ခက်ခဲတဲ့ ရှေးရိုးစွဲတွေကြားက ရုန်းထွက်နိုင်တဲ့ တီချယ်မေ

August 28th, 2023  •  Author:   Kantarawaddy Times  •  1 minute read
Featured image

ကန္တာရဝတီတိုင်း(မ်)

“အခြောက်တယောက်ရှိတာ ငါတို့ရွာနာတယ်။ နောက်ခါ ငါတို့ရွာက ငါတို့အမျိုးကို ကြိုက်တယ်ဘာညာ လာပြောကြည့် လည်လှီးသတ်ပစ်မယ်။” စတဲ့ စကားလုံးတွေနဲ့ ခြိမ်းခြောက်ခံရတဲ့သူက LGBT တဦးဖြစ်တဲ့ တီချယ်မေ (အမည်လွှဲ)ပါ။

တီချယ်မေရဲ့ ဇာတိမြို့လေးဟာ လွိုင်ကော်ဖြစ်ပြီး မိသားစု ၅ ဦးထဲက သားလတ်တယောက်ဖြစ်ပါတယ်။
တီချယ်မေဟာ အသားအနည်းငယ်ညိုပြီး ပခုံးကျော်ကျော်ရှည်တဲ့ ဆံပင်ကိုပိုင်ဆိုင်ထားပါတယ်။ နှုတ်ခမ်းမွှေးလည်းရှိတဲ့အတွက် ယောင်္ကျားပီပီသသ သာနေလျှင် ခန့်ချောကြီးဖြစ်နေမယ်လို့ ခန့်မှန်းမိတယ်။
ဒါပေမဲ့ တီချယ်မေကတော့ ယောင်္ကျားလေးဆိုပေမဲ့ မိမိရဲ့ မွေးရာပါဇီ၀ဖွဲ့စည်းပုံကွဲပြားခြားနားမှုကြောင့် လိင်စိတ်ခံယူမှုကတော့ ကွဲပြားနေသူပါ။ အမျိုးသမီးဆန်ဆန်နေတတ်သူဖြစ်ကြောင်းကို သူရဲ့ အသွင်ပြင်နဲ့ ဝတ်စားဆင်ယင်ပုံကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။

တီချယ်မေဟာ ခေတ်ပညာတတ် လူငယ်တဦးဖြစ်ပြီး စီးပွားရေးနဲ့ ပတ်သက်တဲ့ ဒီပလိုမာဘွဲ့၊ Gender နဲ့ ပတ်သက်တဲ့ ဒီပလိုမာဘွဲ့၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က အင်္ဂလိပ်စာဘွဲ့နဲ့ Myanmar Institute of Theology က B.A(Business Studies) ဘွဲ့တွေ ရရှိထားသူပါ။

ဒါတွေမကပါဘူး။ ရန်ကုန် တက္ကသိုလ်မှာ မဟာဖွံဖြိုးရေးပညာရပ်ကို လေ့လာနေတဲ့ နောက်ဆုံးနှစ် ကျောင်းသားတဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းကာလမှာပဲ အများပြည်သူတွေနည်းတူ အာဏာရှင်စနစ်ကို ရွံမုန်းတာကြောင့် ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကနေ ကျောင်းသားအဖြစ် နှုတ်ထွက်ထားပါတယ်။

CDM ကျောင်းသားတဦးဖြစ်လာပြီးတဲ့နောက်မှာလည်း တခြားသော LGBT အဖွဲ့အစည်းများနှင့်အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်တဲ့ လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာမှာ ဒေသခံ နဲ့ စစ်ရှောင်ကလေးငယ်တွေကို ပညာသင်ကြားပေးနေသူပါ။ ဒီရွာကို သူငယ်ချင်းတဦးရဲ့ အဆက်သွယ်နဲ့ ရောက်လာခဲ့တာပါ။

