အိန္ဒိယနယ်စပ်ရောက် ရုန်းကန်နေရသည့် အမေ့ခံ CDM ဝန်ထမ်းများ

September 1st, 2023  •  Author:   The Irrawaddy  •  1 minute read

By Emily Fishbein

စစ်အာဏာသိမ်းပြီးနောက် ထောင်နှင့်ချီသော မြန်မာပြည်သူများသည် အိန္ဒိယနယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးကာ မီဇိုရမ် ပြည်နယ်ထဲတွင် ခိုလှုံကြရသည် / Emily Fishbein / Al Jazeera

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်း မြန်မာနိုင်ငံရှိ ဇာတိချင်းပြည်နယ်အထိ ရှည်လျားသည့် စိမ်းလန်းသော တောင်တန်းများကို မိုးနေသည့် ကွန်ကရစ်အိမ်ရှေ့ ကွင်းပြင်တွင် ဂရေ့စ်သည် သူ၏နိုင်ငံ ပညာရေးဌာနတွင် အလုပ်လုပ်ခဲ့သည့် နေ့ရက်များကို ဝမ်းနည်းစွာ ပြန်လည် အမှတ်ရနေသည်။

“လစာနည်းပေမယ့် အဲဒီအလုပ်ကို ကျမ အရမ်းတန်ဖိုးထားတယ်” ဟု သူက ပြောသည်။ “ကျမက အိမ်မှာ နေတာထက် ရုံးမှာနေတာ ပိုများပြီး ရုံးကို ပိုမိုအကျွမ်းတဝင်ရှိတယ်လို့ ခံစားရတယ်” ဟုလည်း ပြောသည်။

သို့သော် ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်သောအခါ ထိုအုပ်ချုပ်ရေးအောက်တွင် တာဝန်ထမ်းဆောင်ရန် သူ့အလုပ်သူ အာရုံမစိုက်နိုင်တော့ပေ။

“အစိုးရဝန်ထမ်း တယောက်အနေနဲ့ အလုပ်လုပ်ရတာ အသုံးမဝင်တော့ဘူးဆိုတာ ကျမ သဘောပေါက် လိုက်တယ်” ဟု ဂရေ့စ်က ပြောသည်။ “ကျမ တခါမှ ခွင့်မဲ့ မပျက်ကွက်ဖူးဘူး။ ဒါပေမယ့် ဒီတခါတော့ ဆန္ဒအလျောက် အလုပ်က ပျက်ကွက်လိုက်တယ်” ဟု ဆက်ပြောသည်။

ထိုစဉ်အခါက မြန်မာတနိုင်ငံလုံးမှ ပြည်သူ့ဝန်ထမ်းများသည် ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံကြောင်း သင်္ကေတအဖြစ် လက်ချောင်း သုံးချောင်းထောင်ပြီး အကြမ်းမဖက်သော ခုခံမှုသည် စစ်တပ်ကို နုတ်ထွက်စေမည်ဆိုသည့် အကောင်းမြင်စိတ်များ မြင့်မားနေကြသည်။ စုစုပေါင်း လူပေါင်း ၄၂၀,၀၀၀ သည် ထိုသပိတ်တွင် ပူးပေါင်းခဲ့ကြောင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

ထိုစဉ်အခါက မြန်မာတနိုင်ငံလုံးမှ ပြည်သူ့ဝန်ထမ်းများသည် ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံကြောင်း သင်္ကေတအဖြစ် လက်ချောင်း သုံးချောင်းထောင်ပြီး အကြမ်းမဖက်သော ခုခံမှုသည် စစ်တပ်ကို နုတ်ထွက်စေမည်ဆိုသည့် အကောင်းမြင်စိတ်များ မြင့်မားနေကြသည်။

