“ကျမတို့ အငတ်ခံကြတယ်”

29 July 2023

By ယုဇန

ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ နေ့စဉ်ပျံကျအလုပ်သမားရပ်ကွက်တခုမှ အိမ်တလုံးနှင့် ကလေးငယ်တဦး/AFP

“ကလေးတွေကို ဝဝလင်လင်ကျွေးဖို့ တချို့ရက်တွေမှာ နေမကောင်းတဲ့ ကျမခင်ပွန်းနဲ့ ကျမတို့ အငတ်ခံကြတယ်” ဟု မအေးမြက ပြောသည်။

ကလေး ခုနစ်ဦး မိခင် မအေးမြသည် အစားအသောက်နှင့် အခြားလိုအပ်သည့် ပစ္စည်းဈေးနှုန်းများ မြင့်တက်လာသောကြောင့် နေ့စဉ်ဝင်ငွေနှင့် မကာမိတော့သဖြင့် မိသားစုအတွက်ချက်သည့် ဆန်ပမာဏကို ဇူလိုင်လအစောပိုင်းမှ စတင်လျှော့ချလိုက်ရသည်။

မိသားစု ကိုးဦးအတွက် နေ့စဉ် ဆန် ၃ ကီလို (တပြည်ခန့်) ချက်ခဲ့ဖူးသော်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း စားသောက်ကုန်ဈေးနှုန်းများ နှစ်ဆတက်သောကြောင့် ယခုအခါ ၂ ဒသမ ၂ ကီလိုသာ ချက်နိုင်တော့သည်။

အသားနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော အခြား မရှိမဖြစ် လိုအပ်သည့် ပစ္စည်းဈေးနှုန်းများလည်း မြင့်တက်သောကြောင့် မအေးမြကဲ့သို့သော မြန်မာပြည်သူများ ဒုက္ခရောက်ကြသည်။

“ကျမတို့မှာ စားစရာ လုံလုံလောက်လောက် မရှိဘူး” ဟု ဧရာဝတီသတင်းဌာနသို့ မအေးမြက ပြောသည်။

အသက် ၄၀ ပတ်ဝန်းကျင်ရှိပြီဖြစ်သော မအေးမြသည် အမှိုက်မှ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို ရွေးချယ်ကောက်ယူပြီး အဝယ်ဒိုင်များကို ပြန်သွင်းခြင်းဖြင့် အသက်မွေးသည်။ သူ့အမျိုးသားသည် ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်သဖြင့် သူသည် အိမ်ထောင်ကို ဦးစီးနေရသည်။ မအေးမြနှင့် သမီးငယ်များသည် နေ့စဉ်နံနက်စောစောတွင် အမှိုက်လှည်းကို တွန်းပြီး ၎င်းတို့ နေထိုင်သည့် ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို ကောက်ယူကြသည်။

“ကျမတို့မှာ စားစရာ လုံလုံလောက်လောက် မရှိဘူး” ဟု ဧရာဝတီသတင်းဌာနသို့ မအေးမြက ပြောသည်။

မိသားစု၏ နေ့စဉ်ဝင်ငွေကို အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်သည့် သမီးကြီးကပါ ဖြည့်စွက်ပေးသော်လည်း နေ့စဉ် ဝင်ငွေမှာ ၁၀,၀၀၀ ကျပ်မျှသာ ရှိသည်။ ထိုမျှနည်းသော ပမာဏသည် အစားအသောက်စရိတ်ကို ကာမိရန် မလုံလောက်တော့ပေ။