လက်ရှိမှာ ကျေးရွာစာသင်ကျောင်းက Grade 10 အတန်းမှာ Economics နှင့် English ဘာသာရပ်ကိုသင်ကြားပေးနေခဲ့တာ တနှစ်ရှိနေပါပြီ။ ဒီဒေသမှာ တနှစ်ဝန်းကျင်လောက် နေထိုင်ခဲ့တဲ့အချိန်မှာ LGBT တဦးဖြစ်တဲ့ တီချယ်မေအတွက် စိန်ခေါ်မှုတွေအများကြီး ကြုံတွေ့ခဲ့ရပါတယ်။ တီချယ်မေ ရောက်နေတဲ့ ဒေသဟာ ရှေးရိုးစွဲ အယူအဆတွေ စွဲမြဲနေသေးတဲ့ ဒေသဖြစ်ပါတယ်။ တီချယ်မေရဲ့ ဝတ်စားဆင်ယင်ပုံ၊ စကားပြောဆိုပုံနဲ့ အပြုအမူတွေက ဒီဒေသက လူတွေအတွက် တမူထူးခြားနေတာကြောင့် တီချယ်မေတယောက် တခြားသူတွေနဲ့မတူသော ဆက်ဆံရေးမျိုးတွေနဲ့ ဆက်ဆံခံနေရတယ်လို့ ပြောပါတယ်။

“ကိုယ်က LGBT တယောက်ဆိုပြီးတော့ ပွင့်ပွင့်လင်းလင်း နဲ့ ဒီဘက်ဒေသကိုဝင်လာတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ပုံစံ၊ အပြောအဆို ၊အနေအထိုင်အပြုအမှု တွေကဒီဘက်ဒေသနဲ့ဆိုရင် တော်တော်များများက ထူးထူးဆန်းဆန်းကြီးကို စစချင်းအနေနဲ့တော့ တွေ့ကြုံခဲ့ရတယ်။ ဒီဘက် ကယန်းဒေသက ရှေးရိုးစွဲတော်တော်များတယ်။ မျက်စိပွင့်၊ နားပွင့်ဖြစ်တဲ့ လူငယ်တွေ နည်းတာကိုတွေ့ရတယ်။ ကိုယ့်ရဲ့အနေအထိုင်အပြောအဆိုနဲ့ပတ်သက်ပြီး shockရဖူးတဲ့လူတွေနဲ့လည်းတွေ့ရတယ်။” လို့ တီချယ်မေက ပြောပါတယ်။

ဒါ့အပြင် သူမရဲ့ အပြောအဆို ၊အနေအထိုင် ပုံစံတွေကြောင့် ကွယ်ရာမှာ လှောင်ပြောင်မှုတွေကိုခံနေရတဲ့အပြင်၊ ခြိမ်းခြောက်ပြောဆိုခံရတာတွေလည်းရှိနေပါတယ်။

“ဒီဆရာက မိန်းကလေးလား ဘာလား၊ ကိုယ်ကပုဆိုးအရောင်တောက်တောက်ဝတ်ရင် ထဘီကြီးကို ဘယ်က သွားခိုးလာတာလဲ စသည်ဖြင့် မကြားတကြားခနဲ့သံလေးတွေ ဒဲ့တော့လာမပြောကြပါဘူး။ ဒါပေမဲ့ ရွာကလူငယ်တချို့က မူးလာရင်စကားကျွံပြီးပြောလိုက်တာတွေတော့ ပြန်ကြားရတာပေါ့။ အခြောက်တယောက်ရှိတာ ငါတို့ရွာနာတယ်၊ ငါတို့အမျိုးကိုကြိုက်တယ် ဘာညာထပ်လာပြောကြည့် လည်လှီးသတ်ပစ်မယ် အဲ့လိုတွေ မူးလာတဲ့ချိန်မှာပြောကြတယ်။”လို့ တီချယ်မေက ပြောပါတယ်။

ဒီလိုပြောဆို ဝေဖန်မှုတွေကို တီချယ်မေကတော့ လက်တုံ့မပြန်ပဲ မသိသလိုသာ ရှောင်ထွက်ပါတယ်။ တခါတရံမှာတော့ ရွာထဲကို မသွားပဲ မိမိနေထိုင်ရာ စာသင်ကျောင်းဝန်းထဲမှာပဲ တိတ်တိတ်လေး နေဖို့ တီချယ်မေက ရွေးချယ်ဖြစ်ပါတယ်။

စာသင်ကျောင်းမှာ ကလေးတွေကို စာသင်ပေးတဲ့ အချိန်မှာလည်း ကလေးတွေဆီက ထူးဆန်းတဲ့ အကြည့်တွေ၊ မေးခွန်းတွေကို မကြာခဏဆိုသလို တီချယ်မေက အမေးခံရပါသေးတယ်။ ဒါတွေတင်မကပါဘူး စာသင်ကျောင်းဆရာ တဦးက လိင်စိတ်ကွဲပြားသူ တယောက်ဖြစ်နေတဲ့ အပေါ်မှာ ရွာစာသင်ကျောင်း အရှက်ရမယ်ဆိုတဲ့ အတွေးမျိုးလည်း ဒေသခံတွေက တွေးနေတယ်လို့ တီချယ်မေက ဆိုထားပါတယ်။