နှစ်နှစ်ခွဲ ကြာသောအခါ နိုင်ငံသည် စစ်တပ်နှင့် စစ်တပ်ဆန့်ကျင်ရေး အင်အားစုများအကြား ပဋိပက္ခတွင် အခြေအနေ ဆိုးရွားနေပြီး လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) သည် စစ်အုပ်ချုပ်ရေး ဆန့်ကျင်ခုခံမှုတွင် အဓိကမဏ္ဍိုင်တခုအဖြစ် ဆက်လက် ရပ်တည်နေစဉ် ထိုလှုပ်ရှားမှုတွင် ပါဝင်သည့် ပြည်သူ့ဝန်ထမ်း ခန့်မှန်းခြေ ၂၁၄,၀၀၀ ဦးခန့်သည် ကြီးမားသော တန်ဖိုးတခု ပေးဆပ်နေရသည်။

စစ်တပ်သည် အတိုက်အခံ အားလုံးကို ကျယ်ပြန့်စွာ နှိမ်နင်းမှု တစိတ်တပိုင်းအဖြစ် ထိုပြည်သူ့ဝန်ထမ်းများကို လိုက်လံ ရှာဖွေနေသည်။ အတိုက်အခံများကို ဖြိုခွဲမှုအတွင်း လူပေါင်း ၂၄,၀၀၀ အဖမ်းခံရပြီး ၄,၀၀၀ ခန့် အသတ်ခံရကြောင်း လူ့အခွင့်အရေး မှတ်တမ်းပြုစုနေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်သူများကို ထောင်ချပြီး အချို့မှာ စစ်တပ်က စစ်မေးစဉ် သေသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသောကြောင့် ထောင်ပေါင်းများစွာတို့သည် ပုန်းအောင်နေထိုင်ရ သို့မဟုတ် နိုင်ငံမှ ထွက်ပြေးရသည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့အနီးရှိ ဒုက္ခသည်စခန်းတခု။ ယင်းဒုက္ခသည်စခန်းသည် မြန်မာစစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဒုက္ခသည်စခန်း ၈၁ ခုအနက် တခုဖြစ်သည် / Emily Fishbein / Al Jazeera

၎င်းတို့၏ အခက်အခဲများကို ပိုမိုဆိုးရွားစေသည်မှာ ပိုမိုနက်ရှိုင်းလာသော စစ်ပွဲကြောင့် အများအပြား ဒုက္ခရောက်ရခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ပြည်သူလူထုက စစ်အာဏာသိမ်းမှုကို လက်နက်စွဲကိုင် ခုခံတော်လှန်သောအခါ စစ်တပ်က ဗုံးကြဲခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် ရွာမီးရှို့ခြင်းများဖြင့် တုံ့ပြန်သောကြောင့် အာဏာသိမ်းပြီးနောက် နေအိမ်များကို စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းအထိ ရှိလာသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စစ်တပ်က ဂရေ့စ်၏ ဇာတိမြို့ဖြစ်သော ထန်တလန်ကို အမြောက်များဖြင့် ပစ်ခတ်ပြီး တနှစ်ကြာ မီးရှို့တိုက်ခိုက်မှု ပြုလုပ်သောကြောင့် အုတ်ခဲပုံအဖြစ်သာ ကျန်ရစ်ပြီး ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးရသည်။ ဂရေ့စ်နှင့် မိသားစုသည် အနောက်ဘက်သို့ ပြေးပြီး မြန်မာနှင့် အိန္ဒိယကို ပိုင်းခြားထားသည့် တီယိုချောင်းကို ဖြတ်ကာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ယာယီတဲစခန်းတခုတွင် ခိုလှုံခဲ့သည်။

ထိုဒေသတွင် ပြင်းထန်သော လေနှင့်မိုးက ၎င်းတို့၏ အမိုးအကာများကို ဖြိုလှဲပစ်သည်မှာ သုံးကြိမ်ရှိပြီးနောက် ရွာငယ်လေးတခုမှ အိမ်တလုံးကို ငှားရမ်းနေထိုင်ကြသည်။ ယခုအခါ ဂရေ့စ်သည် ကြက်များ၊ ဝက်များ မွေးထားပြီး ဥယျာဉ်ငယ်တခုကို စိုက်ပျိုးထားသော်လည်း အဓိကအားဖြင့် ပြည်ပမှဆွေမျိုးများ လွှဲပို့သောငွေနှင့် ဒေသဘုရားကျောင်းများက လှူဒါန်းမှုများဖြင့် ဖြတ်ကျော်နေရသည်။

