14 September 2023
Honest Information
ဒေဝီ။ ။
အစိမ်းရောင်တာလပတ်တွေမိုးထားတဲ့ တဲတစ်ခုထဲမှာ အသက်ရွယ်စုံကလေးတွေနဲ့ လူငယ်တစ်ချို့က တူရိယာကိုယ်စီနဲ့ အလုပ်များနေကြပါတယ်။
သူတို့က ဂစ်တာတီးသူတီး၊ တယောထိုးသူက တယောထိုးပြီး ကျန်ကလေးငယ်တွေက သီချင်းကို သံစဉ်အလိုက် ပျော်ပျော် ပါးပါး သီဆိုနေကြပါတယ်။
လက်နက်ကြီးလက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုအသံတွေ ကြားနေ့စဉ်ဖြတ်သန်းနေရတဲ့ စစ်ဘေးရှောင်ကလေးငယ် တွေအဖို့ ဂီတသံစဉ်တွေတီးခတ်ပြီး တေးသီချင်းတွေသီဆိုရချိန် အခိုက်အတန့်က သူတို့အတွက် ပျော်ရွင်စရာ ဖြစ်နေပါတယ်။
ဒါကတော့ ဂီတဆရာမ မော်ဖရေးမြာ ဦးဆောင်ဖွင့်လှစ်တဲ့ ထဲဖိုးဂီတသင်တန်းက စစ်ဘေးရှောင်ကလေးတွေကို ဂီတပညာ သင်ကြားပေးနေတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။
ရွှေပန်းကလေးတွေလို့ အဓိပ္ပါယ်ရတဲ့ ထဲဖိုး (Htel Phoe) ဂီတသင်တန်းကို ဂီတဆရာမ မော်ဖရေးမြာက လွန်ခဲ့တဲ့ နှစ်နှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အသက်၂၃နှစ်အရွယ် မော်ဖရေးမြာက ရန်ကုန်က ဂီတကျောင်းတစ်ခုမှာ တယောနဲ့စန္ဒယားမေဂျာနဲ့ ကျောင်းတက်ရင်း ကိုဗစ် ကာလကျောင်းတွေပိတ်ရစဉ်မှာ ကရင်နီဒေသကိုပြန်ပြီး သူတတ်မြောက်တဲ့ Violin နဲ့ piano ကို သင်ကြားပေးတာတွေ လုပ်ခဲ့ပါတယ်။
ပုံမှန်အတိုင်းသာဆိုရင် မော်ဖရေးမြာက ဘွဲ့ရလို့ဝါသနာပါတဲ့ဂီတပညာကို သူ့ဒေသကရင်နီမှာပဲ ဂီတကျောင်းဖွင့်လှစ်ပြီး က လေးတွေကို စာသင်ကြားတာတွေပြုလုပ်နေမှာပါ။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကြောင့် သူ့အိမ်မက်တွေ ပျက်သုန်းခဲ့ရတယ်။
” အာဏာသာမသိမ်းခဲ့ရင် ကျွန်မလည်းပညာတွေပိုသိပြီး ကလေးတွေကိုဒီထက်မက သင်ပေးနိုင်တဲ့သူဖြစ်မှာပါ။” လို့ မော်ဖ ရေးမြာက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ရတဲ့ အခါမှာ စစ်ရှောင်တွေကို ကူညီတာတွေ လုပ်ခဲ့တယ်။
စစ်ရှောင်စခန်းတွေမှာ စာသင်ပေးတာ၊ အဝတ်အစားလှူတာ၊ အဟာရကျွေးတဲ့ကူညီမှုတွေလုပ်ဆောင်ရင်း ညဘက်ဆို ဂစ် တာတီးသီချင်းဆိုကြတဲ့အခါ ကလေးတွေက သဘောကျနှစ်သက်တဲ့အတွက် ဂီတသင်တန်းလေးစဖြစ်ခဲ့တယ်လို့ မော်ဖရေး မြာက ပြောပါတယ်။
” ဂစ်တာတီးပြီးသီချင်းဆိုပြတဲ့အခါ ကလေးတွေက သဘောကျကြတယ်။အဲ့ဒါကြောင့် ဂစ်တာသင်မလားလို့ စကားစရာကနေ သင်ပေးဖြစ်သွားပါတယ်။” လို့ မော်ဖရေးမြာက ပြောတယ်။
