နန်းတွင်းစစ်ကြောရေးတွင် သေကံမရောက် သက်မပျောက်ခဲ့သူ

August 3rd, 2023  •  Author:   Myanmar Now  •  1 minute read
Featured image

အညာမြေ၏ ဇူလိုင်နံနက်ခင်းတစ်ခုတွင် နေထွက်ချိန်အစောပိုင်းဖြစ်သော်ငြား ပူပြင်းအိုက်စပ်နေသည်။ ထိုအပူဒဏ်ကို အန်တုကာ လူငယ်တစ်စုသည် ဝမ်းနည်းစွာဖြင့် အောက်မေ့ဖွယ်အခမ်းအနားတစ်ခု ပြုလုပ်နေသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်သည့် အခမ်းအနားဆိုသော်လည်း ကျောင်းသားသမဂ္ဂအလံများ ချိတ်ဆွဲထားပြီး ရိုးရှင်းလှသည့် လူစုလူဝေး ဟောပြောပွဲတစ်ခုမျှသာ ဖြစ်သည်။ တက်ရောက်သူများ တစ်ရာကျော်ခန့်ရှိသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်တပ်က ကျောင်းသားဆန္ဒပြမှုကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး နောက်တစ်နေ့ ရန်ကုန်မြို့ရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံကိုပါ ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ ကျောင်းသူကျောင်းသားအများအပြား သေဆုံးခဲ့သည်။

ထိုအဖြစ်အပျက်ကို အောက်မေ့သောအားဖြင့် နှစ်စဉ် ထိုနေ့ရောက်တိုင်း အထိမ်းအမှတ်လှုပ်ရှားမှုများ နိုင်ငံအနှံ့ ပြုလုပ်နေကြသည်။

ယခုနှစ် ဇူလိုင် ၇ ရက်နေ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင် ပြုလုပ်သည့် ထိုအခမ်းအနားတွင် လူငယ်တစ်ဦး၏ ကဗျာရွတ်ဆိုနေသံက ဟိန်းထွက်လာသည်။

“နေဝင်းရဲ့ စနစ်ကြောင့်

သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ

လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

ဒီနေ့ပွဲဟာ ရှုံးရှုံးနိုင်နိုင်

ယှဉ်ပြိုင်ခြင်းသာ အဓိကဆိုတဲ့ပွဲမဟုတ်ဘူး။

သူသေကိုယ်သေအပြိုင်နွှဲ

ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ပွဲဖြစ်တယ်။

ဟေ့ ကြိုးစင်

ငါ ရင်ကော့ပြီး လာခဲ့မယ်“

ကဗျာရွတ်ဆိုနေသည့် လူငယ်၏အသံက မာကျောခက်ထန်နေသည်။ ထိုသူသည် မန္တလေးမြို့မှ သပိတ်ခေါင်းဆောင် ကိုမြတ်သူပင်ဖြစ်သည်။

များမကြာမီလပိုင်းအတွင်းက မန္တလေးအိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်လာပြီး ယခုအခါ အညာမြေတွင် ဆက်လက်တိုက်ပွဲဝင်နေသူဖြစ်သည်။

“တော်လှန်ရေးကို ကျွန်တော်သေမှပဲ ရပ်တန့်မယ်။ ဒါမှမဟုတ် စစ်အာဏာရှင်ကျရှုံးမှ ရပ်တန့်မယ်။ ကျွန်တော် မသေသေးလို့ ဆက်တော်လှန်နေတာပဲ” ဟု ကိုမြတ်သူက ဆိုသည်။

ဘဝနေထိုင်မှု ရိုးရှင်းသော အညာသား

အညာဒေသတွင် ကြီးပြင်းခဲ့သူ အသက်၂၅ နှစ်အရွယ် ကိုမြတ်သူသည် မိဘများ ပြောင်းရွှေ့လုပ်ကိုင်ရာ ဒေသအသီးသီးသို့ လိုက်ပါခဲ့ဖူးသည်။ (၇) တန်းကျောင်းသားဘဝက ဗန်းမော်မြို့တွင် ရှိနေစဉ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဗမာစစ်တပ်၏ တစ်ကျော့ပြန်တိုက်ပွဲများအကြား ထိတ်လန့်တကြား နေထိုင်ခဲ့ရဖူးသည်ဟု ပြောပြသည်။

