နိုင်ရာဝန်ကို ထမ်းနေတဲ့ အညတရ စေတနာ့ဝန်ထမ်း တော်လှန်ရေးသမားများ

July 14th, 2023  •  Author:   Kantarawaddy Times  •  1 minute read

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

စေတနာ့ဝန်ထမ်းဆိုတာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်သူတွေပါ။

“အများအကျိုးဆောင် ၊ ကိုယ့်အကျိုးအောင်” ဆိုတဲ့ စကားပုံကို လူမှုအသိုက်အဝန်းက “အများ အကျိုးဆောင်၊ ကိုယ့်အကျိုးပြောင်” လို့ စစနောက်နောက် ပြောဆိုနေကြသလိုပဲ၊ လက်တွေ့မြေပြင်မှာ အများအကျိုးဆောင်ရင်း ကိုယ့်အကျိုး ပြောင် သွားရတဲ့အထိ နိုင်ရာဝန်ကို ထမ်းနေတဲ့ သာမာန်လူတွေ၊ စေတနာ့ဝန်ထမ်းတွေဟာ လူမှုပတ်ဝန်းကျင်မှာ ရှိမြဲရှိနေပြီး အညတရအဖြစ် ရှင်သန်နေကြမြဲပါ။

စေတနာ့ဝန်ကို ထမ်းဆောင်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ဆုံဖူးကြမှာပါ။

မူဂရေ့စ် (နာမည်လွှဲ ) ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ဒီးမော့ဆိုမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ဖြစ်ပါတယ်။ သူမနဲ့အတူ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်လူထုတွေရဲ့ လိုအပ်ချက်တွေကို တစ်နိုင်တစ်ပိုင်ကူညီရင်း ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်လူထု အားကိုးရတဲ့ စေတနာ့ဝန်ကိုထမ်းနေတဲ့ အညတရ ပရဟိတဝန်ထမ်း တစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူမမှာ ရှိတာလေးတွေကို ဘဝတူ စစ်ရှောင်တွေကို စွန့်ကြဲရင်း သူမအတွက်ကိုတောင် ဘာမှမကျန်ရှိတော့တဲ့နေ့ရက်မျိုးတွေနဲ့ နှစ်နှစ်နီးပါး ဘဝတူ စစ်ဘေးရှောင်တွေအတွက် ရုန်းကန်ခဲ့ရတာပါ။

အသိမိတ်ဆွေတွေ၊ အလှူရှင်တွေဆီမှာ အကူအညီတောင်းခံလို့ရရှိလာတာတွေကို ခက်ခဲလှတဲ့ စစ်ဘေးရှောင်မိသားစုတွေကို ကူညီရင်း၊ အလှူရှင်တွေဆီက မရလာတဲ့အခါမှာတော့ သူမမှာရှိတဲ့ တစ်ပဲတစ်ပြားကစ စွန့်ကြဲပေးကမ်းခဲ့သူပါ။

စစ်ဘေးရှောင်လူထုတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ မူဂရေ့စ် (နာမည်လွှဲ )

အခုတော့ သူမကိုယ်တိုင် အခက်ခဲဆုံးသော အခြေအနေနဲ့အတူ အမျိုးသားဖြစ်သူရဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်လာရတာကြောင့်၊ သူမဟာ ဘဝတူ စစ်ဘေးရှောင်မိသားစုတွေအတွက် လုပ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းအလုပ်ကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။

“ကိုယ့်ဖာသာကိုယ်လည်း စိုက်ထားတာလည်း များတယ်။ သူများ နားလည်ပေးလို့ နောက်မှပေးလို့ရတယ် သူများပြောတဲ့ဟာလည်း ရှိခါကျတော့လေ။ အိုး…တော်ပြီ။ “ငါသာဆက်လုပ်မယ်ဆိုရင် ငါပဲ ပိုဆိုးမယ်ပေါ့နော။ နားကိုနားမှရမယ် ဆိုပြီးတော့ပေါ့။ ကျမ ယောကျာ်းလည်း ကျမကို အနီကဒ် ပေးနေပြီလေ။” လို့ မူဂရေ့စ် (နာမည်လွှဲ) က သူမ အနေနဲ့ ဘဝတူစစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်အတွက် အလှူရှင်တွေရှာဖွေပြီး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးတာတွေကနေ ရပ်နားသွားမယ့်အကြောင်းကို ဝမ်းနည်းစွာ ရင်ဖွင့်လာတာ ဖြစ်ပါတယ်။

