22 August 2023
စင်ကာပူအခြေစိုက် ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ကို လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေ လွှဲပြောင်းရောင်းချနေတာတွေကို တားဆီးပေးဖို့ ပြည်တွင်း၊ ပြည်ပ အရပ်ဖက်အဖွဲ့အစည်း နှစ်ရာနီးပါးက စင်ကာပူအစိုးရကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီကို လက်နက်ရောင်းချနေတဲ့ ကုမ္ပဏီတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ထုတ်အရေးယူဖို့ အပါအဝင် အချက်သုံးချက်ကို တောင်းဆိုတာလို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု အဖွဲ့ဝင် ကိုစောအယ်မူးက RFA ကို ပြောပါတယ်။
“ပထမအချက်ကတော့ မြန်မာစစ်တပ်ကို စင်ကာပူ လက်နက်ကုမ္ပဏီတွေက လက်နက်ရောင်းချနေတာ ရှိ၊ မရှိကို ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ထုတ်ပေးဖို့ပါ၊ ဒုတိယအချက်က မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာတွေ ရပ်တန့်အောင် စင်ကာပူအစိုးရက ပိတ်ဆို့ပေးဖို့နဲ့ တတိယအချက်ကတော့ စင်ကာပူနိုင်ငံမှာ ရှိနေတဲ့ မြန်မာစစ်တပ်ရဲ့ အပေါင်းအပါ ခရိုနီတွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်ဆို့ပေးဖို့တွေကို တောင်းဆိုတာပါ”
သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့အပါအဝင် ပြည်တွင်း ပြည်ပက အရပ်ဘက်အဖွဲ့ နှစ်ရာနီးပါးက ဩဂုတ် ၂၂ ရက်နေ့မှာ အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာဖြစ်ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန်တို့ဆီ ပေးပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
စင်ကာပူအပါအဝင် နိုင်ငံအတော်များများက စစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်နေတာကြောင့် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေတာလို့ ပေးစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
စင်ကာပူကုမ္ပဏီတွေကနေ လက်နက်တင်ပို့တာတွေ ရပ်တန့်နိုင်မယ်ဆိုရင် မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် တိုက်ခိုက်နေတာတွေကို တားဆီးနိုင်မယ်လို့လည်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က မျှော်လင့်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံအရာရှိ တွမ်အင်ဒရူး (Tom Andrews)ရဲ့ ဒီနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံကနေ ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်းဖိုးနဲ့ စင်ကာပူကနေ ဒေါ်လာ ၂၅၄ သန်းဖိုး စစ်လက်နက်ပစ္စည်းတွေ တင်သွင်းခဲ့တယ်လို့ ပြောထားပါတယ်။ မြန်မာစစ်တပ်ဟာ စင်ကာပူနိုင်ငံကတဆင့် လက်နက်ဝယ်ယူတာ တတိယအများဆုံးဖြစ်နေပါတယ်။
ဒါကြောင့် စင်ကာပူအစိုးရက မြန်မာစစ်တပ်ကို အရေးယူဖို့ အရေးကြီးကြောင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတာ ရပ်တန့်ပြီး ဘဏ်အကောင့်တွေ ပိတ်သိမ်းအရေးယူလာတဲ့အထိ စင်ကာပူနိုင်ငံကို ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ကိုစောအယ်မူးက ပြောပါတယ်။
အိတ်ဖွင့်ပေးစာကို သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့အပြင် Burma Campaign UK၊ ရှေ့ပြေးအသံအဖွဲ့၊ ပြည်တွင်းသပိတ်အင်အားစုတွေနဲ့ ပြည်ပရောက်တိုင်းရင်းသားအဖွဲ့အစည်းတွေ စုပေါင်းပေးပို့တာဖြစ်ပါတယ်။
ဒီအဖွဲ့တွေရဲ့ ပေးစာနဲ့ပတ်သက်လို့ စင်ကာပူအစိုးရက လက်ရှိအချိန်ထိ မတုံ့ပြန်သေးပေမဲ့ တစ်စုံတစ်ရာ တုံ့ပြန်လာမယ်လို့မျှော်လင့်ထားပြီး ဆက်တိုက်ဖိအားပေးတောင်းဆိုသွားမယ်လို့လည်း ဆိုပါတယ်။
အရပ်ဘက်အဖွဲ့တွေရဲ့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.