“အိမ်နဲ့အဝေးမှာနေရတော့ ကျမတို့မှာ အခက်အခဲတွေ ရှိနေတယ်၊ ဒါပေမယ့် ကျမတို့ ဆန္ဒအတိုင်း အလျှော့ပေးမှာ မဟုတ်ဘူး” ဟု ပြောသည်။

“အိမ်နဲ့အဝေးမှာနေရတော့ ကျမတို့မှာ အခက်အခဲတွေ ရှိနေတယ်၊ ဒါပေမယ့် ကျမတို့ ဆန္ဒအတိုင်း အလျှော့ပေးမှာ မဟုတ်ဘူး”

ဂရေ့စ်သည် ယခု သတင်းဆောင်းပါးအတွက် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်နှင့် ဆီရာဟာ ခရိုင်များရှိ နယ်စပ်စခန်းများမှ တွေ့ဆုံမေးမြန်းခဲ့သည့် CDM ပြည်သူ့ဝန်ထမ်းများနှင့် မိသားစု ၁၄ ဦးအနက် တဦးဖြစ်သည်။ ၎င်းတို့သည် CDM လှုပ်ရှားမှုတွင် ပါဝင်ပြီးနောက် ရင်ဆိုင်ရသည့် ကြီးမားသော အခက်အခဲများကို ပြောကြားခဲ့သော်လည်း သူတို့က သပိတ်တိုက်ပွဲကို ဆက်လက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားကြသည်။ အများစုက ၎င်းတို့ မိသားစုများကို စစ်တပ်က လက်စားချေမည် စိုးရိမ်သောကြောင့် အမည်ဝှက်များဖြင့်သာ ပြောဆိုကြသည်။

ကျနော် ပြည်သူတွေကို မပစ်ခတ်ချင်ဘူး

အာဏာသိမ်းပြီး နောက်တနေ့တွင် ကျန်းမာရေးလုပ်သားများက စတင်ခဲ့သည့် CDM လှုပ်ရှားမှုသည် တနိုင်ငံလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ ထိုလှုပ်ရှားမှုတွင် မပါဝင်သူများသည် ပါဝင်ရန် ပြင်းထန်သော လူထုဖိအားကို ရင်ဆိုင်ရသည်။

ထိုလှုပ်ရှားမှုတွင် မပါဝင်သူများကို ပစ်မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်မှုများနှင့် စစ်တပ်က ထိန်းချုပ်ထားသည့် အဆောက်အအုံများကို တိုက်ခိုက်မှုများကိုလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုများက ပြုလုပ်ကြသောကြောင့် အလုပ်ဆက်လုပ်ရန် သတင်းပို့သူများအတွက် အန္တရာယ်ကြီးမားသည်။

သို့သော် အများအပြားအတွက် စစ်တပ်အုပ်ချုပ်ရေးအောက်တွင် အလုပ်မလုပ်ရန် ဆုံးဖြတ်ချက်သည် အဓိကအားဖြင့် ကျင့်ဝတ်ဆိုင်ရာ ရွေးချယ်မှု ဖြစ်သည်။

“အာဏာသိမ်းပြီးနောက် ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ စစ်တပ်က အဲဒီဆန္ဒပြပြည်သူတွေကို ပစ်ခတ်ဖို့ ရဲကို အမိန့်ပေးတယ်။ ကျနော်က ပြည်သူတွေကို မပစ်ချင်ဘူး။ ဒါကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်လိုက်တယ်” ဟု ၂၀၂၁ ခုနှစ်၊ မေလက ချင်းပြည်နယ်မြို့တော် ဟားခါးမှ ရဲစခန်းကို စွန့်ခွာခဲ့သည့် အမည်ပြောင်းထားသော ရဲအရာရှိ ဆလိုင်း ဘာဝီထန်က ပြောသည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့အနီးရှိ ဒုက္ခသည်စခန်းရောက် မိခင်နှင့် ကလေးတဦး / Emily Fishbein / Al Jazeera

