ကရင်နီပြည်က ကိုယ်၀န်ဆောင် မိခင်ရဲ့ ခုခံ “စစ်”

August 18th, 2023  •  Author:   Kantarawaddy Times  •  1 minute read
Featured image

ကန္တာရဝတီတိုင်း(မ်)

လူဦးရေ သုံးသိန်း၀န်းကျင်ရှိတဲ့ ကရင်နီပြည်မှာ လက်ရှိနိုင်ငံရေးအခြေအနေအရ နှစ်သိန်းကျော်ကတော့ စစ်ရှောင်ဘ၀၊ စစ်ကြောင့် ထွက်ပြေးနေရတဲ့ဘဝတွေနဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရပါတယ်။ အဲ့ဒီ ကရင်နီ လူထုတွေထဲမှာလည်း ဒေါ်သန္တာအောင်တို့လို ကိုယ်၀န်ဆောင်မိခင်တွေလည်း အပါအ၀င်ပါပဲ။

အမျိုးသမီးတဦးက သားဖွားမီးယပ် ဖြစ်နေတဲ့အချိန်ဟာ သွေးသားအနုနယ်ဆုံး အချိန်ဖြစ်တယ်လို့ ကျန်းမာရေး ၀န်ထမ်းတွေဆီက သိရပါတယ်။

ကရင်နီပြည်မှာ နေ့စဉ်ရက်ဆက်နီးပါး ကြားရ၊ မြင်နေရတဲ့ စူးရှကျယ်လောင်ပြီး တဒိတ်ဒိတ်တုန်အောင် ကြောက်ဖို့ကောင်းတဲ့ တိုက်လေယာဉ်သံ၊ ဗုံးကြဲသံ၊ ဗုံးကွဲသံတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားမှာ သာမန်စစ်ဘေးရှောင်လူထုတွေနည်းတူ ဒေါ်သန္တာအောင်တို့လို ကိုယ်ဝန်ဆောင်တွေကလည်း တွေ့ရ၊ မြင်နေရ ပါတယ်။

ဒီလိုအသံတွေက ဘယ်ချိန်များ ကိုယ်ရှိနေတဲ့ဘက်ကို လှည့်လာမယ်ဆိုတာကို မသိနိုင်တဲ့အတွက် လက်နက်ကြီး ၊ လေယာဥ်ဗုံးသီးရဲ့ အန္တရာယ်ကို အမြဲနားစွင့်နေကြရတာပါ။

ဒေါ်သန္တာအောင်က ဗိုက်ထဲက ကလေးလေးကိုပွတ်သပ်ပေးနေရင်း ချောချောချူချူမွေးလာနိုင်ရင် သိပ်ကောင်းမှာပဲလို့ တီးတိုးပြောနေပါတယ်။

” အခုချိန်ဆို သူများလက်နက်ကြီးသံကြားတာနဲ့ ကိုယ်၀န်ပျက်ကျများတဲ့ချိန်ဆို။ ကိုယ်လည်းအဲ့လိုအသံကြားနဲ့ ကိုယ့် ရင်သွေးလေးပျက်ကျမှာလား အဲ့မျိုးလည်း၀မ်းနည်းရသေးတယ်ပေါ့နော။ ပူဆွေးပြီးတော့၀မ်းနည်းရတယ်ပေါ့။ စိုးရိမ်စိတ်တွေများတယ်လေး” လို့ ကိုယ်ဝန်သည်ဖြစ်တဲ့ ဒေါ်သန္တာအောင်က ပြောပါတယ်။

ဒေါ်သန္တာအောင်ရဲ့ ပတ်ဝန်းကျင်မှာ လက်နက်ကြီးသံတွေ၊ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ တုန်ခါမှုတွေကြောင့် ကိုယ်ဝန်ပျက်ကျမှုတွေဖြစ်နေတယ်လို့ ကြားသိရတဲ့အတွက် ဝမ်းထဲလွယ်ထားရဆဲဖြစ်တဲ့ ရင်သွေးငယ်အတွက် စိတ်ပူနေတာပါ။

တဖက်မှာလည်း ကရင်နီပြည်က အမျိုးသမီးတွေကို အကူအညီပေးနေတဲ့ ကယန်းအမျိုးသမီး အစည်းအရုံး ( KyWO) ရဲ့ စာရင်းကောက်ခံချက်အရ ၂၀၂၃ နှစ်စမှ ဇွန်လအထိ မီးတွင်းထဲမှာ သေဆုံးလျှက်မွေးလာတဲ့ လမစေ့ကလေးငယ် ၆ ဦး၊ မီးဖွားပြီးပြီးချင်း မိခင်သေဆုံးမှုက ၂ ဦး ရှိခဲ့တယ်လို့ KyWO အဖွဲ့၀င် မူခရစ္စတင်းက ဆိုပါတယ်။