“ကိုယ့်ကိုနေရာပေးတဲ့အခါမှာဆိုရင်လဲ သူကဒါဖြစ်နေလို့ LGBT ဖြစ်နေလို့ ဒီနေရာနဲ့မထိုက်တန်ဘူး ဒီဟာနဲ့က အဆင်မပြေဘူး ငါတို့ကျောင်းကိုယ်စားပြုဖြစ်တယ်ဆိုလို့ရှိရင် အခြားကျောင်းကိုသွားရင် နင်တို့ကျောင်းက လွတ်လိုက်တဲ့လူက ဘယ်လိုကြီးလဲဆိုတာ ဝေဖန်ခံရမှာကိုတော့ တချို့တွေကကြောက်လန့်နေတာတွေတော့ မြင်တွေ့နေရတယ်” လို့ တီချယ်မေက ပြောပါတယ်။

တီချယ်မေကတော့ သူ့ရဲ့ဖြစ်တည်မှုအပေါ် ဝေဖန်နေကြတဲ့ သူတွေကို တခါတရံမေးခွန်းပြန်ထုတ်တတ်ပါတယ်။ အဲဒီလို မေးခွန်းထုတ်တဲ့အပေါ် ဝေဖန်သူတွေကတော့ အဖြေမရှိဘဲ တွန့်ဆုတ်သွားတတ်တယ်လို့ တီချယ်မေက ပြောပါတယ်။

“ဒီလိုဖြစ်တာတွေက လူမှုအသိုင်းအဝိုင်းမှာ အနှိမ်ခံရဖို့ထိုက်တန်ရဲ့လား ဆိုတဲ့မေးခွန်းကိုလဲ မေးကြည့်ချင်ပါတယ်။ အဲ့လိုမျိုးနှိမ်လိုက်တော့ သူတို့တွေဘာအကျိုးရလဲဆိုရင်ဘာအကျိုးမှမရပါဘူး။ ဒါပေမဲ့အနှိမ်ခံလိုက်ရတဲ့လူတွေမှာက ဘာဖြစ်သွားလဲဆိုလို့ရှိရင် စစချင်းမှာရှက်သွားလိမ့်မယ်။ နောက်ပိုင်းကျတော့ ကြောက်လာလိမ့်မယ်။ ပြီးတော့သူ့ကို လက်မခံတဲ့အသိုင်းအဝိုင်းကနေပြီးတော့ထွက်ပြေးသွားလိမ့်မယ်။ ဒါပေမဲ့ ကိုယ်တွေသည် ထွက်ပြေးတဲ့အတိုင်းအဝိုင်းထဲမှာ မပါဘူး ကိုယ့်ဖြစ်တည်မှုကို လက်ခံပြီးသားဖြစ်တယ်။ ဘာကြောင့်မို့လို့ ခြောက်နေတာလဲ ဘာလို့မိန်းမစိတ်ပေါက်နေတာလဲလို့မေးလို့ရှိရင် အဲ့လိုခြောက်နေတာမိန်းမစိတ်ပေါက်နေတာက နင့်ကိုဘာသက်ရောက်မှုရှိစေတာလဲဆိုတဲ့ ပုံစံမျိုးနဲ့သာ ကိုယ်က ပြန်လည်မေးခွန်းထုတ်လေ့ရှိတယ်။ အဲ့လိုမျိုးဆိုရင် ကိုယ့်ကိုမေးခွန်းလာထုတ်တဲ့သူတွေက အဖြေမရှိ ကြောင်အအ ဖြစ်သွားလေ့ရှိတယ်” လို့ တီချယ်မေက ပြောပါတယ်။

တီချယ်မေကတော့ စိတ်ဓါတ်ခိုင်မာသူတယောက်ပါ။ ဘယ်လိုပဲ ဝေဖန်ခံနေရပါစေ မျက်နှာမပျက်ပဲ သူ့အလုပ် သူဆက်လုပ်နေတတ်ပါတယ်။ သူနေထိုင်တဲ့ ဒေသက ရှေးရိုးစွဲ အယူအဆရှိသူတွေရဲ့ ဝေဖန်မှုတွေကို မမှုပဲ နေလာတာ တနှစ်ကျော်လာပါပြီ။ ရည်မှန်းချက်မပျောက်ဘဲ အခြားစာပေတွေကို အွန်လိုင်းကဆက်လက်လေ့လာပြီး ကလေးပညာရေးအတွက် ဆက်လက်ကြိုးစား လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