“တော်ရုံ လက်နက်ငယ်နဲ့ ပစ်တာလောက်ကို ဆရာမက ကျောင်းဆင်းမပေးဘူး။ လက်နက်ကြီးတွေ ကျလာမှသာ ခုံအောက်ဝင်ကြဆိုပြီး တိုက်ပွဲအကြား သင်ခဲ့ရတယ်” ဟု ၎င်းက ရယ်သံစွက်၍ ပြောသည်။

“အဲဒီတုန်းက တိုက်ပွဲအကြား စာသင်ခဲ့ရတဲ့ ကောင်လေးက အခု လက်ရှိစစ်အာဏာရှင်ကို ဆန့်ကျင်နေမယ်လို့ ကျွန်တော်ကိုယ်တိုင်လည်း မထင်ခဲ့ဘူး”

ထိုစဉ်က စစ်၏အကျိုးဆက်များကြောင့် ၎င်းတို့မိသားစု ပြိုကွဲခဲ့ရသည်ဟု ပြန်ပြောပြချိန်တွင် ကိုမြတ်သူ ဝမ်းနည်းနေသည်။ သို့သော် မည်သို့မည်ပုံ ပြိုကွဲခဲ့ရကြောင်းကိုမူ ၎င်းက ဆက်မပြောလိုဟု ဆိုသည်။

ဗကသအဖွဲ့ဝင် ကိုမြတ်သူ

၂၀၁၅ တွင် ကိုမြတ်သူသည် မန္တလေးမြို့သို့ ရောက်ရှိလာပြီး အခြေချသည်။ မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်လာပြီး ၎င်းက ပျော်ရွှင်တက်ကြွနေသည်။

ငယ်စဉ်ကတည်းက စာဖတ်ဝါသနာထုံပြီး နိုင်ငံရေးအကြောင်းများ စိတ်ဝင်တစားဖတ်ရှုတတ်သော ကိုမြတ်သူသည် ကျောင်းသားသမဂ္ဂထဲ ဦးစွာရောက်နေသူတို့နှင့် ရင်းနှီးပြီးနောက်တွင် ပိုမိုတက်ကြွသည့် ကျောင်းသားဖြစ်လာသည်။

“ကျွန်တော်ငယ်ငယ်ကတည်းက ဖတ်ခဲ့ရတဲ့စာအုပ်တွေ၊ သမဂ္ဂအလံနဲ့ သမဂ္ဂကျောင်းသားကျောင်းသူတွေ အဲဒီမှာ ကျွန်တော်စတွေ့ဖူးခဲ့တယ်။ နိုင်ငံရေးကို ဘယ်ကတည်းက စိတ်ဝင်စားနေခဲ့လဲတော့ ကျွန်တော် သတိမထားမိဘူး။ အဲဒီနောက် ၂၀၁၆ လောက်မှာ အဝေးသင်ယူပြီး ဗကသထဲကို စဝင်ခဲ့တယ်” ဟု သူက ဆိုသည်။

ဗကသကျောင်းသားဘဝတွင် အမှတ်တရများက စုံလင်လှသည်။ အဖိနှိပ်ခံလူထုအရေး၊ ကျောင်းသား၊ လယ်သမားနှင့် အလုပ်သမားများအရေးတို့ကို ၎င်းတို့သမဂ္ဂကျောင်းသားများက အစဉ်တစိုက်တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ထိုဖြတ်သန်းမှုအတွင်း လက်တွဲခဲ့သော ၎င်း၏ရဲဘော်များကို အစဉ်အမြဲ သတိရသွားမည် ဖြစ်သည်ဟု ကိုမြတ်သူက ပြန်ပြောင်းပြောသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုသည် မြန်မာပြည်သူများစွာ၏ ဘဝများကို တစ်မုဟုတ်ချင်း ပြောင်းလဲပစ်လိုက်သကဲ့သို့ ထိုပြောင်းလဲမှုထဲတွင် ကိုမြတ်သူ၏ဘဝလည်း ပါပါသည်။ အာဏာသိမ်း ဖေဖော်ဝါရီလဆန်းတွင် ကိုမြတ်သူက မန္တလေးမြို့ရှိ ကိုဗစ်နိုင်တင်းရောဂါကုသရေးစင်တာတစ်ခုတွင် လုပ်အားပေးနေသည်။

