အင်ဂျင်နီယာ “ရဲဘော်ဂျိုး”

July 1st, 2023  •  Author:   Kantarawaddy Times  •  1 minute read

မော်မီမြာ ၊ ကန္တာရဝတီတိုင်း(မ်)

ဂုဏ်ပြုပွဲတစ်ခုမှာ လာရောက်ပါဝင်ဆင်နွဲဖို့ ဖိတ်ခေါ်ခံရတဲ့နေရာကို အိမ်စီးကားအဖြူတစ်စီး ကိုယ်တိုင်မောင်းလာတဲ့ သူကတော့ “ရဲဘော်ဂျိုး”ပဲဖြစ်ပါတယ်။ ကားပေါ်ကနေ ‌ ချိုင်းထောက်ကို မှီခိုပြီးဆင်းလာကာ သူရဲ့ မိတ်ဆွေတွေရှိရာကို ဦးတည်သွားနေပါတယ်။

“ရဲဘော်ဂျိုး”ဟာ မြေမြှုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်လုံးကို ဆုံးရှုံးထားရသူ ဖြစ်ပါတယ်။ လက်ရှိမှာ စတီး (Steel) နဲ့ ပြုလုပ်ထားတဲ့ ခြေတု နှစ်ဖက်ကို ဆုံးရှုံးသွားတဲ့ခြေထောက်နေရာမှာ အစားထိုး အသုံးပြုနေရပါတယ်။

သူ့ခြေထောက်အကောင်းအတိုင်းရှိနေချိန်က ကိုယ်ပိုင်ဝင်ငွေနဲ့ ဝယ်ယူထားတဲ့ Honda fit ကားငယ် ကို ခြေထောက်မရှိတော့ချိန်မှာလည်း ကျွမ်းကျင်စွာပဲ ဆက်လက်မောင်းနှင် နေဆဲဖြစ်ပါတယ်။ သာမန်လူတွေတောင် လူတိုင်းကားမမောင်းနိုင်တဲ့ အခြေအနေမှာ ခြေထောက် နှစ်ဖက်လုံးမရှိတော့တဲ့ ရဲဘော် ဂျိုး တစ်ယောက် ကားမောင်းနေဆဲဖြစ်တာဟာ သူ့ ရဲ့ စိတ်ပိုင်းဆိုင်ရာ အတော်လေးကြံ့ခိုင်နေတယ်လို့ ဆိုနိုင်ပါတယ်။

သူက ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲဘော် တစ်ယောက်ဖြစ်ပြီးတော့ ၂၀၂၂ ခုနှစ်မှာ KNDF ရဲဘော် အဖြစ် စတင်ပါဝင်ခဲ့ပြီး၊ လေးလ လောက်အကြာမှာတော့ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် ခြေနှစ်ဖက် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

KNDF တပ်ရင်း (၅) ခွဲ (၃) မှာ စတင်တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်းမှာတော့ KNDF ဗဟိုမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်မှာပဲ ဒီးမော့ဆိုမြို့နယ်၊ ဥခူရီကျေးရွာ ရှေ့တန်းတစ်နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသူပါ။

အခုချိန်မှာတော့ ခြေထောက်အနာတွေကျက်သွားပြီဖြစ်တာကြောင့်၊ ခြေတုတပ်ကာ ချိုင်းထောက်တွေကို အားပြုပြီး လမ်းလျှောက်နိုင်နေပါပြီ။

“ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ရင်တော့ တော်တော်များများ ပြန်လှုပ်ရှားနိုင်ပါပြီ။ သွားတာတွေ လာတာတွေ ပြီးတော့ လျှောက်လည်တာတွေပေါ့နော။ ပြီးတော့ ကားမောင်းတာတွေ၊ ပြီးရင် လမ်းခနခန လျှောက်ကျင့်ပေးရတယ်ပေါ့နော။ ဘာလို့လဲဆိုရင် အကြောတွေက တစ်ရက်နှစ်ရက် မလျှောက်ရင် သူ့သူတောင့်သွား လို့လေ။ လမ်းလျှောက်ကျင့်ပေးတာတွေ လုပ်တယ်။ ရေချိုးတာတွေ ကတော့ အကုန်လုံးကိုယ့်ကိုယ်နီးပါး လုပ်နိုင်ပြီပေါ့နော။ မြေပြန့်ဆိုရင် ပိုအဆင်ပြေတယ်၊ ကုန်းတက် ကုန်းဆင်းကတော့ နည်းနည်း ဒုက္ခရောက်တာပေါ့လေ။ “ လို့ ရဲဘော်ဂျိုးတစ်ယောက် သူ့ရဲ့ နေ့စဉ်ဘဝ ရင်ဆိုင်နေရတာတွေနဲ့ ပတ်သက်ပြီး ပြောလာတာပါ။

“ရဲဘော်ဂျိုး” တစ်ယောက် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးလိုက်ရတဲ့အပေါ် စိတ်ဓါတ်ကျတာတွေ ရှိခဲ့သလို၊ မိသားစုနဲ့ တခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကိုလည်း စိုးရိမ်ပူပန်နေပါတယ်။
ဒါကြောင့်လည်း ခြေထောက်အတုနဲ့ တစ်သက်လုံး နေထိုင်သွားရတော့မှာ ဖြစ်တဲ့သူဟာ သူ့ရဲ့ ဝေယျာဝစ္စတွေကိုလည်း တစ်ကိုယ်တည်း ဆောင်ရွက်နိုင်ဖို့ ရဲဘော်ဂျိုးဟာ နေ့စဉ်နဲ့အမျှ ကြိုးစားနေရပါတယ်။

ခြေအတု ၊ ချိုင်းထောက် စတဲ့အကူပစ္စည်းတွေကို အသုံးပြုပြီး၊ အိမ်စီးကားတစ်စီးနဲ့ မောင်းနှင် သွားလာနိုင်နေပေမယ့်၊ အချိန်ကြာကြာနဲ့ လမ်းကြမ်းတွေကို လမ်းလျှောက်သွားလာနိုင်ဖို့တော့ သူ့အတွက် ခက်ခဲနေဆဲပဲဖြစ်ပါတယ်။

သူက လက်ရှိမှာ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ နေထိုင်နေတာဖြစ်ပြီး စတီး (Steel) နဲ့ ပြုလုပ်ထားတဲ့ ခြေတု နှစ်ဖက်နဲ့ နေ့စဉ် နေသားကျအောင် ကြိုးစားလေ့ကျင့်နေရပါတယ်။ သူနေထိုင်ရာ အိမ်လေးရဲ့ ဘေးပတ်ဝန်းကျင်တွေမှာ အချိန်ရှိရင် ရှိသလို လမ်းလျှောက်ကျင့်နေတတ်ပါတယ်။

ဒူးခေါင်အထက်ထိ မရှိတော့တဲ့ ခြေထောက်အစစ်အစား စတီး ခြေထောက်အတုကို အသုံးပြုရတာဖြစ်တဲ့အတွက် လမ်းလျှောက်ကျင့်စ ကလေးငယ် တစ်ယောက်သဖွယ် သူ့အတွက် ခက်ခဲလှပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ဝိတ်ကို ထိန်းပြီး တခြားသူရဲ့ အကူအညီမပါဘဲ ချိုင်းထောက်ကိုအားပြုလို့ ယိုင်နဲ့နဲ့ လမ်းလျောက်ကျင့်နေတာက ဘေးကနေ ကြည့်နေရသူအဖို့ ကရုဏာသက်ဖွယ် ကောင်းလှပါတယ်။

