ရိုဟင်ဂျာဒုက္ခသည်တွေ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်သားကောင်ဖြစ်လာ

August 25th, 2023  •  Author:   Radio Free Asia  •  1 minute read

RFA Burmese | 2023.08.25

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။ Photo: Antara Foto/Hayaturrahmah/via REUTERS

ပဋိပက္ခတွေနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတဲ့ ရိုဟင်ဂျာတွေဟာ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရေလမ်းရော၊ ကုန်းလမ်းပါသုံးပြီး နည်းမျိုးစုံနဲ့ ထွက်ခွာဖို့ ကြိုးစားနေကြပါတယ်။

ဒီလိုနေရပ်စွန့်ခွာဖို့အတွက် သူတို့ လိုရာခရီးကို ပို့ဆောင်ပေးမယ့်သူနဲ့ ချိတ်ဆက်ရပါတယ်။ အဲဒါကြောင့်ပဲ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်သားကောင်တွေဖြစ်လာတာပါ။

“ရွာကပွဲစားယူ(ခေါ်)သွားပါတယ်။ ပွဲစားက ရန်ကုန်ရောက်ပြီးမှ ထိုင်းအထိ ဆိုပြီးတော့ ယူ(ခေါ်)သွားတာ။ ၆၅ သိန်းကုန်သွားတယ်။ ပွဲစားက ဘာမှမဖြစ်ဘူးဆိုပြီး ယူ(ခေါ်)သွားတာ။ အိမ်ပေါင်မြေနေရာပေါင်၊ အတိုးနဲ့ယူ၊ ကမ္ဘာ့စားနပ်ရိက္ခာ စာအုပ်လည်း ပေါင်ပြီးတော့ ပေးရတယ်။ ပွဲစားကို ခဏခဏပြောတယ်။ ပွဲစားကဘာမှ ပြန်မပြောဘူး။ ငါတို့ဘယ်လိုဖြစ်နိုင်လဲ။ ဘယ်လိုလုပ်မလဲဆိုပြီး”

အသက် ၁၈ နှစ်အရွယ်သားဖြစ်သူ ထိုင်းကိုသွားဖို့ လူကုန်ကူးပွဲစားကို မြန်မာငွေ ၆၅ သိန်းပေးခဲ့ရပေမယ့် သားဖြစ်သူ အဖမ်းခံလိုက်ရပြီး အဆက်အသွယ်ပြတ်နေတဲ့အကြောင်း အသက် ၄၅ နှစ်အရွယ်ဖခင်ဖြစ်သူ ဘော်ချိုလ္လာ ပြောသွားတာပါ။

သူ့ရဲ့သားဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီးရွာကနေ ထွက်သွားပြီးတဲ့နောက် မကွေးတိုင်း၊ မင်းဘူးဘက်မှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းသာ ကြားခဲ့ရပြီး အခုချိန်အထိ အဆက်အသွယ်ပြတ်နေတာဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေက တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဒုက္ခသည်စခန်းတွေနဲ့ ရိုဟင်ဂျာရွာတွေမှာ အဲဒီလိုဖြစ်စဉ်တွေ မကြာခဏ ဖြစ်နေတယ်လို့ ရိုဟင်ဂျာတွေက ပြောကြပါတယ်။

စစ်တွေမြို့နယ်၊ အုန်းတောကြီး(မြောက်)ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် (မောင်)မမောတ်ဆော်လိမ်ဆိုသူကို လူကုန်ကူးသူတွေက ရသေ့တောင်ဘက်မှာ အလုပ်ရမယ်ဆိုပြီး မိဘတွေမသိအောင် ခေါ်သွားပြီးနောက် ငွေကျပ်သိန်းခြောက်ဆယ်နဲ့ ပြန်ရွေးဖို့ ဖိအားပေး အကျပ်ကိုင်ခံနေရတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

“သိန်းခြောက်ဆယ်‌ပေးရမယ်လို့ပြောတယ်။ သိန်းခြောက်ဆယ်ပေးရင် ခင်ဗျားတို့ သားကို ပြန်ပေးမယ်လို့ ပြောတာ။ သူတို့က ပိုက်ဆံကို မဆပ်နိုင်ပါ။ ဒါပေမဲ့ အတတ်နိုင်ဆုံး သိန်း သုံးဆယ်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကလေးကို မပေးပါ။ သူတို့က အခုဘာပြောလဲဆိုရင် ပိုက်ဆံပေးရင်ပေး မပေးရင် ခင်ဗျားသားကို အသေသတ်မယ်”