အဲဒါကြောင့်လည်း သူစာသင်နေတဲ့ ကျောင်းက ကလေးတွေရဲ့ ပညာရေးဟာ ပိုမိုတိုးတက်ကောင်းမွန်လာတယ်လို့ ဂုဏ်ပြုသံများ ပြန်လည်ကြားလာရပါတယ်။ ယခုချိန်မှာတော့ တီချယ်မေကို ဝေဖန်သူတွေ တဖြည်းဖြည်း နည်းလာပါပြီ…………..

“ကိုယ့်အနေနဲ့ ဒီဟာကိုဘယ်လိုတွန်းလှန်ခဲ့ရလဲဆိုတော့ သူများကကိုယ့်ကို ကိုယ်စားမပြုခိုင်းခဲ့သော်ငြားလဲ ကိုယ်ကရည်ရွယ်ချက် မပပျောက်နေဘူးဆိုရင် အဆင်ပြေတယ်ဆိုပြီး စာသင်တာကိုဘဲ တစိုက်မတ်မတ် လုပ်လာခဲ့ပြီးနောက်ပိုင်းမှ ကိုယ့်ကြောင့် ကျောင်းကဂုဏ်တက်တယ် ရွာကဂုဏ်တက်တယ်ဆိုပြီး ပြန်ကြားလာရတယ်ပေါ့။” လို့ တီချယ်မေးကပြောပါတယ်။

တီချယ်မေဟာ အခါအားလျှော်စွာ Gender နဲ့ ပတ်သက်တာတွေ၊ LGBT နဲ့ ပတ်သက်တာတွေကို ဒေသခံတွေဆီကို လည်း အသိပညာမျှဝေပေးတာတွေရှိပါတယ်။ ဒါတွေကြောင့်လည်း သူနေထိုင်တဲ့ ကျေးရွာက ဒေသခံတွေဆီက နားလည်လက်ခံလာတာတွေ ရှိလာခဲ့ပါပြီ။

လက်ရှိတော်လှန်ရေးကာလမှာ တခြားသူတွေနည်းတူ လိင်စိတ်ခံယူမှု ကွဲပြားသူတွေ ကလည်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွင်သာမက စစ်ရေးစစ်ရာ ကဏ္ဍ အသီးသီး တွင်လည်းပါဝင်နေကြတာကိုတွေ့မြင်ရပါတယ်။

သူတို့တွေဟာ တော်လှန်ရေးနယ်ပယ်မှာ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပေးနေကြတာကြောင့်လည်း လိင်စိတ်ကွဲပြားသူတွေကို ဝေဖန်ကဲ့ရဲ့တာတွေမပြုလုပ်ဘဲ မိမိဒေသကိုရောက်လာတဲ့အခါ ကြိုဆိုလက်ခံကြဖို့လည်း တီချယ်မေဟာ ယခုလို တောင်းဆိုပါတယ်။

“ယောင်္ကျားလေးအနေဖြင့်မွေးဖွားလာသော်လည်း မိန်းကလေးကိုမကြိုက်တတ်သောလူတွေကို မိန်းကလေးနဲ့အတင်းပေးစားတာမျိုး ယောင်္ကျားဆန်ဆန်နေဖို့ တိုက်တွန်းတာမျိုးတွေက ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါဘူး။ လိင်ဖြစ်တည်မှုအပေါ်ခွဲခြားဆက်ဆံခြင်းကင်းရှင်းကြပါစေ။ လိင်စိတ်ခံယူမှုအပေါ်ခွဲခြားဆက်ဆံခြင်းကင်းဝေးကြပါစေ။ မိမိ၏အတိတ်ကဖြစ်ရပ်အပေါ် သိမ်ငယ်ခြင်း အလျှင်း ပျောက်ကင်းကြပါစေ။ လို့ ဆုတောင်းပေးရင်း လူငယ်များအပေါ်စိတ်ဓာတ်မကျဖို့ မိမိဖြစ်တည်မှုကို လက်ခံပေးနိုင်ကြဖို့ စေတနာဖြင့် မျှော်လင့်တကြီးတောင်းဆိုလိုက်ပါတယ်။” လို့ တီချယ်မေ က ပြောပါတယ်။


View the original