ထန်တလန်တွင် တာဝန်ကျခဲ့သည့် အမည်ရင်း မပြောလိုသော ရဲအရာရှိ ကိုမောင်သည်လည်း ထိုနှစ် စက်တင်ဘာလတွင် စစ်တပ်က မြို့ကို တိုက်ခိုက်သောအခါ ဆက်လက် သည်းမခံနိုင်တော့ပေ။ “စစ်တပ်က ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တယ်။ အိမ်တွေကို မီးရှို့တယ်။ ပြည်သူတွေကို သတ်တယ်” ဟု သူကပြောသည်။ “ကျနော် ဆက်ပြီး သည်းမခံနိုင်တော့ဘူး” ဟုလည်း ပြောသည်။

ထိုသို့ ဘက်ပြောင်းလာသည့် ရဲအရာရှိများသည် နိုင်ငံမှ ပထမဆုံး ထွက်ပြေးသူများဖြစ်ပြီး အများအားဖြင့် မြေအောက်ကွန်ရက်များ၏ အကူအညီဖြင့် ထွက်ပြေးကြခြင်း ဖြစ်သည်။

“အဲဒီလို လုပ်ရတာ ခက်ခဲတယ်။ ကျနော်တို့ ဒီကို ဆိုင်ကယ်တွေနဲ့ ရောက်လာကြတာ။ ဘာပိုင်ဆိုင်မှုမှ မရှိတော့ဘူး” ဟု ဆလိုင်း မန်ဆူက ပြောသည်။ သူသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် တာဝန်ကျနေသည့် ဟားခါးမှ ဇနီးနှင့် ကလေး နှစ်ဦးနှင့်အတူ ထွက်ပြေးလာသည့် အမည်ပြောင်းထားသော ရဲအရာရှိ တဦး ဖြစ်သည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် စစ်တပ်နှင့် စစ်တပ်ဆန့်ကျင်ရေး ခုခံတော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်လာသောအခါ CDM လှုပ်ရှားမှုတွင် ပါဝင်သူများသည် အခြားသူများနှင့်အတူ အကြမ်းဖက်မှုမှ လွတ်မြောက်အောင် ထွက်ပြေးရသည်။ အများစုက မီဇိုရမ်ပြည်နယ်သို့ ပြေးကြပြီး အာဏာသိမ်းပြီးနောက် မီဇိုရမ်သို့ မြန်မာမှရောက်လာသူ ၅၂,၀၀၀ ကျော်ရှိကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း (CHRO) က ပြောသည်။ မီဇိုရမ်သို့ ထွက်ပြေးလာသူ ၃ ပုံ ၁ ပုံသည် စခန်းများတွင် နေထိုင်ပြီး ကျန်သူများက အိမ်ငှားကာ သို့မဟုတ် ဆွေမျိုးများထံတွင် နေထိုင်ကြောင်း အထက်ပါအဖွဲ့အစည်းက ခန့်မှန်းသည်။

အာဏာသိမ်းပြီးနောက် မီဇိုရမ်သို့ မြန်မာမှရောက်လာသူ ၅၂,၀၀၀ ကျော်ရှိကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း (CHRO) က ပြောသည်။