ဒီပြန်ပေးဆွဲ လူကုန်ကူးမှုအတွက် စစ်တွေမြို့မ ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့် ရဲစခန်းဘက်ကတော့ အခုအချိန်အထိ တစ်စုံတစ်ရာတုံ့ပြန်တာ မရှိသေးဘူးလို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတစ်ခု ဒါမှမဟုတ် ရိုဟင်ဂျာတွေနေထိုင်တဲ့ ရွာတစ်ရွာမှာ လူကုန်ကူးသူ အနည်းဆုံး သုံးဦးထက်မနည်း ရှိနေကြပါတယ်။ သူတို့အားလုံးဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ မျက်မြင်ကြုံခဲ့ရသူတွေက ပြောပါတယ်။

 

ဒုက္ခသည်စခန်း ဒါမှမဟုတ် ရိုဟင်ဂျာရွာမှာရှိနေတဲ့ ပထမအဆင့် လူကုန်ကူးသူတွေဟာ ဒုတိယအဆင့် လူကုန်ကူးတဲ့အဖွဲ့နဲ့ ဆက်ပြီးချိတ်ဆက်ရပါတယ်။

ဒုတိယအဆင့် လူကုန်ကူးတဲ့အဖွဲ့က ရိုဟင်ဂျာတွေကို ပို့ဆောင်ဖို့ လှေ ဒါမှမဟုတ် ကားစီစဉ်ရပါတယ်။ အဲဒီကမှတစ်ဆင့် ရန်ကုန်၊ ထိုင်းနဲ့ မလေးရှား ဘက်ကိုရောက်ဖို့ တတိယအဆင့်လူကုန်ကူးပွဲစားတွေက ဆက်ပြီးစီစဉ်ကြတာပါ။

ဒုတိယအဆင့်နဲ့ တတိယအဆင့် လူကုန်ကူးသူတွေဟာ ရိုဟင်ဂျာအပြင် ရခိုင်နဲ့ဗမာတွေလည်း ပါဝင်နေတယ်လို့ ရိုဟင်ဂျာအ‌ရေး အကူအညီ ပေးနေသူတွေကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကိုတော့ ရခိုင်ပြည်နယ်ထဲ ပြန်ခေါ်လာပြီးမှ စုရပ်တစ်ခုထားပြီး လူကုန်ကူးကြတာပါ။

RFA က ဒီအချက်အလက်တွေကို သိရဖို့ ရိုဟင်ဂျာ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးသူ၊ ဖမ်းဆီးခံ ရိုဟင်ဂျာတွေကို အကူအညီပေးသူတွေ၊ ရိုဟင်ဂျာရှေ့နေ၊ ဒုက္ခသည်စခန်းနဲ့ ရွာတွေမှာနေထိုင်တဲ့ရိုဟင်ဂျာတွေ၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ခေါင်းဆောင်တချို့နဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ စတဲ့ လူပုဂ္ဂိုလ် ဆယ်ဦးထက်မနည်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

လူကုန်ကူးမှု အသိပညာပေးရေး လှုပ်ရှားနေသူတစ်ဦးရဲ့ ပြောဆိုချက်အရ ရသေ့တောင်မြို့နယ် အနောက်ပြင်နဲ့ ညောင်ပင်ကြီးရွာဟာ လူကုန်ကူးတဲ့အဓိကနေရာ ဖြစ်နေပါတယ်။

“လူကုန်ကူးမှုလုပ်တဲ့သူတွေက အဆင့်ဆင့်ပေါ့နော်။ အဓိက Head ဂိုဏ်းကတော့ ရန်ကုန်တို့ ထိုင်းတို့မှာ ရှိမှာပေါ့။ အဲဒီကအဆင့်ဆင့် သူတို့က Camp ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ လူဆွယ်ပေးရင် နှစ်သိန်းပေးမယ်။ သွားမယ့်သူဆီက ငွေပေးစရာမလိုဘူး။ လူတစ်ယောက် ဆွယ်(လူကုန်ကူးဖို့ ချည်းကပ်)ရုံနဲ့ ဆွယ်ပေးတဲ့လူက နှစ်သိန်း ရသွားပြီလေ။ ထွက်တာကတော့ ရသေ့တောင်အနောက်ပြင်၊ ညောင်ပင်ကြီးကနေ ဘုတ်(စက်လှေ) တွေနဲ့ ထွက်တယ်။ အဲဒီမှာဆို ဘင်္ဂလားဒုက္ခသည်စခန်းက လူတွေလည်းလာကြတယ်။ ဘူးသီးတောင်၊ မောင်တော ကလည်းလာကြတယ်။ စစ်တွေကလည်းသွားကြတယ်။ အဲဒီနေရာက စုရပ် ဖြစ်နေတယ်”