ကိုဗစ်စင်တာတွင် လုပ်အားပေးအဖြစ် လုပ်ကိုင်ခဲ့စဉ်။ (ဓာတ်ပုံ- ပေးပို့)

အာဏာသိမ်းမနက်တွင် ဖုန်းလိုင်းများပြတ်တောက်နေပြီး ကိုဗစ်စင်တာတွင် အလုပ်များနေသော လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရေဒီယိုဖွင့်နားထောင်ရာမှ ပြင်ပအခြေအနေကို သိရှိခဲ့ရသည်ဟု ကိုမြတ်သူက ဆိုသည်။

“ခဏတော့ ငူငူငိုင်ငိုင်ဖြစ်သွားတယ်။ ငါ ဘာဆက်လုပ်ရမလဲဆိုပြီး စဉ်းစားတယ်။ အာဏာကတော့ သိမ်းသွားပြီ။ ဖုန်းတွေကလည်း ဆက်မရဘူး။ ကိုဗစ်စင်တာမှာ နေတာဆိုတော့ အပြင်ထွက်လို့က မရဘူး။ ဒါပေမဲ့ ခိုးထွက်တယ်။ မန္တလေးမှာရှိတဲ့ ကျွန်တော့်ရဲဘော်တွေဆီကို ချဉ်းကပ်ဖို့ ကြိုးစားတယ်”

နောက်တစ်နေ့တွင် ကျောင်းသားရဲဘော်များနှင့် စုဝေးတိုင်ပင်ကြပြီး မန္တလေးမှ လူစည်ကားရာနေရာတစ်ခုဖြစ်သည့် မဟာအောင်မြေကျောက်မျက်ဝိုင်းရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုံ့ဆော်မှု စာရွက်များ လိုက်လံကြဲချခြင်း၊ မန္တလေးလမ်းမများရှိ နံရံများတွင် ဆေးများလိုက်မှုတ်ခြင်း၊ အာဏာသိမ်းခေါင်းဆောင်၏ ဓာတ်ပုံပိုစတာများကို ခြေဖြင့်နင်းခြင်း၊ မီးရှို့ခြင်း စသည့် လှုပ်ရှားမှုများကို စတင်ခဲ့ကြသည်ဟု ဆိုသည်။

ကိုဗစ်စင်တာကို စစ်ကောင်စီ လက်နက်ကိုင်တို့က လာရောက် စစ်ဆေးခြင်းကြောင့်လည်း ၎င်း၏ လုံခြုံရေးအရ ကိုဗစ်စင်တာမှ အပြီးတိုင် ထွက်ခဲ့တော့သည်။

သပိတ်ခေါင်းဆောင်ဖြစ်လာခြင်း

ဖေဖော်ဝါရီ ၄ တွင် ဒေါက်တာတေဇာဆန်း ဦးဆောင်သောလူတစ်စုက မန္တလေးဆေးတက္ကသိုလ်ရှေ့တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြကြပြီးနောက် နောက်နေ့များတွင် မန္တလေးလူထုသည် အင်တိုက်အားတိုက် လမ်းပေါ်ထွက်ကာ တစ်ခဲနက်ဆန္ဒပြကြတော့သည်။

လူဦးရေထောင်သောင်းချီသည့် ဆန္ဒပြစစ်ကြောင်းကြီးများက မန္တလေးမြို့ လမ်းမကြီးများပေါ်တွင် ကြိတ်ကြိတ်တိုးနေရာယူကာ နေ့စဉ်အင်အားပြ ဆန္ဒထုတ်ဖော်နေကြသည်။

မန္တလေးမြို့လူထု ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီအစောပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

“အဲဒီအချိန်ကတော့ ကျွန်တော့်ရဲဘော်တွေနဲ့ ဆန္ဒထွက်ပြလိုက်၊ ကျွန်တော့်ရဲ့ဝါသနာဖြစ်တဲ့ ကင်မရာတစ်လက်နဲ့ သမိုင်းဓာတ်ပုံတွေ ရိုက်နေလိုက်နဲ့ပဲ” ဟု ကိုမြတ်သူက ပြန်ပြောပြသည်။

“ကျွန်တော့်ရဲ့ဝါသနာက ဓာတ်ပုံတွေ ရိုက်နေရတာပဲ။ ဓာတ်ပုံကို ဘယ်လောက်တောင် ရူးသွပ်သလဲဆို ဓာတ်ပုံကို ရိုက်နေရရင်လည်း ပျော်တယ်။ ဓာတ်ပုံတွေကို ကြည့်နေရရင်လည်း ပျော်တယ်။ ကျွန်တော်ကိုယ်တိုင် ဓာတ်ပုံရိုက်ခံနေရတာကိုလည်း ပျော်တယ်”

ထို့နောက် ဖေဖော်ဝါရီလကုန်ပိုင်းမှစကာ စစ်ကောင်စီက ဆန့်ကျင်သူများကို ရက်ရက်စက်စက် စတင်ဖြိုခွင်းရာ နိုင်ငံအနှံ့ လမ်းပေါ်ထွက် ဆန္ဒပြသူအများအပြား သွေးမြေကျခဲ့ရသောကာလ ဖြစ်လာသည်။

မတ်လထဲတွင် မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်တွင် ပြုလုပ်ခဲ့သည့် လူဦးရေထောင်ချီခဲ့သည့် အထွေထွေသပိတ်စစ်ကြောင်းကြီး အရက်စက်ဆုံးဖြိုခွင်းခံရပြီး အများအပြား ပစ်ခတ်ဖမ်းဆီးခံရသည်။

ထိုနေ့က ကိုမြတ်သူ အပါအဝင် ဆန္ဒပြသူအများအပြား သပိတ်စတင်သည့် နီးစပ်ရာ ရပ်ကွက်များအတွင်း နာရီပေါင်းအတော်ကြာ ပိတ်မိနေခဲ့သည်။

“အဲဒီနေ့က သူတို့ရှာနေတဲ့ကြားက ပိတ်မိနေတဲ့ဆီကနေ လွတ်လာတဲ့အချိန် ပထမဆုံးအလံဖြူနဲ့ လူနာတင်ကားကို တွေ့လိုက်ရချိန်။ သည်းထိတ်ရင်ဖိုနဲ့ ဘဝမှာ ရင်ခုန်ပြီး အပျော်ရဆုံးခံစားချက်ပဲ။ အခု ထောင်က လွတ်တဲ့နေ့မှာတောင် ကျွန်တော်အဲဒီခံစားချက်မျိုး ပြန်မရဘူး”

ထိုနေ့က အဆိုပါအထွေထွေသပိတ်စစ်ကြောင်းမှ ပစ်သတ်ခံရသူ ဆယ်နှင့်ချီခဲ့သည်။ လူရာနှင့်ချီ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ကြရသည်။

မန္တလေးမြို့ဆန္ဒပြသူများကို ၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖြိုခွင်းနေပုံ (ဓာတ်ပုံ- Myanmar Now)

အဆိုပါအဖြစ်အပျက်အပြီး မန္တလေးမြို့သည် ခေတ္တငြိမ်သက်သွားခဲ့သည်။ ချီတက် ဆန္ဒပြသည့် သပိတ်စစ်ကြောင်းများလည်း မရှိသလောက် နည်းပါးသွားသည်။ ပြောက်ကျားစနစ်ဖြင့် လမ်းပေါ်ထွက် ဆန္ဒပြပွဲများကို ကိုမြတ်သူအပါအဝင် လူငယ်တချို့က ဦးဆောင်လာကြသည်ကို တွေ့ရသည်။

“ကျွန်တော် ကြောက်တတ်တယ်။ နောက်ပြီး သေမှာကို ကျွန်တော်ကြောက်တယ်။ ဒါပေမဲ့ အဲဒီတုန်းက အသက်ကို ရင်းရလောက်အောင် ရခဲ့တဲ့ခွန်အားက ကျွန်တော့်ရှေ့မှာ သေခဲ့တဲ့လူတွေ၊ ညီမလေးကြယ်စင်ကစလို့ သတ်ဖြတ်ခံခဲ့ကြရတဲ့ ပြည်သူတွေ” ဟု ကိုမြတ်သူက နာနာကြည်းကြည်းပြောသည်။

၂၀၂၁ ဇူလိုင်လသည် မန္တလေးဆန္ဒပြသူတို့ အထိနာခဲ့သော လတစ်လဖြစ်ပြီး အများအပြား ဖမ်းဆီးခံခဲ့ကြရကာ ထိုအထဲတွင် ကိုမြတ်သူတို့ ပါဝင်ခဲ့သည်။

ဇူလိုင် ၄ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်အတွင်း ကိုမြတ်သူတို့ ခိုအောင်းနေထိုင်နေသည့် အဆောက်အအုံတစ်ခုကို စစ်ကောင်စီ လက်နက်ကိုင် အင်အား ၂၀၀ ခန့်က ပိတ်ဆို့ကာ ဝင်ရောက်ဖမ်းဆီးတော့သည်။

“ရိုက်ကြတယ်။ နောက်…လက်ထိတ်ခတ်ချိန်မှာ မကြာပါဘူး။ တိုက်ခန်းနား ဗုံးထကွဲတယ်။ မင်းတို့က လာကယ်ခိုင်းတာပေါ့လေဆိုပြီး …ထပ်ရိုက်ကြတယ်” ဟု ကိုမြတ်သူက ဆိုသည်။

ထိုနေ့က ကိုမြတ်သူအပါအဝင် သပိတ်အဖွဲ့ဝင်လေးဦး ဖမ်းဆီးခံလိုက်ကြရသည်။ ဝင်ဖမ်းသူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအလံများ ယူဆောင်လာကြပြီး ကိုမြတ်သူတို့ထံမှ သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းအဖြစ် ပုံဖော်ခဲ့ကြသည်။

မန္တလေးမြို့ မိုးထဲရေထဲတွင် ဆန္ဒပြနေသော ကိုမြတ်သူနှင့် ကျောင်းသားအဖွဲ့ဝင်တချို့။ (ဓာတ်ပုံ -ပေးပို့)

လိင်ပိုင်းဆိုင်ရာနှိပ်စက်မှု ပါဝင်သည့် စစ်‌ကြောရေး ၈ ရက်

ကိုမြတ်သူတို့ ရဲစခန်းတွင် ရက်အနည်းငယ် ချုပ်နှောင်ခံရပြီးနောက် ကုန်းဘောင်ခေတ် မြန်မာဘုရင်များ စိုးစံခဲ့သည့် မန္တလေးနန်းမြို့ရိုးအတွင်း အခြေစိုက်ထားသည့် စစ်တပ်စခန်းသို့ ရောက်သွားသည်။

စစ်တပ် စစ်ကြောရေးစခန်းတွင် နှစ်ရက်ဆက်တိုက် ထမင်းမကျွေး၊ ရေမတိုက်၊ မအိပ်စက်ရဘဲ အဆက်မပြတ် ရိုက်နှက်ခံရသည်ဟု ကိုမြတ်သူက ပြန်ပြောပြသည်။

“သေနတ်ကို ပါးစပ်မှာ ကိုက်ခိုင်းထားပြီး၊ လွတ်ကျတာနဲ့ မင်းကို သတ်မှာဆိုပြီး နာရီပေါင်းများစွာ ကိုက်ခိုင်းထားတယ်။ ဒူးထောက်ထားတဲ့အောက် ကျောက်စရစ်ခဲတွေ ထားပြီးတော့မှ အဲ့ကျောက်စရစ်ခဲတွေ ဒူးထဲကို မဝင်ဝင်အောင် ရိုက်သွင်းတာတို့ ခံရတယ်”

လူကို လေးဖက်ထောက်ခိုင်းထားပြီး၊ တက်စီးပြီး ဆိုင်ကယ်မောင်းသလို လုပ်တယ်။ ပါးစပ်ကနေလည်း ဆိုင်ကယ်မောင်းသံလိုမျိုး အော်ခိုင်းတယ်။ ဘယ်လောက်ဆိုးဆိုးဝါးဝါး ကြုံရလဲဆိုရင် လိင်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေပါ ခံရတယ်။ ပြီးရင် ဝါးလုံးတွေနဲ့ အဆက်မပြတ် ရိုက်တာ ခံရတယ်။ နှိပ်စက်ရေးပစ္စည်းမျိုးစုံနဲ့ သူတို့ လုပ်တာ ခံရတယ်”

ထို့နောက် နောက်နေ့များတွင် တစ်ရက် လေးနာရီ နားခွင့်ရပြီး ကျန်အချိန်များတွင် ငရဲတမျှ နှိပ်စက်မှုများကို ရင်ဆိုင်ရသည်။

“တော်လှန်ရေးသီချင်းတွေ ဆိုခိုင်းတယ်။ ပြောင်သလိုလို နောက်သလိုလိုနဲ့ ကျွန်တော်တို့ကို ဟာသကြီးသဘောနဲ့ တော်လှန်ရေးတရားတွေ ဟောခိုင်းပြီး မင်းတို့သပိတ်တရားတွေ ဟောခဲ့တာပဲ၊ ငါတို့ကိုလည်း ‌ဟောပြပါဦးဆိုပြီး ဖျော်ဖြေရေးပုံစံမျိုးတွေ လုပ်ပေးရတယ်” ဟု ကိုမြတ်သူက ပြောသည်။

“ကျွန်တော်တို့ကို မျက်လုံးတွေစည်းထားတာဆိုတော့ သူတို့ဘယ်သူတွေလဲ။ ဘယ်နှယောက်လဲ မသိရဘူး။ အသံတွေကိုပဲ ခန့်မှန်းနိုင်တယ်။ မျိုးစုံအောင်ပါပဲ နှိပ်စက်မှုတွေ ခံခဲ့ရတယ်။ ထောင်ကို အမြန်ဆုံးရောက်ချင်တာပဲ။ ငါ ထောင်ကို ရောက်ရင် မသေနိုင်တော့ဘူး။ ဒီဒုက္ခတွေက လွတ်သွားမယ်။ နောက်ပြီး ငါ့ရဲဘော်တွေကိုလည်း တွေ့ရမယ်။ ငါတောင့်ခံထားရမယ်ဆိုပြီး အားတင်းဖြတ်သန်းတယ်”

ဇူလိုင်နောက်ဆုံးပတ် မန္တလေးအိုးဘိုထောင်ထဲသို့ ရောက်သွားရာ သူပျော်နေမိသည်။

“အရင်ရောက်နေတဲ့ရဲဘော်တွေက ကိုမြတ်သူဆိုပြီး လှမ်းအော်လိုက်တဲ့အချိန်မှာ ဘယ်လိုပြောရမလဲ၊ ခံစားရတဲ့ခံစားချက်က ဝမ်းသာအားရနဲ့ အသက်ရှင်တယ်။ ကျွန်တော်မသေဘူးဆိုတာလည်း သူတို့ သိသွားလို့ ပျော်တယ်။ သူတို့လည်း မသေကြဘူးဆိုတဲ့စိတ်နဲ့ အရမ်းပျော်တယ်။ ထောင်ဆိုပေမဲ့ မိသားစုဆီကို ရောက်သွားသလိုပဲ”

ထို့နောက် မိတ်ဆွေတချို့နှင့် ထောင်အတွင်း ပြန်လည်ဆုံတွေ့ရသည်။

“စစ်ကြောရေးနဲ့ နန်းတွင်းထောင်မှာ တစ်လနီးနီးနေခဲ့ရတဲ့ အကျီအစုတ်တွေနဲ့ ရောက်သွားတယ်။ ဖိနပ်တောင် မပါဘူး။ မိတ်ဆွေတွေက အင်္ကျီတွေ မျှကြတယ်၊ ဖိနပ်တွေပေးကြတယ်၊ သူတို့ ထောင်ဝင်စာ အစားအစာလေးတွေ ထုတ်ကျွေးကြတယ်။ စစ်ကြောရေးမှာ ထမင်းငတ်လာတော့ ဒီထမင်းနဲ့ ရှူးရှဲလက်ဖက်တို့၊ ကြက်မွကြော်လေးတွေတို့ ဒါလေးတွေ စားရတော့ အိမ်ကို အရမ်းလွမ်းတာပဲ” ဟု ဆိုသည်။

ဖေဖော်ဝါရီ ၇ ရက်က မန္တလေးမြို့ပေါ်တွင် ဆန္ဒပြနေသည့် ကိုမြတ်သူနှင့် သူငယ်ချင်းတစ်ဦး။ (ဓာတ်ပုံ – Myanmar Now)

အိုးဘိုထောင် နေ့ရက်များ

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ကြမ်းတမ်းရက်စက်ရာတွင် နာမည်ကြီးသည့် ထောင်များထဲမှ တစ်ထောင်ဖြစ်သည့် မန္တလေးအိုးဘိုထောင်သည် စစ်ကြောရေးစခန်းမှ အသက်မသေဘဲ လွတ်မြောက်လာသူတို့ ခဏတာ စိတ်သက်သာရာရစေသည့် နေရာဖြစ်သော်လည်း ခက်ခဲကြမ်းတမ်းမှုများစွာ ရှိနေသည်ဟု ကိုမြတ်သူက ပြန်ပြောပြသည်။

စစ်ကြောရေးမှ ရရှိလာသည့် ဒဏ်ရာများကို ဆေးကုသမှု မပေးပေ။

“ကျွန်တော်တို့မှ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ မပေးတာ။ ဒဏ်ရာကြီးကြီးမားမားရခဲ့သူတွေတောင်မှ အပေါ်ယံလောက်ပဲ လုပ်ပေးတယ်။ တကယ့်စနစ်ကျတဲ့ကုသမှုမျိုး မရှိဘူး။ ဒီတော့ ကိုယ့်ဒဏ်ရာ သက်သာရာရဖို့အရေး ဆေးတွေကို ကိုယ့်အိမ်တွေကပဲ ကြံဖန်မှာရတယ်။ ထောင်ကို မျှော်လင့်နေလို့ သေသွားတာပဲရှိမှာ”

အဆိုးဆုံးမှာ နိုင်ငံရေးအကျဉ်းသားများကို နှိပ်ကွပ် အုပ်ချုပ်ရန် ရာဇဝတ်သားများကို အာဏာပေးထားခြင်းပင်။

အကြောင်းမဲ့အပြစ်ရှာ ရိုက်နှက်ခြင်း၊ မျက်လုံးဒေါက်ထောက် စောင့်ကြည့်ခြင်းတို့ကို ခံရသည်။

ပူပြင်းလှသည့် မန္တလေးရာသီဥတုကြောင့် အနေအထိုင် ခက်ခဲသည့် အကျဉ်းသားများအတွက် စားရေးသောက်ရေး ညံ့ဖျင်းသော်လည်း အသက်မသေရန် စားခဲ့ကြရသည်ဟု ဆိုသည်။

“ထမင်းဆိုလည်း စားမရလောက်အောင် ဆန်အကြမ်းတွေကိုမှ ပျော့တဲ့အခါပျော့၊ မာတဲ့အခါမာ…. ဟင်းရည်ဆိုလည်း  …သောက်မရအောင်ပဲ။ တစ်ပတ်မှာ တစ်ခါ ကျွေးတဲ့ အသားငါးဆိုလည်း သွေးစက်လက်နဲ့ မကျက်ဘဲ ညှီနံ့ထောင်းနေတာတွေ” ဟု သူက ဆိုသည်။

ကိုမြတ်သူမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အမှုကို ထောင်တွင်းတရားရုံးတွင် ရင်ဆိုင်ရစဉ် ထောင် ၂ နှစ် ချခံရသည်။ လွတ်ရက်စေ့သည့် ကာလ အာဏာသိမ်းစစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးသည့် စာရင်းတွင် သူ့အမည် ပါဝင်လာသည်။ ဤသို့ဖြင့် ၂၀၂၃ မေလ ၃ ရက်နေ့တွင် သူ ပြန်လွတ်လာသည်။