ထဲဖိုးဂီတသင်တန်းကျောင်းက ဒီးမော့ဆိုနဲ့ ဖရူဆိုဒေသမှာရှိတဲ့ စစ်ရှောင်စခန်းတွေက ကလေးတွေကို တယော၊ဂစ်တာ၊ ကီးဘုတ်နဲ့ Music Theory တို့ကို သင်ကြားပေးသလို အချို့စစ်ရှောင်စခန်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ကျောင်းချိန်မှာ သင်ကြားပေးပါတယ်။
စစ်ရှောင်စခန်းက ကလေးတွေက စစ်ပွဲတွေကြောင့် ကျောင်းမတက်ရ၊ လွတ်လွတ်လပ်လပ် ဆော့ကစားရ မလုပ်နိုင်ချိန် ဒီလို သင်ကြားမှုတွေရှိတဲ့အခါ ကလေးတွေက စိတ်အားထက်သန်စွာနဲ့ သင်ယူကြတယ်လို့ ဆိုတယ်။
” ကလေးတွေကျတော့ တယောနဲ့ကီးဘုတ်နဲ့ဂစ်တာကိုစိတ်ဝင်စားကြတယ်။ သီအိုရီကျတော့ နည်းနည်းလေးအားနည်း တယ်။” လို့ မော်ဖရေးမြာကပြောပါတယ်။
စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားရာ ကရင်နီဒေသမှာ စစ်ရှောင်ဦးရေက နေ့စဉ်နဲ့ အမျှတိုးလာပါတယ်။
ကရင်နီဒေသက စစ်ဘေးရှောင်ဦးရေ တတိယအများဆုံးဖြစ်သလို စစ်ရှောင်အရေအတွက် နှစ်သိန်းခွဲရှိတဲ့အနက် ၇၅ ရာခိုင် နှုန်းခန့်က ကလေးနဲ့အမျိုးသမီးတွေပါ။
စစ်ရှောင်စခန်းက ကလေးအများစုမှာလည်း နေအိမ်မှာ လုံလုံခြုံခြုံ အိပ်စက်ရတာမဟုတ်တာကြောင့် ခြင်ကိုက် ဖြုတ်ကိုက်နဲ့ အနာတွေဖြစ်တာ၊ ရေရှားတဲ့နေရာမှာနေထိုင်တဲ့ ကလေးတွေမှာလည်း ယားယံတာ ဝမ်းလျှောဝမ်းပျက် ရောဂါတွေ ဖြစ်ပွား ကြပါတယ်။
” ဖြစ်သလိုအသက်ရှင်ယုံတမယ် နေနေရတော့ မိဘတွေကအစ ကလေးတွေအဆုံး ကျန်းမာရေးချူချာပြီး စိတ်ပိုင်းဆိုင်ရာ လည်း ဒဏ်ရာရလာတယ်။” လို့ ဆိုတယ်။
ကလေးတွေမှာ နေအိမ်တွေကနေစွန့်ခွာပြီး စစ်ရှောင်စခန်းမှာပဲ နေ့စဉ်နဲ့အမျှ ချို့ချို့တဲ့တဲ့နဲ့ နေထိုင်စားသောက်ရ လက်နက် ကြီးသံ၊ လေယာဉ်သံ ကြားရင် ပြေးလွှားပုန်းရှောင်ရနဲ့ မလုံခြုံမှုတွေကြား စိတ်ဒဏ်ရာတွေအပြည့်နဲ့ပါ။
သူတို့ရဲ့နေစဉ်ဘဝမှာ ကြားသိမြင်တွေ့နေရတာတွေက တိုက်ပွဲတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းက တိုက်ခိုက် လို့ လေယာဉ်သံကြားတာနဲ့ ဘေးလွတ်ရာ ရှောင်ရှားရတာတွေပဲဖြစ်တော့ ကလေးတွေမှာ စိတ်ဒဏ်ရာပိုကြီးတာတွေ့ရတယ် လို့ ဆိုတယ်။
” စိတ်ပိုင်းဆိုင်ရာမှာဆိုရင် ကလေးတွေက သိပ်မပြောတတ်ဘူး။ ပုံပဲဆွဲကြတယ်။ သေနတ်ပုံတို့လေယာဉ်ပုံတို့ လေယာဉ် ဗုံးကြဲနေတဲ့ ပုံတွေများတယ်။ သူတို့တွေကသိမ်ငယ်လာတယ်။” လို့ မော်ဖရေးမြာကပြောတယ်။
