28 July 2023
RFA Burmese | 2023.07.28
မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူး (နဂါးမာန်) ကို တွေ့ရစဉ်။ Photo: တူးတူး – နဂါးမာန် ဖေ့စ်ဘွတ်ခ်
မြန်မာ့အားကစားလောကမှာ နိုင်ငံ့ဂုဏ်ဆောင်လက်ဝှေ့ချန်ပီယံအနေနဲ့ လူသိများတဲ့ တူးတူး (နဂါးမာန်) ဟာ စစ်ကောင်စီဖမ်းထားတဲ့ကာလမှာပဲ သေဆုံးခဲ့ရပါတယ်။
သူက လက်ဝှေ့သမားဖြစ်တဲ့အတွက် ကျန်းမာရေးကောင်းပြီး ကြံ့ခိုင်သန်မာတဲ့သူ ဖြစ်ပါတယ်။ ဒီလို သန်စွမ်းတဲ့သူ လူငယ်ဖြစ်ပေမယ့် အဖမ်းခံရပြီးတဲ့တစ်နှစ်ကျော် ကြာတဲ့အခါမှာ သူဆုံးပြီဆိုတဲ့အကြောင်း မကွေးတိုင်း စကုရဲစခန်းက မိသားစုကို ခေါ်ပြော လို့ သိလိုက်ရတာပါ။
“သူ့ကိုပဲ မှီခိုနေရတာ ညီမတို့ကလေ။ ဒီ ကိုယ့်မောင်နှမသုံးယောက်ထဲပဲ အရင်ထဲက ရပ်တည်နေတာဆိုတော့ အဖေလိုရော၊ အမေလိုရော အစ်ကိုကပဲ စောင့်ရှောက်ပေးခဲ့ တာဆိုတော့ ညီမတို့မှာ ဆုံးရှုံးမှုကြီးတစ်ခုပဲ။ တကယ့်ကို ကမ္ဘာပျက်နေသလိုပဲ။ ကြာလှ ပြီလေ တစ်ခါမှလည်း မတွေ့လိုက်ရဘူးလေ။ ကိုယ့်အစ်ကို တစ်ယောက်လုံးဆုံးတာ မခံစားရဘဲနေမလား။ ခံစားရတာပေါ့”
တူးတူးဟာ စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ ပြည်သူလူထုနဲ့ ဆန္ဒပြခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ သူ အပါအဝင် လူခြောက်ယောက်ကို စကု မြို့နယ်က စားသောက် ဆိုင်တစ်ဆိုင်မှာ စစ်ကောင်စီက ဖမ်းလိုက်ပါတယ်။ သူတို့ကို လက်နက်ငယ်တချို့၊ လက်ပစ်ဗုံး နှစ်လုံးနဲ့အတူ ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီသတင်းတွေ ကို ဖော်ပြနေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးခဲ့ကြပါတယ်။
အဖမ်းခံရပြီးကတည်းက သူနဲ့ အဆက်အသွယ်မရတော့တဲ့မိသားစုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ စကုစခန်းမှူးက ခေါ်တွေ့လို့ သွားတဲ့အခါ တူးတူးဟာ ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ကတည်းက သေဆုံးသွားပြီဖြစ်လို့ ဒီကိစ္စကို သိရှိတဲ့အကြောင်း လက်မှတ်ထိုးခိုင်းတာလို့ ပြောပြပါတယ်။
သူ့ကို သက်သေခံပစ္စည်းတွေရှိတဲ့နေရာကိုပြဖို့ ခေါ်သွားတဲ့အချိန်မှာ ခုခံလို့ ပစ်ခတ်လိုက် ရတယ်လို့ လည်း စစ်ကောင်စီဘက်က အကြောင်းပြတယ်လို့ ဆိုပါတယ်။
“အဖေလိုရော၊ အမေလိုရော အစ်ကိုကပဲ စောင့်ရှောက်ပေးခဲ့တာဆိုတော့ ညီမတို့မှာ ဆုံးရှုံးမှုကြီးတစ်ခုပဲ။ တကယ့်ကို ကမ္ဘာပျက်နေသလိုပဲ”
ဒီလိုအကြောင်းပြချက်တွေက ဥပဒေကြောင်းအရ လက်ခံနိုင်လောက်တဲ့ အနေအထား မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ရှေ့နေတစ်ယောက်က ထောက်ပြပါတယ်။