အရှေ့မြောက် နယ်ခြားပြည်နယ်တွင် ဘေးကင်သည့် ခိုလှုံရာနေရာ တွေ့ရှိသော်လည်း ၎င်းတို့သည် စိန်ခေါ်မှုသစ်များ ရင်ဆိုင်ရသည်။ အိန္ဒိယ ဗဟိုအစိုးရသည် ၎င်းတို့ကို ဒုက္ခသည်များအဖြစ် အသိအမှတ် မပြုဘဲ လူသားချင်းစာနာမှု အကူအညီလည်း မပေးပေ။ အများအပြားမှာ ဆက်လက် ရှင်သန်ရေးအတွက် ရုန်းကန်နေရသည်။

“ဒီမှာ အလုပ်ကရှားပြီး ကျနော်က အငြိမ်းစားယူရတော့မယ့် အရွယ်ဆိုတော့ အလုပ်ကြမ်း မလုပ်နိုင်ဘူး” ဟု ဟားခါးမှ ထွက်ပြေးလာသည့် ရဲအရာရှိ ဆလိုင်း မန်ဆူက ပြောသည်။ သူသည် ယခုအခါ နယ်စပ် ကျေးရွာတခုတွင် တလ ရူပီး ၃,၅၀၀ (၄၂ ဒေါ်လာ) ပေးပြီး အိမ်ငှားနေသော်လည်း မိသားစုအတွက် အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပေ။ “ဆန်နဲ့ ဆီ အလှူရတယ်။ အဲဒါနဲ့ပဲ အသက်ဆက်နေရတယ်” ဟု ၎င်းကပြောသည်။

ချန်ချန်ဟု အမည်ပြောင်းထားသည့် သပိတ်မှောက် ကျောင်းဆရာသည် အလုပ်ရှာရတိုင်း နေ့စား လုပ်သားအဖြစ် လုပ်ကိုင်ပြီး တနေ့လျှင် ရူပီး ၅၀၀ (၆ ဒေါ်လာ) ရသည်။ “ကျနော် နေ့တိုင်း အလုပ်လုပ်ရင်တောင် တလကို ရူပီး ၁၂,၀၀၀ (၁၄၅ ဒေါ်လာ) ပဲ ရနိုင်တယ်” ဟု ကလေး ငါးဦး၏ဖခင် ကျောင်းဆရာက ပြောသည်။ “ဒီငွေက အိမ်လခ၊ ကလေးတွေကို ကျောင်းပို့ဖို့နဲ့ နေ့စဉ် ဆက်လက်ရှင်သန်ဖို့ မလုံလောက်ဘူး။ ပြီးတော့ ကျနော့်မှာ နေ့တိုင်း အလုပ်ရှိတာ မဟုတ်ဘူး။ တပတ်ကို တခါ နှစ်ခါပဲ အလုပ်ရတာ” ဟု ၎င်းကပြောသည်။

သပိတ်မှောက်ရာတွင် ပါဝင်သူဖြစ်သည့် သူ၏ ညီမသည် ကနဦးက စားသောက်ဆိုင်တခုတွင် အလုပ်လုပ်သော်လည်း တပတ်လျှင် နာရီ ၆၀ ကျော် လုပ်ရပြီး လစာမှာမူ တလလျှင် ရူပီး ၅,၀၀၀ (ဒေါ်လာ ၆၀) သာ ရသောကြောင့် ထိုအလုပ်မှ ထွက်လိုက်သည်။ “အဲဒီဝင်ငွေက မလုံလောက်ဘူး။ မိသားစုအတွက် အချိန်မပေးနိုင်တော့ဘူး” ဟု ကျောင်းဆရာ၏ ညီမက ပြောသည်။

တစတစ ပိုမိုခက်ခဲလာ

ပြင်ပအထောက်အပံ့လည်း တစတစ ပိုမိုနည်းလာသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပျံ့နှံ့လာသည့် စုပေါင်းရန်ပုံငွေ ရှာဖွေသော လှုပ်ရှားမှုသည်လည်း လျှော့နည်းလာသည် သို့မဟုတ် လက်နက်ကိုင် ခုခံရေးလှုပ်ရှားမှုဘက်သို့ ပိုမို အဓိကထားလာနေချိန်တွင် NUG ထံမှ အထောက်အပံ့သည်လည်း အလားတူ အခြေအနေတွင်သာ ရှိနေသည်။

