သတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်
၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်နှင့် ၇ ရက်နေ့များ၌ အာဆီယံနှင့် G7 တရားရေးဝန်ကြီးများ အစည်းအဝေးများကို ဂျပန်နိုင်ငံက ဦးဆောင်ကျင်းပချိန်တွင် မြန်မာစစ်အုပ်စုကို ထည့်သွင်းခဲ့ခြင်း မရှိပေ။ ဤသည်မှာ လမ်းကြောင်းမှန်သို့ သွားသော ခြေလှမ်းတစ်ခုဖြစ်ပြီး အနာဂတ်တွင် လုပ်ဆောင်မည့် ထိတွေ့ဆက်ဆံမှုများအတွက် စံနမူနာ၊ အစဉ်အလာအဖြစ် ယူရမည်။
ဂျပန်နိုင်ငံမှ ထုတ်ပြန်သော တရားဝင် အစည်းအဝေးများမှတ်တမ်း အနှစ်ချုပ်တွင် ထိုအစည်းအဝေးများကို မြန်မာနိုင်ငံက တရားဝင်ကိုယ်စားပြု တက်ရောက်ခဲ့ခြင်း မရှိကြောင်း အတည်ပြုခဲ့သည်။ ဂျပန်သတင်းမီဒီယာများ တွင်ပါသော အစည်းအဝေးဓာတ်ပုံများကလည်း မြန်မာနိုင်ငံအတွက် ထိုင်ခုံက အလွတ်ဖြစ်နေသည်ကို သိသာ ထင်ရှားစွာ ဖော်ပြနေသည်။
သို့ရာတွင် အာဆီယံနှင့် G7 အစည်းအဝေးများ၌ လေ့လာသူအဖြစ် စစ်အုပ်စုဘက်က ကိုယ်စားလှယ် တစ်ဦးဦးအား ပါဝင်တက်ရောက်စေခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။
စစ်အုပ်စုသည် မြန်မာနိုင်ငံတွင် အစိုးရယန္တရားအချို့ကို သိမ်းပိုက်ထားသည့် ဥပဒေနှင့်မညီသော၊ တရားမ၀င် အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး ၎င်းသည် မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်မဆို အစိုးရတစ်ရပ် လုံးဝ မဟုတ်ပေ။
စစ်အုပ်စုမှ ခန့်အပ်ထားသော “ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်” ဒေါ်သီတာဦးအား ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့်အတွက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က ပိတ်ဆို့ ဒဏ်ခတ်၊ အရေးယူထားသည်။ စစ်အုပ်စု၏ “တရားလွှတ်တော် တရားသူကြီးချုပ်” ဦးထွန်းထွန်းဦးကိုလည်း ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေသည့်အတွက် အမေရိကန်နှင့် ကနေဒါတို့မှ ပိတ်ဆို့ ဒဏ်ခတ် အရေးယူထားသည်။[i]
ယခုကဲ့သို့ စစ်အုပ်စု၏ ကိုယ်စားလှယ်များကို ချန်လှပ်ထားခြင်းသည် အစည်းအဝေးများတွင် စစ်အုပ်စုကို ဖယ်ချန်ထားရန်၊ ၎င်းအစား မြန်မာပြည်သူလူထု၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရမှ ကိုယ်စားပြုတက်ရောက်နိုင်ရေး အတည်ပြုပေးရန်အတွက် ဂျပန်နိုင်ငံ တရားရေးဝန်ကြီး Ken Saitō ထံသို့ ပေးပို့ တောင်းဆိုသော အရပ်ဘက်လူထုအဖွဲ့အစည်း ၄၁၁ ဖွဲ့တို့၏ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီးနောက်တွင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲ က “ဒီအစည်းအဝေးတွေမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကို ချန်လှပ်ထားလိုက်တာက လမ်းကြောင်းမှန်ဘက် သွားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်၊ ဒါကို မြန်မာပြည်သူတွေက ကြိုဆိုမှာပါ” ဟု အဆိုပါရလဒ်အပေါ် တုံ့ပြန်ပြောကြားသည်။
“ဒီလုပ်ရပ်က စစ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် အသွင်ယူကြိုးစားအားထုတ်နေတာတွေက တရားမဝင်ဘူး ဆိုတာကို အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။”
“နောက်နောင်လုပ်မယ့် အစည်းအဝေးတွေနဲ့ ဖိုရမ်တွေမှာလည်း စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားတာ၊ ပါဝင်ခွင့်ပြုတာ ဒါမှမဟုတ် တိုင်ပင်ဆွေးနွေးတာမျိုး မဖြစ်စေဖို့အတွက် ဒီဆုံးဖြတ်ချက်ကို စံနမူနာ ယူသင့်တယ်။”