ယခုလို ကလေးနဲ့ မိခင် သေဆုံးရတဲ့ အကြောင်းရင်းတွေကတော့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့်ဖြစ်သလို စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေယာဥ်ဗုံးကြဲမှုကြောင့်လည်း ဖြစ်တယ်လို့ မူခရစ္စတင်းးက အခုလိုပြောပါတယ်။

“လက်နက်ကြီးဒဏ်၊ ဗုံးကြဲတိုက်ခိုက်မှုဒဏ်၊ ဝင်ငွေလက်လှမ်းမမီနိုင်တာ၊ အလုပ်အကိုင်ရှားပါးတာ၊ ဆေးရုံဆေးခန်းတွေလည်း တရားဝင်ဖွင့်ခွင့်မရတာ၊ လက်လှမ်းမမီမှုနဲ့ အာဟာရပြတ်လပ်တာတွေကြောင့် ဖြစ်တယ်လို့ ပြောချင်ပါတယ်။” လို့ ကယန်းအမျိုးသမီးအစည်းအရုံး အဖွဲ့ဝင်ဖြစ်တဲ့ မူခရစ္စတင်းကပြောပါတယ်။

ဒီအချက်အလက်တွေဟာ ကယန်းအမျိုးသမီးအစည်းအရုံး -(KyWO)ကနေ လက်လှမ်း မီသလောက်ကောက်ယူထားတဲ့ အချက်အလက်သာဖြစ်ပြီး မြေပြင်မှာတော့ ဖြစ်စဥ်ပိုများနိုင်တယ်လို့ သူကဆိုပါတယ်။
စစ်ဘေးရှောင်ပိုများတဲ့ အရပ်ဒေသတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတဲ့ ဒေသတွေမှာ မိခင်နဲ့ ကလေး သေဆုံးမှု ပိုဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုယ်၀န်ဆောင်မိခင်တယောက်ဟာ ကိုယ်၀န်ဆောင်နေစဥ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့လိုအပ်နေပြီး၊ မခံယူနိုင်ရင် မိခင်နဲ့ကလေး နှစ်ဦးလုံးသေစေနိုင်တဲ့အထိ အကျိုးဆက်ဖြစ်လာနိုင်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ သားဖွားမီးယပ် အထူးပြုဆရာ၀န်တဦးကအခုလို ပြောပါတယ်။

” မသန်မစွမ်းဖြစ်တဲ့ထိမဟုတ်ဘူး သေတဲ့ထိဖြစ်နိုင်တယ်ဗျ။ ကလေး မွေးကင်းစမှာတင် သေတဲ့အခြေနေထိဖြစ်နိုင်တယ်။ မွေးကင်းစ ကလေးတင်မဟုတ်ဘူး မိခင်ပါသေနိုင်တယ်ပေါ့နော” လို့ အဆိုပါ အမည်မဖော်လိုတဲ့ သားဖွားမီးယပ် အထူးပြု ဆရာဝန်ကပြောပါတယ်။

ဒါပေမဲ့ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ ဒေါ်သန္တာအောင်တို့လို ကိုယ်ဝန်ဆောင်မိခင်တွေအဖို့ ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ အခက်အခဲတွေအများကြီးရှိနေကြတာပါ။

“အေပေါ့ ကိုယ့်ကလေး မသက်မသာဖြစ်နေတဲ့ အချိန်ဆို အနှိပ်သည်လည်းမရှိဘူး။ ဆေးခန်းသွားပြဖို့ဆိုလည်း OT ဆရာမဆိုလည်းမရှိဘူး။ အာထရာဆောင်း ရိုက်ဖို့ဆိုလည်းအဝေးကြီးသွားရ အဆင်မပြေဘူးပေါ့နော။ အခုချိန်ဆို ကိုယ်က စစ်ရှောင်တဲ့ တောကြားတောင်ကြားထဲမှာ နေရတဲ့အချိန်ဆို လမ်းလည်းဆိုး။ အဲ့ကြားမှာ ၀င်ငွေမရှိနဲ့ ယောင်္ကျား တဖက် ၀င်ငွေမရှိနဲ့ ကိုယ်သွားလာဖို့စရိတ်လည်းမရှိ။ ကိုယ့်ကလေးအာထရာဆောင်းရိုက်ချင်ဖို့ဆိုလည်း တခေါက်သွားလာဆို အဝေးကြီးပဲပေါ့နော အဆင်မပြေဘူးပေါ့နော”လို့ တောထဲမှာစစ်ရှောင်နေရတဲ့ ကိုယ်၀န်ဆောင်အမျိုးသမီး ဒေါ်သန္တာအောင် ကပြောပြပါတယ်။

ကရင်နီပြည်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ အခြေအနေဘယ်လိုရှိနေသလဲ။
ဒါ့ကြောင့်လည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ အခက်အခဲရှိနေတဲ့ စစ်ဘေးရှောင်နေကြတဲ့ ကိုယ်၀န်ဆောင်မိခင်တွေမှာ စိုးရိမ်စိတ်ဖုံးလွမ်းနေတဲ့ နေ့ရက်တွေကိုသာ ဖြတ်သန်းနေကြရပါတယ်။

ဒါတင်မကပါဘူး၊ ကုန်စျေးနှုန်း မြင့်တက်နေတဲ့အပြင် ၀င်ငွေကမရှိကြတဲ့ ဒေါ်သန္တာအောင်တို့လို စစ်ဘေးရှောင်တွေအဖို့ မီးဖိုခန်းထဲမှာ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ချက်ပြုတ်မစားနိုင်ကြတော့ပါဘူး။
အဓိက ရိက္ခာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား တွေကအစ အကုန်၀ယ်စားရပါတယ်။ တခြား အာဟာရဖြစ်စေတဲ့ အစားအစာ ကို စားသုံးမပေးနိုင်တဲ့အတွက်လည်း မွေးဖွားလာမဲ့ ရင်သွေးလေးအတွက် ကျန်းမာရေးဆိုင်ရာ စိတ်ပူစရာကိစ္စတွေ ရှိလာတယ်လို့ ဒေါ်သန္တာအောင်က ပြောပါတယ်။

” ကိုယ်စားချင်တဲ့ ဟင်းတွေလည်းမ၀ယ်စားနိုင်ဘူးပေါ့နော။ အသား၊ငါး လည်းမ၀ယ်စားနိုင်ဘူး။ အသီးအရွက်ဆိုလည်း သူများလာပေးမှပဲ ကိုယ်စားရတဲ့ဘ၀မျိုးပေါ့နော။ အဲ့လိုမျိုးဖြစ်နေတယ်ပေါ့နော အခုချိန်ဆို” လို့ ဒေါ်သန္တာအောင်က ပြောပြပါတယ်။

ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) ရဲ့ လက်တွေ့ကွင်းဆင်းမှုအရ စစ်ဘေးရှောင်နေတဲ့ ကိုယ်၀န်ဆောင်အမျိုးသမီး အတော်များများက အာဟာရပြတ်လပ်မှုကြောင့် ကိုယ်၀န်ပျက်ကျတာ များတယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် ကိုယ်၀န်ဆောင်မိခင်တွေ နလန်ပြန်ထူနိုင်ရေးအတွက် ဆေးကုသပေးတဲ့အစီစဥ် အာဟာရဖြည့်စွက်ပေးတဲ့အစီအစဉ်တွေကို လုပ်ဆောင်ပေးဖို့လိုတယ်လို့ KyWO ရဲ့ အဖွဲ့ဝင် မူခရစ္စတင်းကပြောပါတယ်။

“မိခင်တွေအနေနဲ့ နောက်ဆက်တွဲ ဆေးကုသရမဲ့အစီအစဉ်၊ နှစ်သိမ့်ဆွေးနွေးမှုအစီအစဉ်၊ အာဟာရဖြည့်စွက်မှုတွေလိုအပ်နေတယ်” လို့ လို့ KyWO ရဲ့ အဖွဲ့ဝင် မူခရစ္စတင်းကပြောပါတယ်။

ကရင်နီပြည်က စစ်ဘေးရှောင် ကိုယ်၀န်ဆောင် အမျိုးသမီး တွေဟာ အခြားသာမန်လူတွေနဲ့မတူပဲ လက်နက်ခဲယမ်းကြောင့် ဖြစ်တဲ့ “စစ်” ၊ ကျန်းမာရေး “စစ်” ၊ အာဟာရ “စစ်” ကို ကြံ့ကြံ့ခံ ခုခံတိုက်နေကြရဆဲ ဖြစ်ပါတယ်။

ဒီလို ကြမ်းတမ်းတဲ့ စစ်တွေကြားမှာ မွေးဖွားလာမဲ့ ရင်သွေးရဲ့မျက်နှာကို အသက်မသေဆုံးပဲ မြင်ချင်ပါသေးတယ်လို့ ဖွင့်ဟပြောဆိုကြပါတယ်။


View the original