ဒီအတွက်ကြောင့်လည်း ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေလျော့ပါးစေဖို့ ထဲဖိုးသင်တန်းကျောင်းကနေ ကလေးတွေနှစ်သက်တဲ့ ဂီတသံစဉ်တွေ၊တူရိယာတွေနဲ့ သင်ကြားပေးသလို စိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်စေတဲ့ လှုပ်ရှားမှုတွေလည်း လုပ်ဆောင်ပေးရ တယ်လို့ဆက်ပြောတယ်။
” အဲ့ဒါကသူတို့စိတ်ပိုင်းဆိုင်ရာအရအများကြီး အထောက်အပံ့ဖြစ်ပါတယ်။ မိဘတွေအတွက်ရောပါပဲ။” လို့မော်ဖရေးမြာက ပြောပါတယ်။
မော်ဖရေးမြာတို့က ဂီတသင်ကြားမှုကို တစ်နေရာနဲ့တစ်နေရာ လှည့်လည်သင်ကြားကြတဲ့အခါ တိုက်ပွဲကာလဖြစ်တော့ လုံခြုံ ရေးအတွက် စိုးရိမ်ပူပန်ရသလို ရာသီဥတုနဲ့လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေလည်း ကြုံရပါတယ်။
နေရာတစ်ခုထဲမှာ အထိုင်ချသင်တာမဟုတ်ဘဲ စစ်ရှောင်စခန်းတွေကို လှည့်လည်သွားတဲ့အခါ တူရိယာတွေ တစ်နေရာနဲ့ တစ် နေရာ သယ်ယူရတာလည်း အခက်အခဲတစ်ခုပါ ။
အထူးသဖြင့် တိုက်ပွဲကာလဖြစ်တဲ့အတွက် စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ လေကြောင်းက ပစ်ခတ်တာ တွေ အမြဲရှိတော့ လူတွေရှောင်ပုန်းရသလို တူရိယာတွေကိုလည်းရွှေ့ပြောင်းရပါတယ်။ အဲဒီလိုရွှေ့ပြောင်းချိန်ဆို တူရိယာ ပစ္စည်းတွေ ပျက်စီးတာတွေက အမြဲကြုံရတယ်။
” တစ်ခါရွှေ့ရင်ပစ္စည်းတွေ အပျက်အစီးရှိပါတယ်။ ပြီးတော့ အလှူရထားတဲ့ တယောတွေရှိတယ်။ အဲ့ဒီတယောတွေက ရာသီ ဥတု အခြေနေပေါ်မှာမူတည်ပြီး ပျက်သွားရတာ များတယ်။” လို့ မော်ဖရေးမြားက ပြောတယ်။
ဒီလိုအခက်အခဲတွေရှိပေမယ့်လည်း ကလေးတွေမှာ ပျော်ပျော်ရွှင်ရွှင်သင်ကြားကြသလို သင်တန်းပြီးတဲ့အခါမှာလည်း ဆက် လေ့လာအသုံးချရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေရှိလာတာ တွေ့ရတယ်လို့ဆိုတယ်။
လက်တလောမှာ မော်ဖရေးမြာနဲ့ဆရာမတစ်ဦးတို့က စစ်ဘေးရှောင် ကလေးတွေ ကို ဂီတပညာတွေမျှဝေပေးနေပြီး စိတ်မလုံ ခြုံမှုနဲ့နေရတဲ့ ကလေးတွေ စိတ်ဒဏ်ရာလျော့ပါးစေချင်သလို၊ အနုပညာဝါသနာပါတဲ့ကလေးတွေ မွေးထုတ်ပေးချင်တယ်လို့ ဆိုတယ်။
” ကလေးတွေကိုပြောချင်တာကအမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေပေးကြပါ၊လုပ်ပေးချင်တာတွေ အများကြီးရှိပေမယ့် အများကြီး မလုပ်ပေးနိုင်တာ အားနာပါတယ်။” လို့ မော်ဖရေးမြာက ပြောပါတယ်။
ဂီတပညာနဲ့ စာသင်တာကိုဝါသနာပါပြီးကလေးတွေကို မျှဝေသင်ကြားပေးချင်တဲ့ မော်ဖရေးမြာကတော့ အေးချမ်းတဲ့အချိန် ကျရင် ဂီတကျောင်းဖွင့်ပြီး ကလေးတွေကိုသင်ကြားရင်း ဖြတ်သန်းသွားချင်တယ်လို့ ဆိုပါတော့တယ်။
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.