မူဂရေ့စ်ဟာ အသက် ၃၀ ဝန်းကျင်သာရှိသေးတဲ့ သာမာန်အရပ်သူ အမျိုးသမီးတစ်ဦးပါ။ အိမ်ထောင်ရှင်မဖြစ်ပြီး သားငယ်လေး နှစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မူဂရေ့စ်အနေနဲ့ သူမနဲ့အတူ ဘဝတူ စစ်ဘေးရှောင်တွေရဲ့ ခက်ခဲလှတဲ့ အခြေအနေတွေကို နေ့နေ့ညည မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်ရတဲ့အခါ၊ ထိုင်ကြည့်မနေနိုင်တော့ဘဲ သူမ ဘယ်လိုကဏ္ဍမှာ ပါဝင်လုပ်ဆောင်နိုင်မလဲဆိုတာ စဉ်းစားရင်း၊ အသိမိတ်ဆွေတွေဆီကနေ ချိတ်ဆက်အကူအညီတောင်းရာမှ စတင်ပြီး၊ ရလာတဲ့အလှူငွေတွေနဲ့ အဓိက လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း နှစ်နှစ်တာ ကာလကို ရုန်းကန်ခဲ့ရသူပါ။

အလှူရှင်တွေဆီကနေ မရရှိတဲ့အခါ အရေးပေါ်လိုအပ်ချက်တွေကိုတော့ သူမမှာ ရှိသမျှကို မျှဝေပေးပြီး၊ သူမအတွက် လိုအပ်လာရင်တော့ ရင်းနှီးတဲ့မိတ်ဆွေတွေဆီကနေ ချေးငှားယူပြီး သူမရဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်း ခဲ့တာပါ။

“လုံးဝတောင် ပြတ်သွားတယ်။ ဆန်က လူများ နှစ်အိတ် လာချထားပေးတယ်။ နောက် ခြေပြတ်ကို တစ်အိတ် ပေးလိုက်တယ်။ နောက်တစ်အိတ်က မိသားစု ၁၂ ယောက်ရှိတယ်ဆိုတော့ တစ်အိတ်ယူသွားလိုက်ပြောတာ။ နောက်မှ ဆန်ပုံး ပြန်ဖွင့်ကြည့်တော့ ဘာမှ မရှိတော့ဘူး။ အဲ့ဒါ ဆိုင်ထဲမှာပြေးသွားတာ လက်ထဲမှာလည်း ပိုက်ဆံက မရှိဘူး။ သူငယ်ချင်းက ဆိုင်ရောင်းလို့တော်သေးတာပေါ့။ သူငယ်ချင်း ဒီလကုန်မှ ပြန်ပေးမယ်ပေါ့နော ရလား။ ရတယ် ဘာမှမဖြစ်ဘူး နင်ပဲ ဆိုပြီးတော့ပေါ့။ သူများက ကိုယ့်ကို ယုံကြည်လို့လေ။ အဲ့ယုံကြည်မှုက လုံးဝ အလွဲသုံးစားလုပ်လို့ မဖြစ်ဘူးဆိုပြီးတော့မှပေါ့။ အဲ့ဒါ ဆန်တစ်အိတ်ကို အကြွေးယူပေါ့။” လို့ မူဂရေ့စ် တစ်ယောက် စစ်ကြောင့်အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ ဘဝတူလူထုတွေအပေါ် သူမရဲ့ စေတနာသဒ္ဓါတရား ဘယ်လောက်အထိ ထက်သန်သလဲဆိုတာကို သူမရဲ့ ပြောစကားတွေကို နားထောင်ရင်း ပိုမိုသိမြင်နိုင်ပါတယ်။