“ကျမတို့မှာ စားစရာ ထမင်းနဲ့ ဟင်းရယ်လို့ ဝဝလင်လင် မရှိတော့ဘူး” ဟု မအေးမြက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ရှင်သန်ရေးကိုသာ ဦးစားပေးနေရ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်ကဖြုတ်ချလိုက်သည့် အချိန်မှ စတင်ပြီး မြန်မာတွင် လူမှုရေးနှင့် နိုင်ငံရေး ဖရိုဖရဲဖြစ်နေသည်။ ယခု နှစ်နှစ်ကျော် ကြာလာသောအခါ စစ်ကောင်စီ၏ မှားယွင်းသော စီမံခန့်ခွဲမှုကြောင့် ကျပ်ငွေတန်ဖိုး ဇောက်ထိုးမိုးမျှော် ကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှု မိုးထိမြင့်တက်ခြင်းသည် အစားအသောက်နှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်စေကာ မအေးမြကဲ့သို့သော အောက်ခြေလူတန်းစားများကို အပြင်းထန်ဆုံး ထိခိုက်စေသည်။

ဈေးနှုန်းချိုသာစွာ ရောင်းချသည့် စားသုံးဆီကို တန်းစီ ဝယ်ယူနေသူများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ရန်ကုန်တွင် တွေ့ရစဉ် / AFP

လွန်ခဲ့သောလတွင် အမေရိကန် ဘဏ္ဍာရေးဌာနက စစ်ကောင်စီထိန်းချုပ်ဘဏ် နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူ ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ ထိုကြေညာချက်ကြောင့် ငွေလဲနှုန်းသည် အမေရိကန် တဒေါ်လာလျှင် ၃,၂၀၀ ကျပ်အထိတက်သွားပြီး အာဏာမသိမ်းမီက ငွေလဲနှုန်း၏ နှစ်ဆကျော် ဖြစ်သွားသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၁,၃၀၀ ကျပ်သာရှိသည်။

ဇူလိုင်လ ၃၁ ရက်နေ့မှစတင်ပြီး ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူသစ်များကို ဖြန့်ချိမည်ဟု ဗဟိုဘဏ်က ကြေညာလိုက်သောအခါ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းပြီး အမေရိကန် တဒေါ်လာလျှင် ၃,၅၀၀ ကျပ်နီးပါးဖြစ်သွားသည်။

ဇူလိုင်လ ၃၁ ရက်နေ့မှစတင်ပြီး ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူသစ်များကို ဖြန့်ချိမည်ဟု ဗဟိုဘဏ်က ကြေညာလိုက်သောအခါ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းပြီး အမေရိကန် တဒေါ်လာလျှင် ၃,၅၀၀ ကျပ်နီးပါးဖြစ်သွားသည်။

အာဏာသိမ်းပြီးနောက်တွင် မြန်မာပြည်သူများ အဓိကစားသုံးသည့် ဆန်ဈေးသည် နှစ်ဆ တက်ပြီး စားအုန်းဆီဈေး သုံးဆကျော် တက်သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ထူးရှယ် ပေါ်ဆန်းမွှေးတအိတ်လျှင် ၅ သောင်းကျပ်သာ ရှိသော်လည်း ယခုအခါ ၁၂၈,၀၀၀ ကျပ်အထိ တက်သည်။ အာဏာမသိမ်းမီက စားအုန်းဆီ တပိဿာ (၁ ဒသမ ၆ ကီလိုဂရမ်) လျှင် ၂,၅၀၀ ကျပ်သာ ရှိရာမှ ယခုအခါ တပိဿာ ကျပ် ၉,၀၀၀ အထိရှိလာသည်။

အလားတူကာလ အတွင်းတွင်ပင် အာလူးကဲ့သို့သော အခြေခံစားသောက်ကုန် ဈေးနှုန်းများသည် ပြည်တွင်းဈေးများတွင် ၄ ဆမှ ၆ ဆအထိ တက်ကုန်သည်။

ဈေးနှုန်းများ မြင့်တက်လာသောကြောင့် အစားအစာဝယ်ယူမှု လျှော့ချလိုက်ရကြောင်း ရန်ကုန်မှ အိမ်ရှင်မတဦးက ပြောသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် သူသည် ဆန်နှင့် ဆီမပါဘဲ မိသားစုကိုကျွေးရန် ဟင်းလျာ တနေ့လျှင် ကျပ် ၅,၀၀၀ သာသုံးရသော်လည်း ယခုအခါ ၁၅,၀၀၀ ကျပ်အထိ သုံးရကြောင်းပြောသည်။

