဆက်ဆံတာတွေမရှိကြတော့ အရမ်းလည်းချစ်တယ် သူတို့ကို” လို့ ဇိုဝါးနာက ပြောပါတယ်။
ဇို၀ါးနာနေထိုင်တဲ့ စစ်တန်းလျားမှာ အမျိုးသမီးအတွက် ဆိုပြီးတော့ သီးသန့် ထောက်ပံ့ပေးမှု တစ်စုံတစ်ရာမရှိဘူးပါဘူး။
ဒါပေမဲ့ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုကနေ ကာကွယ်ပေးတဲ့ စည်းဘောင် သတ်မှတ်ရေးဆွဲထားတယ်လို့ တပ်ခွဲမှူး ၀င်းဇော်က အခုလိုပြောပါတယ်။
“အရေးယူမယ်ပေါ့နော။ ဘယ်သူပဲဖြစ်ဖြစ် ။ အရာရှိတစ်ယောက်ပဲဖြစ်ဖြစ် ရဲဘော်တစ်ယောက်ပဲ ဖြစ်ဖြစ် ပေါ့နော။ ခွဲခြားဆက်ဆံတာ နောက် ထိခိုက်စော်ကားတာတို့ဆိုရင်တော့ အရေးယူဖို့ စည်းကမ်းထုတ်ထားပါတယ်။” လို့ တပ်ခွဲမှူး ဝင်းဇော်ကပြောပါတယ်။
ရဲဘော်ဝင်းဖြိုးနိုင်ကတော့ ဇိုဝါးနာရဲ့ ရဲဘော်ရဲဘက်တစ်ဦးပါ။ သူကတော့ သူတို့နေထိုင်တဲ့ စစ်တန်းလျားက ရဲမေ တွေနဲ့ မိသားစု၀င်တစ်ယောက်လိုပဲ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေထိုင်လာတာလို့ ပြောပါတယ်။ ဒါ့ကြောင့်လည်း မိသားစု ၀င်တစ်ယေက်က ပေးလေ့ရှိတဲ့ နွေးထွေးမှုမျိုးကို သူတို့ အချင်းချင်းကြားက ရရှိနိုင်တယ်လို့ပြောပါတယ်။
“ရင်းရင်းနှီးနှီးပါပဲ ။တစ်ခါတလေနားပြီဆိုရင် နောက်မှာဂီတာတီးသီချင်းဆိုတာပေါ့။ တူတူ၀ိုင်းဖွဲ့ဆိုတယ်။ တစ်ခါတလေ အားလပ်ရက်ချိန်မျိုးဆိုကျနော်တို့ ဘောလုံး တူတူထွက်ကန်တယ်။ ကျနော်တို့ကန်ရင် သူတို့အားပေး။သူတို့ကန်ပြီဆိုလည်းကျတော်တို့က အားပေးပေါ့ အဲလိုပဲ ” လို့ ဝင်ဖြိုးနိုင်က ပြောပါတယ်။
သူကတော့ရဲမေ တွေကို အားနွဲ့တဲ့အမျိုးသမီးတစ်ယောက်လို မမြင်ပဲစိတ်ဓာတ် ကြံ့ခိုင်ပြီး သန်မာတဲ့အမျိုးသမီးလိုမြင်တယ် လို့ပြောပါတယ်။
“ကျနော့်အမြင်ကတော့ မိန်းကလေးတိုင်းက အားနည်းနေတာ မဟုတ်ဘူးပေါ့နော။ မိန်းကလေးဆိုတာလည်း ကြိုးစားရင် ယောကျာ်းလေးထက်တောင် ပိုတော်နိုင်တယ်လေးနော” လို့ ဝင်းဖြိုးနိုင်းက သူ့အမြင်ကိုပြောပြပါတယ်။
ဒါပေမဲ့လည်း မိသားစု၀င်လို သံယောဇဥ်ဖြစ်နေရခြင်းကြောင့် ရှေ့တန်းစစ်မြေပြင်ထိ အမျိုးသမီးတွေကို ခေါ်မသွားရက်ဘူး လို့လည်းသူကပြောပါတယ်။
ဒါ့ကြောင့်လည်း ရဲမေ ဇို၀ါးနာက သူမလုံခြုံတယ်လို့ခံစားရတဲ့ စစ်တန်းလျားမှာ စိတ်အားငယ်မိရတဲ့ ချိန်မျိုးရှိရပြန်ပါတယ်။ ရှေ့တန်းစစ်မြေပြင်ထိ အသည်းအသန်လိုက်ချင်ပေမဲ့လည်း သူမကအမျိုးသမီးဖြစ်နေခြင်းကြောင့်ဖြစ်တယ် လို့ပြောပါတယ်။