သူမဟာ စစ်ဘေးတိမ်းရှောင်နေရတဲ့ လူထုတွေကို သာမက စစ်ကြောင့် ကိုယ်လက်အင်္ဂါ ပေးဆပ်လိုက်ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုလည်း တစ်နိုင်တစ်ပိုင် အကူအညီရရှိအောင် ဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။ သူမဟာ အထူးသဖြင့် စားနပ်ရိက္ခာနဲ့ အာဟာရပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဦးစားပေးဆောင်ရွက်လိုတယ်လို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ “ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက်” ဆိုသလိုပဲ လူဖြစ်သည်နှင့်အားလျော်စွာ စားရ၊ သောက်ရဖို့ဟာ မဖြစ်မနေ လိုအပ်နေတာဖြစ်လို့ စားနပ်ရိက္ခာ ရရှိရေးကို ဦးစားပေးဆောင်ရွက်နေတာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

ဒါပေမယ့်လည်း အခြေခံမှအစ အဘက်ဘက်သော လိုအပ်ချက်တွေရှိနေတဲ့ စစ်ဘေးရှောင်လူထုတွေအတွက် သူမဟာ အလှူရှင်ပံ့ပိုးလှူဒါန်းသမျှသော ပစ္စည်း၊ ငွေ တွေကို လက်ခံရင်း ကိုယ်တိုင်ကိုယ်ကျ အနီးကပ် ကူညီဆောင်ရွက်ပေးနေခဲ့တာပါ။ အခုတော့ မူဂရေ့စ် တစ်ယောက် ထမ်းရတဲ့ဝန်ဟာ သူမရဲ့ မိသားစုအပေါ် အကျိုးသက်ရောက်မှု ရှိလာတဲ့အခါ ရပ်နားသွားခဲ့ရပါတယ်။

မူဂရေ့စ်လိုပဲ စစ်ဘေးရှောင်အရေးကို တစ်နိုင်တစ်ပိုင် ပံ့ပိုးကူညီမှုရရှိအောင် ချိတ်ဆက်ဆောင်ရွက်နေတဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးဟာလည်း စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လက်လှမ်းမီသမျှ ကူညီဆောင်ရွက်ပေးရင်း မိမိကိုယ်ကို အတွက် မေ့လျော့သွားသည်အထိ ဖြစ်သွားခဲ့ပြီး၊ ကိုယ်တိုင်ခက်ခဲမှုတွေကို နေ့စဉ်ရင်ဆိုင်လာရတဲ့အပြင် သူမ ချိတ်ဆက်တဲ့ အလှူရှင်တွေ၊ သူမရဲ့ မိတ်ဆွေသူငယ်ချင်းတွေက စာမပြန်တာ၊ စကားပြန်မပြောတဲ့အဆင့်အထိ ဖြစ်သွားပြီး စိတ်ပိုင်းဆိုင်ရာကို ထိခိုက်လာတဲ့အတွက် လုံးဝရပ်နားသွားခဲ့တယ်လို့ ပြောပါတယ်။ မိမိကိုယ်ကို လိပ်ပြာလုံစွာနဲ့ စစ်ရှောင်အရေးကို ကူညီဆောင်ရွက်နေခဲ့ပေမယ့် အခုလို ရင်ဆိုင်လာရဖန် များလာတဲ့အခါ စိတ်ထိခိုက်စရာတွေ ဖြစ်လာတယ်လို့ သူမက ရင်ဖွင့်ပြောဆိုလာတာပါ။

မူဂရေ့စ်ဟာ အားကိုးထိုက်တဲ့ စေတနာ့ဝန်ကို ထမ်းဆောင်ပေးနေသူတစ်ဦးဖြစ်ပြီး သူမကဲ့သို့သော စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို မြေပြင်အထိ ထဲထဲဝင်ဝင် ကူညီဆောင်ရွက်ပေးနေသူတွေကို အသိအမှတ်ပြုပြီး တန်ဖိုးထားပေးဖို့ကို မူဂရေ့စ် ကြည့်ရှု့ကူညီပေးနေတဲ့ စစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူက ကျနော်တို့ရဲ့ မျှော်လင့်ချက်ပါပဲ။ ကျနော်တို့လို ဘာမှ မရှိတဲ့သူတွေကို သူ့မှာ ရှိတာလေးတွေ အကုန်မျှဝေပေးတယ်။ နောက်ဆုံး သူ့မှာ ဘာမှမရှိတော့ရင်တောင် ကျနော်တို့ စစ်ရှောင်စခန်းကိုလာပြီး စကားနဲ့ အမြဲတမ်း အားပေးတယ်။ ကျနော်တို့ဆီက အမေကြီးတွေဆို သူ့ကိုပဲ မျှော်ကိုးကြတာ။” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