“အရေးကြီးတာက အာဆီယံအတွင်းနဲ့ အခြားဘယ်နေရာမှာမဆို ဒေသတွင်းနဲ့ နိုင်ငံတကာ အစည်းအဝေးတွေ၊ ဖိုရမ်တွေအားလုံးမှာ ကျွန်တော်တို့ကို ကိုယ်စားပြုဖို့အတွက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖိတ်ခေါ်တဲ့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဂျပန်နိုင်ငံနဲ့ အခြားအစိုးရတွေကို အလေးအနက် တိုက်တွန်းပါတယ်။”
ရှေ့ပြေးအသံအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာ က “ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်က စစ်အုပ်စုရဲ့ မြန်မာပြည်သူလူထုလုံးဝမပေးတဲ့ တရားဝင်မှုကို ရယူဖို့ ဆက်လက်ကြိုးစားမှုအားလုံးကို ပယ်ချဖို့ စံနမူနာ၊ အစဉ်အလာတစ်ခုအဖြစ် ချမှတ်ရမှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ တရားဝင်သက်ဆိုင်သူတွေနဲ့ တရားဝင် လူသိရှင်ကြား ထိတွေ့ဆက်ဆံမှု ရှိလာဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
“အာဆီယံရဲ့ အရေးပါတဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်သလို မြန်မာအတွက် အဓိကအလှူရှင်လည်းဖြစ်တဲ့ ဂျပန်နိုင်ငံအနေနဲ့ သူ့လုပ်ရပ်တွေမှာ တရားမျှတမှုနဲ့ တာဝန်ယူတာဝန်ခံမှု ရရှိရေးအတွက် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်ကို အဓိပ္ပာယ်ပြည့်ဝစွာ လေးစားလိုက်နာရမယ့် သူ့ရဲ့တာဝန်ကို ဆက်လက်ရှောင်လွှဲလို့ မသင့်တော့ပါဘူး။”
“မြန်မာစစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေအတွက် ဝာာဝန်ခံစေဖို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (အိုင်စီစီ)ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခန်း(၇)အရ ဆုံးဖြတ်ချက်အသစ်တရပ်ကို ချမှတ်နိုင်ဖို့ ဂျပန်နိုင်ငံက လုံခြုံရေးကောင်စီမှာ ပိုမိုကြီးမားတဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ရယူရမှာ ဖြစ်ပါတယ်။”
နောက်ခံအကြောင်းအရာ
ဤအစည်းအဝေးများတွင် စစ်အုပ်စု၏ ကိုယ်စားလှယ်များ မတက်ရခြင်းသည် ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့်များ အပါအဝင် အမျိုးမျိုးသော အစည်းအဝေးများမှ စစ်အုပ်စုကို ဖယ်ထုတ်ရန် ချမှတ်ခဲ့သော အာဆီယံ၏ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းလည်း ဖြစ်သည်။ ဥပမာ မြန်မာစစ်အုပ်စုသည် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် ပါဝင်သော အစုအဖွဲ့များအားလုံးသို့ အာဆီယံ အထူးသံတမန်အား တွေ့ဆုံဆွေးနွေးခွင့် ပေးရန် ငြင်းဆိုခဲ့ပြီးနောက်၊ အာဆီယံသည် ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် အာဆီယံ-တရုတ် အထူးထိပ်သီး အစည်းအဝေးသို့ စစ်အုပ်စုကိုယ်စားလှယ်များအား မဖိတ်ကြားဘဲ ချန်လှပ်ထားခဲ့သည်။
ဤဆုံးဖြတ်ချက်များသည် အခြားအာဆီယံ အစည်းအဝေးများနှင့် ဖိုရမ်များတွင် စစ်အုပ်စုအား မြန်မာ နိုင်ငံကို ကိုယ်စားပြုစေခဲ့သည့် အာဆီယံ၏ လုပ်နေကျ “ဝင်ရောက်မစွက်ဖက်ရေး” ချဉ်းကပ်မှုမှ ကွဲထွက်ပြီး ယင်းသည် အာဆီယံ၏ အရေးယူမှု မရှိခြင်းအပေါ် မြန်မာပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မတူကွဲပြားသော နိုင်ငံရေး အင်အားစုများ၏ ဖိအားပေးမှုများ ရှိလာပြီးနောက်ပိုင်းတွင် လုပ်ဆောင်လာခြင်း ဖြစ်သည်။