“ယောကျာ်းလေးတွေရှေ့တန်းထွက်သွားတဲ့အချိန်မျိုးပေါ့နော။ကိုယ်က အသည်းအသန်လိုက်ချင်တဲ့ချိန်မျိုးလည်းရှိတယ်။ တစ်ခါတလေဆိုရင်။ မိန်းခလေးမို့လို့ အရှေ့ရောက်ရင် တစ်ခုခုဖြစ်ရင် အရေးအကြောင်းပြေးရရင် ဒုက္ခအရမ်းရောက်တယ်ပေါ့နော။ မလိုက်နဲ့ ။ ပြောတဲ့ချိန်မျိုးတို့ ။ သူတို့ဟာသူတို့သွားလိုက်တာ အဲလိုမျိုးအချိန်ဆို အရမ်းအားငယ်တယ်။” လို့ ဇိုဝါးနာ ကပြောပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှာ တပ်ရင်းအလိုက် အမျိုးသမီးတွေရှေ့တန်းလိုက်ခွင့်က ကွာခြားမှုရှိနေပါတယ်။ တချို့ တပ်ဖွဲ့တွေမှာ အမျိုးသမီးတွေ ရှေ့တန်း၊ ကင်းထောက် လှည့်တဲ့ အထိ လိုက်ပါသွားခွင့်တွေရှိနေတာပါ။ အမျိုးသမီးရဲဘော်တွေကို သူတို့စိတ်ဆန္ဒနဲ့ ရှေ့တန်းစစ်မြေပြင်အထိ လိုက်ပါခွင့်တွေကို လမ်းဖွင့်ထားပေးသင့်တယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံးရဲ့ အတွင်းရေးမှူး ၂ မော်ဖရေမြာကပြောပါတယ်။
“အမျိုးသမီးတယောက်က အမျိုးသမီးဖြစ်ခြင်းအပေါ်မှာ မကြည့်ပဲနဲ့၊ ဒီလမ်းကို သူရွေးချယ်တယ်၊ သူစိတ်ဝင်စားတယ်၊ အသက်ပေးဆပ်ရမှာကိုလည်း သူသိတယ်၊ တကယ်သူ့ရပ်တည်ချက်အတိုင်းသူသွားနေတယ် ဆိုလို့ရှိရင် ကန့်သတ်စရာ၊ ပိတ်ပင်စရာမလိုပဲနဲ့ သူ့ကို လမ်းဖွင့်ပေးတာမျိုးတွေဖြစ်သင့်တယ်။” လို့ မော်ဖရေမြာကပြောပါတယ်။
ဇိုဝါးနာတို့နေထိုင်တဲ့ စစ်စခန်းမှာလည်း အမြဲလိုလို အမျိုးသား အမျိုးသမီး အတူထမင်း၊ဟင်း ၀ိုင်းချက်ပြုတ်ပြီး
စားသောက်တတ်ကြပါသေးတယ်။ ညညဆိုလည်း ၀ိုင်းဖွဲ့ပြီး စကားစမြည်ပြောကြတာမျိုးလုပ်လေ့ရှိတယ်လို့ ပြောပါတယ်။
ဒီလိုစုပေါင်း စကားပြောတဲ့အခါ အချင်းချင်း သိက္ခာကိုစော်ကား ထိပါးတာမျိုး မဟုတ်ပဲ နောက်နေ့ လုပ်ဆောင်ရမဲ့ လုပ်ငန်းအစီအစဥ်တွေကို ၀ိုင်းဖွဲ့ဆွေးနွေးလေ့ပဲရှိတာပါ။
အဲ့အချိန်လေးက ဇို၀ါးနာတို့လို အမျိုးသမီးတစ်ယောက်ရဲ့ လုပ်နိုင်စွမ်း၊ အရေးပါမှုကို တိုးမြှင့်ပေးနေသလို ခံစားလာရစေတယ်လို့ သူမက ပြောပါတယ်။
အမျိုးသမီးတွေရဲ့ သဘာ၀ဖြစ်စဥ် တစ်မျိုးဖြစ်တဲ့ ဓမ္မတာလာနေချိန်မှာလည်း အမျိုးသမီးအချင်းချင်းဆီကထက် ညီအကိုလို ဆက်ဆံရေးခိုင်မာလာတဲ့ အမျိုးသားတွေဆီက နွေးထွေးတဲ့ ဂရုစိုက်မှုကို အမြဲရလေ့ရှိတယ်လို့ ဇို၀ါးနာက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြပါတယ်။