စစ်ဘေးရှောင်အရေးကို မြေပြင်မှာ ကိုယ်တိုင်ထိတွေ့ပြီး ကူညီစောင့်ရှောက်ပေးနေသူတွေဟာ ရေရှည်မှာလည်း ကိုယ်တိုင်ခက်ခဲလာသလို၊ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေဟာလည်း နည်းပါးလာတဲ့အတွက် ကိုယ်တိုင်စိတ်အားငယ်မှုတွေ ဖြစ်လာပါတယ်။
စစ်ဘေးရှောင်တွေကို ပေးတဲ့ စေတနာ့ဝန်ဆောင်မှုတွေ လျော့နည်းလာတဲ့အခါ စစ်ဘေးရှောင်လူထုတွေဖြစ်ကြတဲ့ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအပေါ် ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှု ဖြစ်စေတယ်လို့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး – ၂ ဦးဗညားက သုံးသပ်ပြောဆိုထားပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်တွေဟာ တနေ့ထက်တနေ့ တိုးပွားလာတာဖြစ်လို့ အခုလို စစ်ဘေးရှောင်အရေးကို မြေပြင်အထိ တစ်နိုင်တစ်ပိုင် ကူညီဆောင်ရွက်ပေးသူတွေအနေနဲ့ ရေရှည်မှာ လျော့နည်းလာတဲ့အခါ၊ စစ်ဘေးရှောင်လူထုတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာနဲ့ အဘက်ဘက်မှာတောင့်ခံနိုင်ဖို့ အားနည်းလာစေတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်လူထုတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ မူဂရေ့စ် (နာမည်လွှဲ )

“ကျနော်တို့ပြည်နယ်ရဲ့ စစ်ဘေးရှောင်အရေးက ကျသွားတာမဟုတ်ပဲ ရက်တိုင်းနီးပါး တိုးလာတာကိုး။ အဲ့တော့ ရတဲ့ဝင်ငွေက ကျတယ်။ ဝန်ဆောင်မှုပေးတဲ့ သူကလည်း နည်းလာတယ်။ စစ်ဘေးရှောင်ကလည်း များလာတယ်။ ဆိုတော့ ဒါက Negative ကို အကြီးကြီး ကျနော်တို့ သွားနေတာပေါ့။ အဲ့ဒါ Impact က ကျနော်တို့ရဲ့ ပြည်နယ်မှာ ရှိတဲ့ လူသားအရင်းအမြစ်တွေ ကလေးတွေ၊ ပညာရေးတွေ၊ ကျန်းမာရေးတွေ နောက်ပြီးတော့မှ ရေရှည်ပြည်သူလူထုကနေ ဒီလူထုတော်လှန်ရေးမှာ တောင့်ခံနိုင်ဖို့အတွက်က စိန်ခေါ်မှုတွေကို ဖြစ်သွားစေနိုင်တာ ရှိပါတယ်။” လို့ ဦးဗညား ကပြောပါတယ်။

မူဂရေ့စ်လိုပဲ တော်လှန်ရေးမှာ မိမိပိုင်ဆိုင်မှုကို အကုန်စွန့်ကြဲပြီး တစ်နိုင်တစ်ပိုင် စေတနာ့ဝန်ကို ထမ်းနေကြတဲ့ အညတရ တွေဟာ တော်လှန်ရေးကို များစွာ အထောက်အကူပြုနိုင်သလို စစ်ဘေးဒဏ်ကို ပြင်းထန်စွာရင်ဆိုင်နေရဆဲဖြစ်တဲ့ လူထုတွေအတွက်လည်း များစွာသောအကူအညီကို ဖြစ်စေတာကြောင့် သူမတို့လို ပေးဆပ်နေကြတဲ့ အညတရ တော်လှန်ရေးသမားတွေကိုလည်း အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။


View the original