ရန်ကုန်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP မှ ဆန်လှူဒါန်းနေစဉ် / AFP

“ကန်စွန်းရွက်တစည်းတောင်မှ ၆၀၀ ကျပ်လောက် ပေးနေရတဲ့အချိန်မှာ ဘယ်လိုလုပ်ပြီး နေ့စဉ် လုံလုံလောက်လောက် စားနိုင်တော့မလဲ” ဟု အထက်ပါ ကလေးနှစ်ဦး မိခင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

မြန်မာတွင် လူကြိုက်အများဆုံး ဟင်းသီးဟင်းရွက်များအနက် တခုဖြစ်သော ကန်စွန်းရွက်သည် စစ်အာဏာမသိမ်းမီက တစည်းလျှင် ၂၀၀ ကျပ်သာ ရှိသည်။ ကြက်ဥဈေးနှုန်းလည်းတက်ပြီး အာဏာမသိမ်းမီက ၁၀၀ ကျပ်သာရှိရာမှ ယခု ကျပ် ၃၀၀ ဝန်းကျင်သို့ ခုန်တက်သည်။

ယခုအခါ အိမ်ရှင်မ အများအပြားသည် လွန်ခဲ့သော နှစ်နှစ်အတွင် ဈေး နှစ်ဆကျော်တက်သော အသားငါးထက် ပိုမိုဈေးသက်သာသော ဟင်းသီးဟင်းရွက်သာ ဝယ်နေရကြောင်း သူကပြောသည်။

ယခုအခါ အိမ်ရှင်မ အများအပြားသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ဈေး နှစ်ဆကျော်တက်သော အသားငါးထက် ပိုမိုဈေးသက်သာသော ဟင်းသီးဟင်းရွက်သာ ဝယ်နေရသည်။

“အခု ကျမတို့က ကိုယ်စားချင်ရာ ရွေးချယ်စားသုံးနေတာ မဟုတ်ဘဲ အသက်ရှင်ဖို့သက်သက်ပဲ စားနေတာ” ဟု အိမ်ရှင်မတဦးက ပြောသည်။

မြန်မာနိုင်ငံ အလုပ်အကိုင်အခြေအနေကလည်း ငွေကြေးဖောင်းပွမှု ရိုက်ခတ်ချက်ကို ပိုမိုဆိုးရွားစေသည်။

မြန်မာနိုင်ငံသည် ကိုဗစ်နိုင်တင်းနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် ၂၀၁၇ ခုနှစ်မှ စတင်ပြီး အလုပ်အကိုင်အခွင့်အလမ်း လျော့ကျမှုကို ခံစားနေရပြီး ယခင်တိုးတက်မှုများကို ဆုတ်ယုတ်မှု ဖြစ်သွားစေသည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။ ၂၀၁၇ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြားတွင် မြန်မာမှ အလုပ်လုပ်နိုင်သော အရွယ်ရောက်သူအရေအတွက် ၉ သန်း တိုးလာသော်လည်း ထိုကာလအတွင်း အလုပ်အကိုင် ၂ သန်းသာ တိုးလာကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လက ရန်ကုန်တွင် စားစရာ အခမဲ့ပေးဝေသည်ကို တန်းစီစောင့်ယူနေသူများ / AFP

အခွင့်အရေးနည်းသော လုပ်သားဈေးကွက်နှင့် မြင့်မားသော ငွေကြေးဖောင်းပွမှု တိုးလာခြင်း ပေါင်းစပ်လိုက်သောအခါ မိသားစု ဝင်ငွေများအပေါ် ဖိအား သိသိသာသာ တိုးလာပြီး နိုင်ငံတဝန်း ကျပ်တည်းမှု နက်ရှိုင်းစေသည်။