“ပြန်လည်ခုခံလို့ သို့မဟုတ် ထွက်ပြေးလို့ ပစ်ခတ်လိုက်ရလို့ သေသွားတယ်လို့လည်း ပြောတယ်။ အဲတော့ အဲဒါကကျတော့ အမှန်တကယ် ဥပဒေသဘောအရဆိုရင် ဒီဟာမှာ အထောက်အထားရှိရ မယ်။ ဥပမာဖြင့် သက်သေရှိရမယ်။ သို့သော်လည်းပဲ တကယ့် လက်တွေ့ဖြစ်စဉ်တွေမှာကျတော့ သက်သေခံ အထောက်အထားတွေ၊ သက်သေတွေ ဘာတစ်ခုမှ မရှိဘူး။ ပြောတာကိုပဲ နားထောင်ပြီးတော့ လက်မှတ်ထိုးရတဲ့အဆင့်ဖြစ် တော့ ဥပဒေသဘောအရ ပြောရင်တော့ ဒါဟာ သိပ်ပြီးတော့ ကျေနပ်လက်ခံနိုင်တဲ့ အနေအထားတော့မဟုတ်ဘူးလို့ ပြောရမယ်”
တကယ်လို့ တူးတူးကို သက်သေခံပစ္စည်းတွေခေါ်ပြခိုင်းမယ်ဆိုရင်လည်း လုံခြုံရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အရပ်ဘက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေပါရမှာဖြစ်ပြီး အဲဒါမှ တကယ်ခုခံခဲ့တာလား၊ လက်နက်တွေပြန်လုပြီးခုခံလို့ ပစ်ခတ်လိုက်တာလားဆိုတာကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိရမယ်လို့ ပြောပါတယ်။
သူဆုံးပြီဆိုတဲ့အကြောင်း မိသားစုဝင်တွေကို အသိပေးလက်မှတ်ရေးထိုးတာတွေ၊ အဲဒါကို မှတ်တမ်း ဓာတ်ပုံရိုက်ရတာတွေကလည်း ဖမ်းဆီးခဲ့တဲ့အဖွဲ့အစည်းကို အရေးယူတာတွေ ဖြစ်လာမှာစိုးလို့ ကြိုတင်ကာကွယ်တာလို့ ပြောပါတယ်။
အခုလို ရဲစခန်းကခေါ်ပြီး အသိပေးပေမယ့် မိသားစုက တူးတူးရဲ့ အလောင်းလည်းပြန်မရ သလို၊ တွေ့လည်း မတွေ့ရပါဘူး။ မိသားစုကို ဆက်သွယ်တာမရလို့ မကွေးမြို့ အခြေစိုက် တပ်မ ၈၈ ရဲ့ ခုတင် ၁၀၀ ဆံ့ စစ်ဆေးရုံကနေ ရုပ်အလောင်းသင်္ဂြိုဟ်ပေးလိုက်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်ဆီကနေတစ်ဆင့်ပဲ မိသားစုက သိလိုက်ရပါတယ်။
တူးတူးဟာ ရေနံချောင်း၊ ဗူးကျွန်းရွာဇာတိဖြစ်ပြီး ဆင်ဖြူကျွန်း၊ မကွေးမြို့တို့မှာ အခြေခံပညာသင်ခဲ့ပါ တယ်။ သူ ရှစ်တန်းအရောက်မှာ ကရာတေးပညာကို စသင်ခဲ့ ရာကနေ လက်ဝှေ့အားကစားလောကနဲ့ အဆက်အသွယ်ရပြီး လက်ဝှေ့ကျော်ဖြစ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။
“သူ့ဆရာက ကိုတင်မောင်အေးလေ။ ခုနစ်တန်း၊ ရှစ်တန်းလောက်ကနေ ကရာတေး သုံးနှစ်လောက် သင်လိုက်တယ်။ သုံးနှစ်လောက်သင်ပြီးတော့ သူ ကျောက်ပန်းတောင်း သွားထိုး တဲ့အချိန်မှာ ဆရာကိုကျော်စိုးနဲ့ တွေ့ပြီးတော့ ရန်ကုန် သူတို့ခေါ်သွားတာပေါ့”
တူးတူးကို စစ်ကောင်စီက ဖမ်းမိပေမယ့်လည်း မကွေးမြို့ ရန်ကင်းဈေး၊ စီလမ်းမှာရှိတဲ့ သူ့အစ်မရဲ့ ဂရန်ပေါက်အိမ်ကို ချိပ်ပိတ်လိုက်ပါတယ်။ ဒါကြောင့် မိသားစုဟာ တူးတူးကို လည်းဆုံး၊ ပိုင်ဆိုင်မှုလည်းဆုံးသလို စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာရေးထိခိုက်ရပါတယ်။
ဒါတွေဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
“ဒါတွေအားလုံးကတော့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုပေမယ့် ဒါတွေဟာ နိုင်ငံတကာရာဇဝတ်မှု တွေဖြစ်တယ်”
တူးတူးဟာ မိသားစုအပေါ်ရော သူငယ်ချင်း၊ မိတ်ဆွေတွေအပေါ်မှာပါ ကောင်းခဲ့တဲ့သူလို့ သူ့မိတ်ဆွေတွေက ပြောပြပါတယ်။
“သူက သူငယ်ချင်းတွေအပေါ်မှာ အမြဲတမ်းကောင်းတယ်။ သူက အနစ်နာလည်း ခံတာ ကိုး။ တကယ် လူတွေအပေါ်မှာလည်း အရမ်းကောင်းခဲ့တယ်။ သူဆိုရင် ကျွန်တော်တို့နဲ့ ပေါင်းတဲ့ ကာလမှာကို သူငယ်ချင်းထဲမှာ တစ်ကိုယ်ကောင်းလည်းမဆန်ဘူး။ အရမ်း လူမှန်တယ်။ သူက မဟုတ်မခံစိတ်ရှိတယ်”
တူးတူးဟာ ၂၀၁၃ ခုနှစ်မှာ ပြည်တွင်းရော နိုင်ငံတကာအထိ အောင်မြင်မှုတွေ ဆက်တိုက် ရရှိခဲ့တဲ့ အတွက် လူသိများ ထင်ရှားလာပါတယ်။
အဲဒီနှစ်က မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ ၇၁ ကီလိုတန်း မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရအောင်ယူခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ၇၅ ကီလိုတန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ၂၀၁၇ ခုနှစ်မှာ WLC ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်လာခဲ့ပါ တယ်။ ၂၀၁၉ ခုနှစ်မှာ ကမ္ဘောဇလေကြောင်း (Air Kanbawza) ရဲ့ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။
ဘဝတစ်လျှောက် ၆၆ ပွဲပြိုင်ခဲ့ပြီး ၃၉ ပွဲနိုင်ခဲ့ပါတယ်။ ၂၆ ပွဲသရေကျပြီး ၁ ပွဲပဲ ရှုံးနိမ့်ခဲ့ ပါတယ်။
သူသေဆုံးပြီဆိုတဲ့အချိန်မှာ အသက် ၃၂ နှစ်အရွယ်ပဲ ရှိပါသေးတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲအတွင်း စစ်ကြောရေးစခန်း၊ အချုပ်နဲ့ထောင်တွေမှာ အသတ်ခံ ရတဲ့သူအနည်းဆုံး ၁၂၈၄ ယောက်ရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
20 June 2025
Burmese Rohingya Organisation UK , Chin Human Rights Organization , Human Rights Foundation of Monland , Kachin Women’s Association Thailand , Karen Human Rights Group , Karen Peace Support Network , Karenni Civil Society Network , Karenni National Women’s Organization , Progressive Voice , RW Welfare Society
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.