အံ့အားသင့်စရာကောင်းသည်မှာ လက်ရှိတွင် စစ်အုပ်စု၏ကိုယ်စားလှယ်သည် အာဆီယံလေတပ်နှင့် ရေတပ် ကာကွယ်ရေးဦးစီးချုပ်များ၏ အစည်းအဝေးများကို ဦးဆောင်နေပြီး အာဆီယံနှင့် မိတ်ဖက်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့တွင် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက် လျက်ရှိသည်။
ဂျပန်နိုင်ငံသည် အာဆီယံရေးရာများတွင် စစ်အုပ်စု၏ ပူးပေါင်းပါဝင်မှုအပေါ် တားမြစ်ရပ်တည်သည့် တစ်ခုတည်းသော နိုင်ငံမဟုတ်ပေ။ အမေရိကန်၊ နယူးဇီလန်နှင့် သြစတြေးလျတို့သည် ဆွေးနွေးဖက် နိုင်ငံများအဖြစ် ပုံမှန်တက်ရောက်ခဲ့ကြသော်လည်း ပြီးခဲ့သည့်နှစ်တွင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို သပိတ်မှောက် ခဲ့ကြသည်။
စစ်အုပ်စုသည် မြန်မာပြည်သူများအား ဖိနှိပ်ချုပ်ချယ်ရန်နှင့် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုအဖြစ် လွန်စွာ ပြင်းထန်သော အကြမ်းဖက်မှုလှုပ်ရှားမှုတစ်ရပ်ကို ဆက်လက်လုပ်ဆောင်နေသည်။ ယနေ့အထိတွင် စစ်အုပ်စုသည် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းထောက်များ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အခြားသူများ အပါအဝင် လူပေါင်း ၃,၇၉၃ ဦးကို သတ်ဖြတ်ထားပြီး နောက်ထပ်သော ၁၉,၄၉၅ ဦးကို ဖမ်းဆီးအကျဉ်းချ[ii]ထားသည်။ ထို့အပြင် စစ်အုပ်စုသည် အရပ်ဘက်၊ စစ်ဘက် ခွဲခြားခြင်း မရှိသော လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများ၊ လူအများကို နှိပ်စက်ညှင်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို ကျူးလွန်ထားပြီး အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်မှစ၍ ပြည်သူပေါင်း ၁.၆ သန်းကို မိမိတို့အိုးအိမ်မှ ထွက်ပြေးရစေရန် အဓမ္မလုပ်ဆောင်ထားသည်။[iii]
နိုင်ငံတကာဥပဒေနှင့် မြန်မာနိုင်ငံဥပဒေ နှစ်ရပ်လုံးအောက်တွင် စစ်အုပ်စုသည် အကြမ်းဖက်အဖွဲ့အစည်း အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည်။[iv]
အချက်အလက်များ ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် –
ကိုရဲ
Defend Myanmar Democracy
+66 816 490 228 (Signal)
communication@defendmyanmardemocracy.org
ခင်ဥမ္မာ
ရှေ့ပြေးအသံအဖွဲ့
info@progressive-voice.org
[i] Aljazeera, US, UK, Canada sanction top Myanmar justice officials, 31 January 2022, https://www.aljazeera.com/news/2022/1/31/us-britain-canada-hit-top-myanmar-justice-officials-with-sanctions
[ii] Assistance Association for Political Prisoners (Burma), Daily briefing, 14 July 2023, https://aappb.org/?p=25596
[iii] United Nations Office for the Coordination of Humanitarian Affairs, Myanmar Humanitarian Update No. 31, 15 July 2023, https://reliefweb.int/report/myanmar/myanmar-humanitarian-update-no-31-15-july-2023?_gl=1*m6gzo1*_ga*NzAzODY5MTY2LjE2NzcxMzUxMzA.*_ga_E60ZNX2F68*MTY4OTgxNzE3OS4xMi4wLjE2ODk4MTcxNzkuNjAuMC4w
[iv] Special Advisory Council Myanmar, Briefing paper: The Myanmar military is a terrorist organisation under law, 14 December 2021, https://specialadvisorycouncil.org/2021/12/briefing-paper-the-myanmar-military-is-a-terrorist-organisation-under-law/
PDF ဖိုင်ကိုရယူရန် in အင်္ဂလိပ်ဘာသာ I မြန်မာဘာသာ.