ပြီးခဲ့သည့်မေလက ကောက်ယူသည့် ကမ္ဘာ့ဘဏ်စစ်တမ်းအရ မြန်မာမှ လယ်ယာလုပ်ငန်း လုပ်ကိုင်သည့် မိသားစုများ၏ ၄၈ ရာခိုင်နှုန်းသည် စားစရာ လုံလုံလောက်လောက် မရှိသည့်အတွက် စိတ်ပူနေရပြီး ယခင်တနှစ်က ၂၆ ရာခိုင်နှုန်းမှ ခုန်တက်လာခြင်းဖြစ်သည်။ ဇွန်လတွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် အစားအသောက်ဈေးနှုန်း ငွေကြေးဖောင်းပွမှုနှင့် ဝင်ငွေကျဆင်းခြင်းသည် ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရအခြေအနေ ပိုမိုဆိုးရွားလာသည့် အဓိပ္ပာယ်ဖြစ်သည်။

ရောင်းလိုအား ကျဆင်းသွား

အစားအသောက်ဈေးနှုန်းများ တက်ခြင်းနှင့် ဈေးကွက်အတွင်း ရောင်းလိုအားကျဆင်းခြင်း ပူးတွဲဖြစ်ပေါ်နေကြောင်း ရန်ကုန်မှ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“အိမ်ရှင်မတွေရဲ့ ဝယ်လိုအား ထက်ဝက်ကျဆင်းသွားသလို ရောင်းလိုအား သိသိသာသာ ကျဆင်းသွားတယ်” ဟု ၎င်းကပြောသည်။

တချိန်တည်းတွင် လက်ကားဈေးများ တက်လာသောကြောင့် အစားအသောက်ရောင်းသူများ၏ အမြတ်ငွေကို ထိခိုက်လာသည်။

“ဈေးတခါသွားရင် တခါဈေးတွေက တက်နေတယ်” ဟု ထိုကုန်စုံဆိုင် ပိုင်ရှင်က ပြောသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း ဇူလိုင်လ ၂ ရက်နေ့က ကျင်းပသည့် မြန်မာကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (UMFCCI) နှင့် အစည်းအဝေးတွင် ဝန်ခံပြောကြားသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း ဇူလိုင်လ ၂ ရက်နေ့က ကျင်းပသည့် မြန်မာကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (UMFCCI) နှင့် အစည်းအဝေးတွင် ဝန်ခံပြောကြားသည်။

ရောင်းလိုအားနှင့် ဝယ်လိုအား မမျှခြင်းသာမက ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများသည် ဖြစ်သင့်သည်ထက် မြင့်မားနေကြောင်း ၎င်းကပြောသည်။ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်ရန် ပြောကြားပြီး ထိုသို့လုပ်ခြင်းသည် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုကို တိုးတက်စေမည်ဖြစ်ကြောင်းလည်း ပြောသည်။

စစ်ကောင်စီခေါင်းဆောင်သည် အာဏာသိမ်းချိန်မှစတင်ပြီး လယ်ယာထုတ်ကုန်ထုတ်လုပ်မှု အရှိန်မြှင့်ရန် တောင်းဆိုမှုကို အကြိမ်ကြိမ် ပြုလုပ်နေကြောင်း စီးပွားရေးလုပ်ငန်း သုတေသီတဦးက ထောက်ပြသည်။

“သူက စကားလုံးတွေသက်သက်ပဲ ပြောပြီး ထုတ်လုပ်မှု တိုးလာမယ်လို့ မျှော်လင့်လို့ မရဘူး။ နောက်ကွယ်က ပံ့ပိုးမှု အရမ်းအရေးကြီးတယ်။ အခု လယ်သမားတွေက ချေးငွေမရသလို သူတို့ရဲ့ ကုန်ကြမ်းဈေးနှုန်းတွေက တက်နေတယ်” ဟု ထိုသုတေသီက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီက ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကို မထိန်းသိမ်းနိုင်ခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း သူဆက်ပြောသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ နေ့စဉ်ပျံကျအလုပ်သမားရပ်ကွက်တခုမှ ကလေးငယ်တဦး/AFP