ရခိုင်ပြည်နယ်ကနေ ထိုင်း၊ မလေးရှားနိုင်ငံဘက်ကို ရောက်ဖို့ ရိုဟင်ဂျာတစ်ဦးကို မြန်မာကျပ်ငွေ သိန်းခြောက်ဆယ်ကနေ သိန်း ၁၂၀ အထိ လူကုန်ကူးသူတွေကိုပေးရတာပါ။

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းဒုက္ခသည်စခန်းမှာ ခိုလှုံနေသူများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းဒုက္ခသည်စခန်းမှာ ခိုလှုံနေသူများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

 

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် ဒါကာကို သုံးသိန်းအထိ လူကုန်ကူးသူတွေကို ပေးရလေ့ရှိတယ်လို့ အဲဒီဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

လူကုန်ကူးသူတွေဟာ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး မပြေလည်သူတွေကို တခြားနိုင်ငံထွက်ဖို့ မက်လုံးပေးစည်းရုံးလေ့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် သင်္ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ကိုခင်မောင်က ပြောပါတယ်။

“ကျွန်တော်တို့ Report တွေ၊ မျက်မြင်သက်သေတွေ၊ ဒေသခံတွေပြောပြချက်အရ ကျွန်တော်တို့သိတာကတော့ Camp(ဒုက္ခသည်စခန်း)ထဲမှာလည်း လူကုန်ကူးတဲ့ ဂိုဏ်းတွေရှိတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်းရှိတယ်။ မြန်မာပြည်မှာလည်းရှိတယ်။ အားလုံးပေါင်းပြီးတော့ လုပ်တာ။ ဒုက္ခသည်စခန်းထဲမှာ စားဝတ်နေရေး အဆင်မပြေဘူး၊ မြန်မာပြည်မှာလည်းမပြန်နိုင်ဘူး။ အဲလိုဆို ခင်ဗျားတို့ဒီအတိုင်း တစ်သက်လုံး နေမှာလား ခင်ဗျားတို့ကို မလေးရှားနိုင်ငံပို့ဖို့ ကူညီပါမယ်ဆိုရင် လက်ခံကြတာပေါ့။ အဲလိုပုံစံနဲ့သူတို့ (လူကုန်ကူး သူ)စည်းရုံးနေတာလေ”

နေရပ်စွန့်ခွာတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးခံရရင် လူကုန်ကူးသူတွေကို ဖမ်းဆီးအရေးယူတာ သိပ်မတွေ့ရဘူးလို့ ဖမ်းဆီးခံရိုဟင်ဂျာတွေကို ဥပဒေအရ ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

လူကုန်ကူးသူတွေဟာ သူတို့ကိုဖမ်းမမိနိုင်အောင် ကွင်းဆက်ဖြတ်ထားတဲ့ ပုံစံရှိတယ်လို့ ဖမ်းဆီးခံ ရိုဟင်ဂျာတွေကို ဥပဒေအရ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“တကယ် ဖမ်းမိတယ်ဆိုရင် ပွဲစားကိုမဖမ်းမိဘူး။ မော်တော်ဘုတ်ပိုင်ရှင်ကို မဖမ်းမိဘူး။ ဖမ်းမိတာက မော်တော်ဘုတ်စာရေးရယ် အဲဒီမှာပါလာတဲ့ လုပ်သားတွေပဲ။ ကျွန်တော့် အမြင်ပေါ့နော် ပွဲစားတွေကို အရေးယူမယ်ဆိုရင် သူတို့(လူကုန်ကူးခံရတဲ့ရိုဟင်ဂျာ)တွေ ကိုယ်တိုင်က ဒီနေရာ ဒီနေရာမှာရှိတယ်။ သူတို့(လူကုန် ကူးသူ) တွေနဲ့သွားတာပါဆိုပြီး အမှုဖွင့်ရမယ်”

လူကုန်ကူးမှုတွေဟာ ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီ ထိန်းချုပ်ရာဒေသမှာလည်း ဖြစ်သလို ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်တဲ့ ဒေသမှာလည်း ဖြစ်နေတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီလူကုန်ကူးမှုတွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ ဆိုတဲ့မေးခွန်းကိုတော့ ဒေသခံတွေက သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တာကြောင့် ဖြေဖို့ငြင်းဆိုကြပါတယ်။

“လူကုန်ကူးမှုလုပ်တဲ့သူတွေက အဆင့်ဆင့်ပေါ့နော်။ အဓိက Head ဂိုဏ်းကတော့ ရန်ကုန်တို့ ထိုင်းတို့မှာ ရှိမှာပေါ့။”

လူကုန်ကူးမှုတွေဟာ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ဒေသတွေမှာပါ ဖြစ်ပွားနေတာလို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီးAA ပြောခွင့်ရသူ ခိုင်သုခကကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာလည်း လက်ခံမဖြေကြားပါဘူး။

မြန်မာနိုင်ငံဟာ လူကုန်ကူးမှု ပပျောက်ရေးအတွက် သိသာထင်ရှားတဲ့ ကြိုးပမ်း ဆောင်ရွက်မှု မရှိသလို လူကုန်ကူးမှု တိုက်ဖျက်ရေးမှာလည်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အဆိုးဝါးဆုံးနိုင်ငံ အဆင့် ၃ နေရာမှာရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၂၃ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကတော့ လူကုန်ကူးမှုတွေကို ထိထိရောက်ရောက် မတားဆီးနိုင်ဘူးဆိုရင် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေဟာ ကမ္ဘာပေါ်မှာ လူကုန်ကူးမှု အများဆုံးနေရာ ဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“အလုပ်အကိုင် အခွင့်အလမ်းမရှိတဲ့ အခါကျတော့ လူတွေက ကျင့်ဝတ်ပိုင်းဆိုင်ရာ မမှန်ကန်တဲ့ အလုပ်တွေလုပ်ဖို့ လုံးဝ ဝန်မလေးတော့ဘူး။ သူများအသက် စတေးလိုက်ရ စတေးလိုက်ရ ကိုယ်ရှင်သန်ရပ်တည်ဖို့အတွက် အရေးကြီးတယ်။ လွယ်လွယ်ကူကူနဲ့ ဒီပိုက်ဆံတွေရနိုင်တယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ဒီလိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတဲ့နေရာမှာ အမျိုးသမီးတွေ၊ လူငယ်တွေကို ပစ်မှတ်ထားပြီး လူကုန်ကူးဖို့လုပ်တဲ့ ဟာတွေကရှိတယ်။ ကမ္ဘာပေါ်မှာ လူကုန်ကူးမှု အများဆုံးဖြစ်တဲ့ နေရာမှာလည်း ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကလည်း ပါလာနိုင်တယ်”

USAID ရဲ့ ၂၀၂၂ ခုနှစ်၊ မတ်လမှာ ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာတွေ ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ အစီခံစာထဲမှာတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံတွေကို ရွှေ့ပြောင်းအခြေချဖို့ကြိုးစားရင်း လူကုန်ကူးမှုတွေ ဖြစ်လာတယ်လို့ ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ အန္တရာယ်များပြီး အသက်ဆုံးရှုံးနိုင်ခြေများတဲ့ ပင်လယ်ပြင်ခရီးကို ထွက်လာကြတဲ့ ရိုဟင်ဂျာ ၂၄ဝဝ လောက်ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ခန့်မှန်းထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် ငါးဆပိုများလာတာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ရိုနေဆန်းလွင်ကတော့ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် နေရပ်စွန့်ခွာရင်း လမ်းမှာသေဆုံးသွားတဲ့ ရိုဟင်ဂျာ လေးရာကျော် ရှိတယ်လို့ RFA ကို ၂၀၂၃ ခုနှစ်၊ မတ်လတုန်းကပြောထားပါတယ်။

ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ လူကုန်ကူးမှုတွေကို ထိထိရောက်ရောက် တားဆီးပေးဖို့လိုသလို ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့ ကန့်သတ်မှုတွေကိုလည်း ဖြေလျော့ပေးဖို့လိုတယ်လို့ ထောက်ပြကြပါတယ်။

ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ လွတ်လပ်စွာသွားလာခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်တွေရဖို့ အစဉ်တစ်စိုက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။


View the original