07 August 2023
Assistance Association for Political Prisoners
မင်းမဲ့တိုင်းပြည်အစီရင်ခံစာသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏မိသားစုများ ရင်ဆိုင် ကြံ့ကြံ့ခံခဲ့ရသည့် ၎င်းတို့ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသော ရက်စက်ကြမ်းတမ်းမှုများကို မီးမောင်းထိုး အနှစ်ချုပ် ဖေါ်ပြထားပါသည်။
နိုင်ငံရေးအကျဉ်းသားများ ၎င်းတို့၏မတရားပြစ်ဒဏ်များပြီးဆုံး၍ အကျဉ်းထောင်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ဆက်လက်ရင်ဆိုင်နေရသော ဆင်းရဲဒုက္ခများနှင့် စိတ်ဒဏ်ရာများအကြောင်းကို ဤအစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။ ၎င်းတို့ ဖမ်းဆီးခံရသည်နှင့်တပြိုင်နက် လူမဆန်သော ပြုမူဆက်ဆံမှု၊ နှိပ်စက်ညှဉ်းပန်းမှု တို့ဖြင့် စောင့်ကြိုနေသည့် ဆိုးရွားရက်စက်သော စစ်ကြောရေးကို အဆင့်ဆင့်ရင်ဆိုင်ရပါတော့သည်။ လွတ်မြောက်လာပြီးနောက်ပိုင်းတွင်လည်း တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ရပ်များ၏ နောက်ဆက်တွဲများက နိုင်ငံရေးအကျဉ်းသားများ၏ဘဝကို ဆက်လက်ထိခိုက်စေပါသည်။ နိုင်ငံရေးအကျဉ်းသားများသာ စိတ်ဒဏ်ရာ ရရှိ ခံစားကြရသည်မဟုတ်ဘဲ၊ ၎င်းတို့အကြမ်းဖက်ဖမ်းဆီးခံရချိန်တွင် မျက်မြင်ကြုံတွေ့ခဲ့ရပြီး ၎င်းတို့အား ထိန်းသိမ်းထားသောနေရာ၊ စွဲဆိုထားသောပုဒ်မများ၊ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတို့ကို သတင်း အစအနမျှပင် မရရှိခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ၊ ၎င်းတို့အပေါ် ချစ်ခင်သူများကိုပါ တူညီသော ထိခိုက်မှုများ ဖြစ်ပေါ်စေပါသည်။
မင်းမဲ့တိုင်းပြည်ကြောင့် ပေါ်ပေါက်လာသော ဘေးဒုက္ခများသည် နိုင်ငံရေးအကျဉ်းသား တစ်ဉီးချင်းစီထက် ပိုမို ကျယ်ပြန့်သောအခြေအနေသို့ ရောက်ရှိနေသည်။ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ၊ ချစ်ခင်မြတ်နိုး ရသူများသည် သတင်းအစအနမျှပင်ရရှိရန် များမြောင်လှသောလုပ်ဆောင်ချက်များကို ဖြတ်သန်း၍ အကူအညီ မဲ့စွာ ရုန်းထခဲ့ရသည့်အတွက် ပြင်းထန်သောစိတ်ဒဏ်ရာများ ရရှိခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားများ၏ ကံကြမ္မာမည်သို့ရှိနေကြောင်း သတင်းအစအနမျှပင် မရရှိခြင်းကြောင့် ၎င်းတို့ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရသော စိတ်ခံစားမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများကို ပိုမိုဆိုးရွားစေသည်။