NUG သည် သပိတ်မှောက် ပြည်သူ့ဝန်ထမ်းများကို လစာအပြည့်အဝပေးမည်ဟု ၂၀၂၁ ခုနှစ်၊ ဧပြီလက ကတိပြုခဲ့သော်လည်း နောက်တနှစ်ကြာသောအခါ NUG အရာရှိများက ၎င်းတို့သည် ဘဏ္ဍာရေး အထောက်အပံ့ကို လက်နက်ကိုင် ခုခံတော်လှန်ရေးသို့ ဦးစားပေးနေရကြောင်း သတင်းစာရှင်းလင်းပွဲတခုတွင် ပြောပြီး ထိုဆုံးဖြတ်ချက်ကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူ နည်းသွားနိုင်ကြောင်းလည်း ၎င်းတို့ဝန်ခံသည်။

NUG အရာရှိများက ၎င်းတို့သည် ဘဏ္ဍာရေး အထောက်အပံ့ကို လက်နက်ကိုင် ခုခံတော်လှန်ရေးသို့ ဦးစားပေးနေရကြောင်း သတင်းစာရှင်းလင်းပွဲတခုတွင် ပြောပြီး ထိုဆုံးဖြတ်ချက်ကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူ နည်းသွားနိုင်ကြောင်းလည်း ၎င်းတို့ဝန်ခံသည်။

NUG သည် CDM လှုပ်ရှားမှုတွင် ပါဝင်သူများ ရင်ဆိုင်နေရသည့် ကြီးမားသော စိန်ခေါ်မှုများကို အသိအမှတ်ပြုပြီး အတတ်နိုင်ဆုံး အကောင်းဆုံး ဖြေရှင်းရန် ကြိုးစားနေကြောင်း NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က Al Jazeera သတင်းဌာနသို့ စာဖြင့်အကြောင်းပြန်ကြားသည်။ သို့သော် လိုအပ်ချက် အတိုင်းအတာနှင့် ရန်ပုံငွေစီးဆင်းမှုကို စစ်တပ်က ပိတ်ဆို့ရန် ကြိုးစားမှုအပါအဝင် အခြားစိန်ခေါ်မှုများ သမိုင်းတွင်လောက်အောင် စုဆုံနေသောကြောင့် ထိုသို့သော အားထုတ်မှုများကို အတားအဆီးဖြစ်စေကြောင်းလည်း ၎င်းကပြောသည်။

ထွက်ပြေးလာသည့် ရဲများနှင့် စစ်သားများသည် ၂ လ သို့မဟုတ် ၃ လလျှင် တကြိမ်ခန့် NUG ထံမှ ရူပီး ၁,၀၀၀ မှ ၂,၀၀၀ အထိ ရတတ်ကြောင်း မီဇိုရမ်ပြည်နယ်မှ CDM လှုပ်ရှားမှုတွင် ပါဝင်သူများက ပြောသည်။ “အဲဒီလစဉ် ထောက်ပံ့ငွေက မလုံလောက်ဘူး။ ကျနော်တို့ ဒီမှာ ကိုယ့်ဟာကိုယ် ရပ်တည်နေရပြီး ဆက်လက်ရှင်သန်ဖို့ ကိုယ့်နည်းနဲ့ကိုယ် ရှာဖွေနေရတယ်” ဟု ဟားခါးမှ ရဲအရာရှိ ဆလိုင်း ဘာဝီထန်က ပြောသည်။

အာဏာသိမ်းပြီးနောက် မီဇိုရမ်သို့ မြန်မာမှရောက်လာသူ ၅၂,၀၀၀ ကျော်ရှိကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း (CHRO) က ပြောသည် / Emily Fishbein / Al Jazeera