“သူတို့အနေနဲ့ဆိုလည်း သိပ်မသိဘူးကွာ။ အချဥ်စားရမှန်းမသိ အဖန်စားရမှန်းမသိကြဘူးပေါ့နော။ ဒါမဲ့ကိုယ်အချဥ်စားလိုက်မိရင် နင်ဒါမစားနဲ့ ။ နင်ဘာဖြစ်တာလဲ။ နင်ဒါစားလို့မရဘူး ဓမ္မတာလာတယ် အဲလိုမျိုးအကြံပေးကြတယ်ပေါ့နော။ ပြီးရင်တစ်ခါတလေဆိုရင် ဓမ္မတာလာတဲ့အချိန်မျိုးဆိုလို့ရှိရင် စိတ်ခွန်အားပေးတယ်သူတို့က။ ကိုယ်တွေက အရမ်းဓမ္မတာလာရင် စိတ်ရှုပ်တာမျိုးတွေ ရှိတတ်တယ်ရောနော။ တစ်ခါတလေဆို ကောင်းကောင်းရောဆင်းရဲ့လားဆို တခါတလေ ရေနွေးတွေတည် ပေးတာမျိုးတော့လုပ်ပေးကြတယ်” လို့ ဇိုဝါးနာက ဆိုပါတယ်။
အမျိုးသမီးတစ်ယောက်ရဲ့ဝေယျာ၀စ္စကိုလည်း မရွံ့မရှာ ဂရုစိုက်ပေးနိုင်ကြတယ်လို့ သူမက ပြောပါတယ်။
အမြဲတမ်း စည်းစည်းလုံးလုံးနေပြီး အဖွဲ့နဲ့ အလုပ်လုပ်တာကြောင့် ကိုယ့်အဖွဲ့သားတွေဆီကနေ ခိုင်မာတဲ့ ယုံကြည်မှုတစ်ခုကို ရထားကြပါတယ်။ ဒီလိုယုံကြည်မှုတွေကြောင့်လည်း အမျိုးသားတွေနဲ့ အတူ နေထိုင်ရလို့ စိတ်မလုံခြုံတာမျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ဘူးလို့ ဇို၀ါးနာက အခုလိုပြောပါတယ်။
“အ့လိုကိုယ့်စိတ်မလုံခြုံတာမျိုး မရှိဘူးပေါ့နော။ ယောကျာ်းလေးနဲ့နေလို့။ ညီအကိုလိုနေလာတော့ သူတို့နဲ့နေရင် ပိုအဆင်ပြေတယ်။ ပိုနွေးထွေးတယ်လို့ပဲထင်ရပါတယ်” လို့ ဇိုဝါးနာက ပြောပါတယ်။
ဇို၀ါးနာလိုပဲ ဆေးတပ်သားတာ၀န်ထမ်းဆောင်နေတဲ့ ရဲမေ ဟယ်လင်ကတော့ စစ်တန်းလျားမှာ ကျောသားရင်သား ခွဲခြားဆက်ဆံခြင်းမရှိတဲ့ စနစ်ကြောင့် တော်လှန်ရေးကနေ မနားရက်တော့တဲ့ထိ ကိုယ်ဘော်ရဲဖက်တွေကို သံယောဇဥ်ဖြစ်သွားပြီ လို့ပြောပါတယ်။
“ကိုယ့်ရဲ့ ရဲဘော်တွေကို ကြည့်ပြီးတော့ပေါ့နော။ သူတို့က ပျော်တတ်တယ်။ ခင်တတ်တယ်။ တစ်ခါတလေဆိုရင် ပျော်ရွှင်တတ်တယ်။ အဲမျိုးကကျတော့ သူတို့ကိုကြည့်ပြီးတော့ ကိုယ်နားချင်ပေမဲ့လည်းမနားရက် အ့လိုဖြစ်တာလည်းရှိတယ်” လို့ ရဲမေ ဟယ်လင် ကပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မဇို၀ါးနာ နဲ့ ဟယ်လင်လိုပဲ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကိုရွေးချယ်ခဲ့တဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေ ကိုတော်လှန်ရေးတပ်စုတပ်ဖွဲ့တိုင်းမှာ မြင်တွေ့နိုင်ပါတယ်။
ထိုအမျိုးသမီးငယ်လေးတွေက တော်လှန်ရေးရဲ့အရေးပါတဲ့ အခန်းကဏ္ဍတွေ ဖြစ်တဲ့ ဆေးမှူး၊ ထောက်ပို့၊ ပြန်ကြားရေးနှင့်မှတ်တမ်း၊ ဦးစီးမှူး စတဲ့ အခန်းဏ္ဍတွေမှာ အများစုပါ၀င်လျက်ရှိနေပါတယ်။