ဆက်တော်လှန်မည့်သူ

ထောင်မှ လွတ်မြောက်သည့်နေ့တွင် ကိုမြတ်သူတွင် မည်သည့်ထူးခြားသည့် ခံစားချက်တစ်စုံတရာမျှ ရှိမနေပေ။

ယုတ်စွအဆုံး သပိတ်စစ်ကြောင်းဖြိုခွင်းခံရစဉ် ပိတ်မိနေသည့်အခြေအနေမှ လွတ်မြောက်လာသည့် ပျော်ရွှင်မှု၊ စစ်ကြောရေးမှ အသက်မသေဘဲ ထွက်လာနိုင်သည့် ပျော်ရွှင်မှုတို့ကဲ့သို့ပင် ထူးခြားသည့် ခံစားချက်တို့ ရှိမနေဘဲ အသက်မဲ့နေသည်ဟု ၎င်းက ဆိုသည်။

ထောင်ပြင်ပတွင် တွေ့မြင်ရသည့် နိုင်ငံ၏ ပကတိအခြေအနေကို စိတ်မကောင်းစွာ မြင်ရသည်။ တစ်နိုင်ငံလုံး အကျဉ်းကျနေသကဲ့သို့ အာဏာရှင်အောက်မှ မလွတ်မြောက်သေးသည့် အခြေအနေတို့ကို တွေးတော ဆင်ခြင်မိသည်။

ထို့နောက် သူဆက်လုပ်ရမည့်အလုပ်တို့ကို သူ့ဘာသာ သိသည်။ ထိုအလုပ်ကို ၎င်းက ချက်ချင်း စိုင်းပြင်းတော့သည်။ ထိုအချင်းအရာမှာ စစ်အာဏာရှင် တော်လှန်ရေး ဆက်လုပ်ရန်သာဖြစ်သည်။

စစ်ကြောရေးနှင့် အကျဉ်းထောင်အတွင်း ရရှိခဲ့သည့် သူ့ဘဝ၏ မေ့ပစ်ချင်စရာ စိတ်ဒဏ်ရာတို့ကိုပင် ကုစားရန် အချိန်မပေးဘဲ မေ့ဖျောက်ထားသည်။

“ကျွန်တော် မသေသေးလို့ ဆက်လုပ်မှာ။ ကျွန်တော် မသေသေးသရွေ့၊ စစ်အာဏာရှင်မကျဆုံးသရွေ့ တော်လှန်ရေး ဆက်လုပ်မှာ” ဟု သူက ပြောသည်။

အညာတွင် မွေးဖွားခဲ့သည့် ကိုမြတ်သူတစ်ယောက် လက်ရှိတွင် အညာတွင်ပင် တော်လှန်ရေး ဆက်လုပ်နေသည်။ လတ်တလောတွင် ၎င်းက လက်နက်ကိုင်တိုက်ပွဲများရှိနေသည့် ဒေသအတွင်း လူထုလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေးအသိပညာဟောပြောရေး၊ စည်းရုံးရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသည်။

တော်လှန်ရေးအတွက် ခွန်အားအပြည့်ရှိနေသည့် ကိုမြတ်သူက တော်လှန်ရေး မုချအောင်မြင်မည်ဟု ကြွေးကြော်သည်။

“ကျွန်တော့်အပေါ် ရပ်တည်အားပေးခဲ့ကြတဲ့ မယိမ်းယိုင်သွားအောင် ခွန်အားပေးခဲ့သူတွေ၊ ဖြတ်သန်းခဲ့တဲ့ ဒေသတွေ၊ ချစ်ခြင်းမေတ္တာတရားတွေရှိတယ်။ ဒီလူတွေနဲ့ ပြန်ဆုံကြမယ်။ ဒီကာလအတွင်း ဖြတ်သန်းသွားခဲ့ရတဲ့ဒေသတွေကို အလည်ပြန်သွားချင်တယ်၊ နောက်ပြီး ကျွန်တော့်ရဲ့ ဝါသနာတစ်ခုဖြစ်တဲ့ ဓာတ်ပုံတွေရိုက်ချင်တယ်” ဟု ကိုမြတ်သူက ဆိုလိုက်သည်။


View the original