တချိန်တည်းတွင် အခြား အသက်မွေးဝမ်းကြောင်းနယ်ပယ်မှ လူများက ၎င်းတို့သည် နိုင်ငံမှ ထွက်ပြေးလာပြီးနောက်ပိုင်း NUG ထံမှ မည်သည့်အကူအညီမှ မရကြောင်း ပြောသည်။ “NUG က CDM ရဲတွေကို ကူညီတယ်လို့ ကြားတယ်။ ဒါပေမယ့် ကျနော်တော့ ဘာအကူအညီမှ မရဘူး” ဟု နေပြည်တော်မှ ပညာရေးဌာနတွင် လုပ်ခဲ့ဖူးသော ဗန်ကန်းက ပြောသည်။ ယခုအခါ သူသည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ရှိ ကျေးရွာတခုတွင် ဆဘူတီဟုခေါ်သည့် ရိုးရာပြောင်းဖူးစွတ်ပြုပ် ရောင်းနေသည်။

ဒေသခံ ပရဟိတအဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပေးသည့် ငွေသားမဟုတ်သော အကူအညီလည်း ခန်းခြောက်နေပုံရသည်။ “တချို့အဖွဲ့အစည်းတွေက သူတို့တတ်နိုင်သလောက် ဆန်နဲ့ ဆီ ပေးပေမယ့် ပုံမှန် မပေးနိုင်ဘူး” ဟု တန်းတန်းက ပြောသည်။ သူသည် မြန်မာတွင် ပညာရေးဌာန၌ လုပ်ကိုင်ခဲ့ပြီး ယခုအခါ မီဇိုရမ် ပြည်နယ် ဆီရာဟာခရိုင်တွင် CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ဦးဆောင်နေသူဖြစ်ပြီး သူ၏အမည်ကိုလည်း ပြောင်းလဲဖော်ပြရန် တောင်းဆိုခဲ့သည်။

“ဒေသခံပြည်သူတွေက တတ်နိုင်သလောက် ကူညီပေမယ့် ခဏပဲ။ လူတွေ နေ့စဉ်လိုအပ်ချက်အတွက် ပုံမှန် မထောက်ပံ့နိုင်တော့ဘူး။ ဒါကြောင့် တစထက်တစ ပိုမိုခက်ခဲလာနေတယ်” ဟု ၎င်းကပြောသည်။

“ဒေသခံပြည်သူတွေက တတ်နိုင်သလောက် ကူညီပေမယ့် ခဏပဲ။ လူတွေ နေ့စဉ်လိုအပ်ချက်အတွက် ပုံမှန် မထောက်ပံ့နိုင်တော့ဘူး။ ဒါကြောင့် တစထက်တစ ပိုမိုခက်ခဲလာနေတယ်”

CDM လှုပ်ရှားမှုတွင် ပါဝင်သူများ၏ မိသားစုများကိုလည်း ထိခိုက်မှုဖြစ်စေသည်။ အမည်ပြောင်းထားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေး ဂလိုရီယာပါသည် သူ၏မိခင် ဆရာဝန် သပိတ်တွင် ပါဝင်ပြီးနောက် ၂၀၂၁ ခုနှစ်၊ မတ်လတွင် မိသားစုနှင့်အတူ မီဇိုရမ်သို့ ထွက်ပြေးလာသူဖြစ်သည်။ “ကျမက ဒီက ဘာသာစကားကို နားမလည်တော့ ပထမတုန်းက ဒီမှာ တော်တော်လေး ခက်ခဲတယ်။ အခုတော့ ဒီဒေသနဲ့ အကျွမ်းတဝင်ဖြစ်သွားပါပြီ” ဟု သူကပြောသည်။