သို့သော် ပြည်သူအများစုက ကုန်ဈေးနှုန်းတက်ခြင်းအတွက် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအမှားများနှင့် ရက်စက်ကြမ်းကြုတ်သော အင်အားကိုသာ အသုံးပြုပြီး နိုင်ငံကို အုပ်ချုပ်ရန် ကြိုးစားနေမှုတို့ကို အပြစ်တင်ကြသည်။

“သူတို့က တိုင်းပြည်အုပ်ချုပ်ချင်တာ တပိုင်းသေနေပေမယ့် ဦးနှောက်မရှိဘူး” ဟု စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ်မှ ဒေသခံတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

သူ၏ကျေးရွာသည် ယခုအခါ အစားအစာ မဝယ်နိုင်တော့သောကြောင့် ရွာဘုန်းကြီးကျောင်းမှ ဝေသည့် အခမဲ့ အစားအစာကိုသာ မှီခိုနေရကြောင်း သူပြောသည်။

“အရင်တုန်းက ဘုန်းကြီးကျောင်းက အစားအစာတွေကို ကျမတို့ အခုလို တောင်းဖို့ မလိုဘူး။ ဒါမျိုး တခါမှ မကြုံဖူးဘူး” ဟု ၎င်းကပြောသည်။

“အရင်တုန်းက ဘုန်းကြီးကျောင်းက အစားအစာတွေကို ကျမတို့ အခုလို တောင်းဖို့ မလိုဘူး။ ဒါမျိုး တခါမှ မကြုံဖူးဘူး”

စစ်ကိုင်းတိုင်းသည် စစ်ကောင်စီက အရပ်သားများကို ရက်စက်ကြမ်းကြုတ်မှုများ မကြာခဏ ကျူးလွန်နေသည့် ဒေသဖြစ်ပြီး လူ သောင်းနှင့်ချီပြီး နေအိမ်မှ ထွက်ပြေးနေရသည်။ ထိုနေရပ်စွန့်ခွာသူအများအပြားသည် စားစရာ လုံလုံလောက်လောက် ရရှိရေး ရုန်းကန်နေရပြီး လယ်ယာလုပ်ငန်းကဲ့သို့သော နေ့စဉ်လုပ်ငန်းများကို မလုပ်ကိုင်နိုင်ကြတော့ပေ။ အကျပ်အတည်းကျရောက်နေပြီးဖြစ်သောကြောင့် ၎င်းတို့သည် မြင့်မားလာသည့် စားသောက်ကုန် ဈေးနှုန်းများကြောင့် အထိနာကြပြန်သည်ဟု ခင်ဦးမြို့နယ်ဒေသခံ အကူအညီပေးရေးအဖွဲ့မှ ပြောခွင့်ရသူ ကိုနေသူရက ပြောသည်။

“ကျနော်တို့ဒေသမှာ ဆန်ဈေး နှစ်ဆကျော်တက်တော့ ဒေသခံတွေက ပြည်သူလူထု အကူအညီကို မှီခိုနေရတာ” ဟု ကိုနေသူရက ဧရာဝတီသို့ပြောသည်။

၎င်းတို့ကဲ့သို့ပင် ရန်ကုန်ဒေသခံ မအေးမြသည် အမှိုက်ကောက်ရင်း တွေ့သူများတွင် သူ၏ ကလေးများအတွက်ပေးရန် အစားအသောက် အပိုအလျှံတောင်းရသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက ကျမတို့ကို ဆန်နဲ့ဆီလှူမယ့် မိသားစုတခုတွေ့လို့ အရမ်းကို ဝမ်းသာရတယ်” ဟု သူက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ယုဇန၏ ‘We Starve to Feed the Kids’: Myanmar’s Post-Coup Food Crisis Bites Hard ကို ဘာသာပြန်သည်။)


View the original

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia