စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်ပရောက်အနုပညာရှင်များ

August 13th, 2023  •  Author:   Radio Free Asia  •  1 minute read

စန်းမော်အောင် (ဝါရှင်တန်ဒီစီ) | 2023.08.13

စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းပါဝင်နေသည့် အနုပညာရှင် သရုပ်ဆောင် မြတ်နိုးအေး။ Photo: Myat Noe Aye/ Facebook

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေ၊ ဖမ်းဆီးခံရပြီး အကျဉ်းကျနေတဲ့ အနုပညာရှင်တွေလည်း များစွာ ရှိနေဆဲပါ။

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကို အားသွန်ခွန်စိုက်ပါဝင်တဲ့ အနုပညာရှင်တွေကို ဖမ်းဆီးတာအပြင် တိမ်းရှောင်နေကြတဲ့ အနုပညာရှင်တွေရဲ့ပိုင်ဆိုင်မှုတွေသိမ်းဆည်းတာ၊ နေအိမ်ချိပ်ပိတ်တာတွေကိုပါ လုပ်နေ သလို နိုင်ငံသားအဖြစ်ကပါ ရပ်စဲတာတွေ ရှိခဲ့ပါတယ်။

နိုင်ငံရေးမလုပ်ဆောင်ပါဘူးဆိုတဲ့ ခံဝန်ချက်တွေနဲ့အတူ ပြည်တွင်းမှာနေထိုင်ပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေသူတွေ ရှိသလို စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာ အနုပညာအလုပ်တွေရပ်တန့်ပြီး တော်လှန်ပုန်ကန်တဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။ အာဏာရှင်လက်အောက်မှာ မရှင်သန်လိုတဲ့ အနုပညာရှင်တွေကတော့ နောက်ဆုံးမှာ ပြည်ပနိုင်ငံတွေကို ထွက်ခွာလာရပါတော့တယ်။

 

အဲဒီအထဲမှာ မကြာခင်ကမှ အမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့ သရုပ်ဆောင် မြတ်နိုးအေးလည်း ပါဝင်ပါတယ်။

“နဂိုကတည်းက ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ပါဝင်တယ်။ ပါဝင်ရင်းနဲ့ ပိုပြီးစိတ်နာစရာတွေ ပိုများလာတယ်။ သူတို့တွေ လူတွေ သတ်တယ်။ ဖမ်းဆီးတယ်။ ကိုယ့်အနီးအနားက ကိုယ့်သူငယ်ချင်းတွေ သတ်ဖြတ် ခံနေရတယ်။ အဲဒီလိုမြင်တဲ့အချိန်မှာ ဆက်ရပ်တည်ပြီး ပါဝင်နေတာကို ရပ်ပစ်လိုက်ဖို့ ဘယ်လိုမှ လိပ်ပြာမလုံဘူး”

စစ်အာဏာရှင်တော်လှန်ရေးအတွက် ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ မြတ်နိုးအေးဟာ တော်လှန်ရေး ဇာတ်လမ်းတိုတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ သူတတ်စွမ်းသမျှနဲ့ တော်လှန်ရေးအတွက် အားဖြည့်ပေးရင်း ပြည်ပကနေ စစ်အာဏာရှင်ကို ဆက်ပြီး တော်လှန်နေဦးမှာပဲလို့ သူက ပြောပါတယ်။

“အောင်ပွဲရတဲ့အထိ ပြည်သူနဲ့တစ်သားတည်း အတူတူဆက်ရှိသွားမယ် ။ ဒါ မြတ်နိုး တော်လှန်ရေးမှာ စပါ ကတည်းက တော်လှန်ရေး နှစ်နှစ်ကျော်ကာလအထိ မပြောင်းလဲတဲ့‌ မြတ်နိုးရဲ့တစ်ကိုယ်စာရပ်တည်ချက်နဲ့ ခံယူချက်ပေါ့”

myatnoeaye4.jpg
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ပါဝင်ခဲ့သော သရုပ်ဆောင် မြတ်နိုးအေး။ (Photo: Myat Noe Aye/Facebook)

တေးသံရှင် နင်ဇီမေကတော့ တိုင်းရင်းသူတစ်ဦး ဖြစ်တာနဲ့အညီ တိုင်းရင်းသားတွေခံစားရတဲ့ စစ်ဘေးဒုက္ခတွေကို ခံစားနားလည်တယ်လို့ ဆိုပါတယ်။

“ကိုယ်တိုင်ကြုံတွေ့ရတာ မဟုတ်ဘူးဆိုပေမယ့်လည်း သူတို့ရဲ့ ခံစားချက်တွေကို အလုံးစုံမသိနိုင်ပေမယ့် ကိုယ်ချင်းစာတရားနဲ့ ဘယ်လိုမှစိတ်လည်းမကောင်းဘူး။ အိုးပစ်အိမ်ပစ်၊ မိသားစုတွေ မရှိတော့တဲ့သူတွေ အနာဂတ်တွေပျောက်ဆုံးနေတဲ့သူတွေအတွက် တတ်နိုင်သလောက်အကောင်းဆုံးကြိုးစားနေပါတယ်”

ငြိမ်းချမ်းရေးတေးသီချင်းတွေ ရေးစပ်သီဆိုတဲ့ တေးရေးလင်းထက်ကတော့ တော်လှန်ရေးအတွက် ခွန်အား ဖြစ်စေမယ့် တေးသီချင်းတွေကို ကိုယ်တိုင် ရေးစပ်သီဆိုနေပါတယ်။

 

တေးသီချင်းတွေက ခွန်အားဖြစ်စေတယ်လို့ သူက ယုံကြည်ထားပါတယ်။

“အနုပညာဆိုတာ တကယ်တမ်းတော့ တကယ်အင်အားကြီးပါတယ်။ စစ်ကောင်စီဆိုရင် အနုပညာသမားတွေကို သိပ်ကြောက်တာပေ့ါ။ အနုပညာဆိုတာ စိတ်ပိုင်းဆိုင်ရာအရ အားဖြည့်တဲ့အရာတစ်ခု ဖြစ်တယ်။ ဒီနေ့တော်လှန်ရေးမှာ အရှိန်အဟုန် မြှင့်ဖို့ရာအတွက် ကျွန်တော်တို့လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို အနုပညာကပေးနိုင်တယ်လို့ ကျွန်တော်က ယူဆတယ်”

နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူ အမှန်တရားဘက်တော်သားအဖြစ် မားမားမတ်မတ် ရပ်တည်တဲ့ အနုပညာရှင်အနေနဲ့ ရှိနေမယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း တစ်ဖြည်းဖြည်းများပြားလာတဲ့ စစ်ဘေးဒုက္ခသည် တိုင်းရင်းသားပြည်သူတွေအတွက် လိုအပ်ချက်တွေကလည်း တစ်နေ့တခြားများလာပါတယ်။ သူတို့ကို ကူညီနိုင်ဖို့အတွက် ပြည်ပရောက် မြန်မာ ပြည်ဖွားတိုင်းရင်းသားတွေက နည်းလမ်းအမျိုးမျိုးနဲ့ ရန်ပုံငွေရှာဖွေကြပါတယ်။

အဲဒီရန်ပုံငွေရှာဖွေဖို့နဲ့ ဒီမိုကရေစီပန်းတိုင်ကိုသွားနိုင်ရေး ကြိုးစားမှုတွေထဲမှာ ဒီအနုပညာရှင်တွေဟာ သူတို့ တတ်စွမ်းတဲ့ ဂီတအနုပညာနဲ့ ကူညီထောက်ပံ့နေကြတာဖြစ်ပါတယ်။


View the original