ထို့နောက်တွင် သူ့ကို ဒေသခံ အထက်ကျောင်းတွင် အပ်နှံပြီး အခြေအနေ သိသိသာသာ တိုးတက်လာသော်လည်း အချို့သူများအတွက် ထိုအပြောင်းအလဲသည် အတော်အတန် ပိုမိုခက်ခဲသည်။ ဖခင်ဖြစ်သူ ရဲတပ်ဖွဲ့မှ ထွက်ပြေးပြီး မီဇိုရမ်သို့ လိုက်ပါလာသူ အသက် ၂၁ နှစ်အရွယ် တဦးသည် လိုအပ်သော အရည်အချင်း သတ်မှတ်ချက်များ မမီသောကြောင့် တက္ကသိုလ်ပညာ ဆက်လက်ဆည်းပူးနိုင်ခြင်း မရှိပေ။

“ကျနော်က ဘွဲ့ရပြီး အလုပ်လုပ်နေသင့်ပြီ။ ဒါပေမယ့် အခုတော့ ကျနော့်မှာ ရွေးချယ်စရာ မရှိဘူး” ဟု သူကပြောပြီး လက်စားချေခံရမည် စိုးရိမ်သောကြောင့် အမည်ကို ဖော်ပြခြင်းမပြုရန် တောင်းဆိုသည်။ “တခါတလေ ဘုရားကျောင်းမှာ လူငယ်တွေလုပ်တဲ့ လှုပ်ရှားမှုရှိရင် ကျနော် သွားရောက်ပါဝင်တယ်။ ဒါပေမယ့် ဒီမှာ လူငယ်တွေအတွက် လုပ်စရာများများ မရှိဘူ။ ထိုင်နေရုံပဲ” ဟုလည်း ပြောသည်။

“အလုပ်သာရှိရင် ကျမကလေးတွေအတွက်၊ မိသားစုအတွက် အလုပ်လုပ်မှာပဲ။ ဒါပေမယ့် ဒီအခြေအနေမှာ ဒုက္ခသည်အဖြစ် ကျမမှာ မျှော်လင့်ချက်မရှိဘူး”

၂၀၂၁ ခုနှစ်၊ မေလက ထွက်ပြေးလာသည့် ရဲအရာရှိတဦး၏ဇနီးဖြစ်ပြီး အမည်ပြောင်းထားသူ ဒေါ်ခင်ခင်ကလည်း သူ့အခြေအနေကို စဉ်းစားသောအခါ စိတ်ဓာတ်ကျသကဲ့သို့ ခံစားရကြောင်း ပြောသည်။ “ကျမတို့ ဘယ်လို ဆက်လက်ရှင်သန်မလဲ ဆိုတာနဲ့ ကျမတို့ ကလေးတွေ ကျောင်းဘယ်လို တက်ရမလဲဆိုတာကို အမြဲတမ်း စဉ်းစားနေရတယ်” ဟု ပြောသည်။ “အလုပ်သာရှိရင် ကျမကလေးတွေအတွက်၊ မိသားစုအတွက် အလုပ်လုပ်မှာပဲ။ ဒါပေမယ့် ဒီအခြေအနေမှာ ဒုက္ခသည်အဖြစ် ကျမမှာ မျှော်လင့်ချက်မရှိဘူး” ဟု ၎င်းကပြောသည်။

ဂရေ့စ်အတွက်မူ သူ၏သား နေရာသစ်တွင် ရုန်းကန်နေရသည်ကို တွေ့ရခြင်းနှင့် သူ့အတွက် မထောက်ပံ့နိုင်ခြင်းသည် ခံစားရ အခက်ခဲဆုံးကိစ္စ ဖြစ်သည်။ ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် သူသည် အနာဂတ် ဒီမိုကရက်တစ် မြန်မာတွင် သူရည်ရွယ်ထားသည့် ဘဝကိုသာ အာရုံစိုက်နေရသည်။ “ကျမ အလုပ်ကို ပြန်သွားမယ်။ ထန်တလန်ကိုပြန်ပြီး ကျမရဲ့ အိမ်ကို ပြန်ဆောက်မယ်” ဟု ဂရေ့စ်က ပြောသည်။

(Al Jazeera ပါ Emily Fishbein ၏ Myanmar’s striking civil servants: Displaced, forgotten, but holding on ကို ဘာသာပြန်သည်။)


View the original