“မည်သူတစ်ဦး၊ တစ်ယောက်မှ ၎င်းတို့နိုင်ငံ၏ အကျဉ်းထောင်အတွင်းသို့မရောက်မချင်း (ထောင်မကျမချင်း) သူ့ရဲ့နိုင်ငံအကြောင်းကို တကယ်မသိနိုင်ပါဘူး။ နိုင်ငံတနိုင်ငံကို သူတို့၏အဆင့်အတန်းအမြင့်ဆုံး နိုင်ငံသားများ အပေါ် မည်သို့ပြုမူဆက်ဆံသည်ကို မူတည်၍ အကဲမဖြတ်သင့်ပဲ၊ သူတို့၏အဆင့်အတန်းအနိမ့်ဆုံး နိုင်ငံသားများ အပေါ် မည်သို့ပြုမူဆက်ဆံသည်ကို မူတည်၍ အကဲဖြတ်ရမည်” ဟု မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ၏ ဘဝနှင့် ထပ်တူကျပြီး ခက်ခဲကြမ်းတမ်းမှုများကို ကျော်ဖြတ်လာခဲ့သည် နယ်လ်ဆင် မင်ဒဲလားက မိန့်ဆိုခဲ့သည်။ မိမိတို့၏ အခြေခံရပိုင်ခွင့်များနှင့် မိမိတို့နှင့်ထိုက်တန်သော ဂုဏ်သိက္ခာတို့အတွက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသော နိုင်ငံသားများအပေါ် စစ်တပ်၏ ရက်ရက်စက်စက်ဖိနှိပ်မှုခံနေရသည့် မြန်မာပြည်သူများ၏ အတိဒုက္ခနှင့်ပတ်သက်၍ မင်ဒဲလား၏ ဤအဆိုအမိန့်က နက်ရှိုင်းစွာ ပဲ့တင်ထပ်စေပါသည်။ ဤအစီရင်ခံစာတွင်ပါရှိသော အင်တာဗျူးများသည် မတရားမှုနှင့် ဆင်းရဲ၊ ဒုက္ခများကို စဉ်ဆက်မပြတ်ကျူးလွန်ခြင်းဖြင့် မိမိနိုင်ငံသားများ၏ စိတ်ဓါတ်ရေးရာအား ချိုးဖျက်ရန် စိတ်ဆုံးဖြတ်ထားသည့် အာဏာရှင်၏ ဆိုးရွားရက်စက်မှုများကို သက်သေခံနေပါသည်။
“သိမီသမျှ ခေတ်ကာလတလျှောက်မှာ ဒီကနေ့ကာလ ကြုံတွေ့နေရတာဟာ အဆိုးဆုံးအခြေအနေလို့ ပြောရမှာပါ။ အရင်အချိန်တွေက စစ်ကြောရေးတွေမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသူတွေရှိခဲ့ပြီး ထောင်ထဲရောက်ရင် အသက်အန္တရာယ်ကို အတိုင်းအတာတခုအထိ စိတ်အေးရပေမယ့် မျက်မှောက်ကာလ မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ထဲက ဆွဲထုတ်ပြီး အာဏာလုစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှု ကြောင့် သေဆုံးမှုတွေ ဆက်တိုက်ဆိုသလို ရှိလာခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲမှာ အကျဉ်းချခံနေရပေမယ့်လည်း ဘယ်အချိန် လာခေါပြီး ဘယ်လိုညှဉ်းပန်းမှုတွေ ရင်ဆိုင်ရမလဲဆိုတာကို စိုးရိမ်တကြီးနဲ့ နေထိုင်ကြရတာပါ။ ဒါဟာ တရားဥပဒေဆိုတာ အဟောသိကံ ဆိုက်သွားပြီဆိုတဲ့ သက်သေပြချက်တခုပါပဲ။ ကမ္ဘာကြီးက ဒီလို တရားလက်လွတ် ကျူးလွန်မှုတွေကို စောင့်ကြည့်အချိန်ဆွဲမနေဘဲ ချက်ချင်း အရေးယူမှုတွေ လုပ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။။” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောဆိုပါသည်။
အာဆီယံနှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မင်းမဲ့တိုင်းပြည်အဖြစ်က ပြီးဆုံးချုပ်ငြိမ်းစေရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တရားမျှတမှုလွှမ်းမိုးသည့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်နိင်ရန်အတွက် မြန်မာပြည်သူများဖြင့်သာ လက်တွဲဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သူများနှင့်အတူ စည်းလုံးညီညွတ်မှုကို ပြသရမည်ဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.