မွေးဖွားစဉ်က ကိုယ်လက်အင်္ဂါအပြည့်အစုံနဲ့ သွားလာလှုပ်ရှား နေထိုင်လာခဲ့ရပေမယ့် ဘဝရဲ့ အချိုးအကွေ့တစ်ထောက်မှာ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း ရုတ်တရက်ကြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရတာက သူ့အတွက် ကြီးမားတဲ့ ပေးဆပ်မှု တစ်ခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။

သို့ပေမယ့် ရဲဘော်ဂျိုးဟာ သာမာန်လူတစ်ယောက်ကဲ့သို့ ပြန်မဖြစ်နိုင်တော့ပေမယ့်၊ သာမာန်လူတစ်ယောက်လို သွားလာလှုပ်ရှားနိုင်ပြီး လူတိုင်း မမောင်းနိုင်တဲ့ ကားကိုတောင် ကိုယ်တိုင်မောင်းပြီး တော်လှန်ရေးအတွက် တစ်ထောက်တစ်နေရာမှာ ပါဝင်ပေးဆပ်နေဆဲပါ။

“ရဲဘော်ဂျိုး” ဟာ မွေးချင်းမောင်နှမ ခြောက်ယောက်ရှိပြီး၊ သူက ငါးယောက်မြောက် သားတစ်ဦး ဖြစ်ပါတယ်။ မွေးရပ်ဇာတိကတော့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ဖြစ်ပြီး လက်ရှိမှာလည်း စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

အသက် (၃၀) ဝန်းကျင် သန်သန်မာမာ လူငယ်တစ်ဦးကနေ ဒုတ္ခိတဘဝကို မျက်လှည့်သဖွယ် မျက်စိတစ်မှိတ်အတွင်းရောက်ရှိသွားခဲ့ရပေမယ့် ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်နေထိုင်နေတဲ့ လေးစားအတုယူဖွယ် လူငယ်တစ်ဦးပါ။

စစ်တပ်အာဏာမသိမ်းခင်ကတော့ ရဲဘော်ဂျိုးဟာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ကုမ္ပဏီတစ်ခုမှ လမ်း၊ တံတား အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့နှင့် သူ့မိသားစုအတွက် လုံလောက်တဲ့ ဝင်ငွေကို ပိုင်ဆိုင်ထားသူဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းမှုကို လက်သင့်မခံနိုင်တဲ့ လူငယ်တစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ မက်မောစရာ အလုပ်တွေကို စွန့်ခွာပြီး လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့ရင်း အခုလိုပဲ ပေးဆပ်လိုက်ရသူပါ။

ခေတ်အဆက်ဆက်ရဲ့ အာဏာရှင်စနစ်ဆိုးကနေ လွတ်မြောက်ရေးအတွက် လက်ရှိတော်လှန်ရေးကာလအတွင်း တစ်ထောက်တစ်နေရာမှာ ပါဝင်နိုင်ဖို့ ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ခံယူချက်ကို ပြောပြပါတယ်။

တော်လှန်ရေးကြောင့် ခြေနှစ်ဖက် ဆုံးရှုံးသွားခဲ့ရပေမယ့် သူတတ်နိုင်တဲ့ဖက်ကနေ ဆက်လက်ပါဝင်ဖို့ ဆန္ဒပြင်းပြနေဆဲ လူငယ်တစ်ဦးပါ။ အခုလို တော်လှန်ရေးကာလမှာ အိုးအိမ်စွန့်ခွာရသူတွေ၊ အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေ စတဲ့ စတဲ့ လူပုဂ္ဂိုလ်တွေထက် စိတ်ဓါတ်အဆပေါင်းများစွာ ကျဆင်းနေမှာ အမှန်ဖြစ်ပေမယ့် လက်ရှိတော်လှန်ရေးမှာ တတ်နိုင်တဲ့ဖက်ကနေ ပါဝင်ပေးဆပ်ဖို့ “ရဲဘော်ဂျိုး” ကတော့ အဆင်သင့်ရှိနေကြောင်း သူ့ရဲ့ ပြောစကားတွေမှာ ပေါ်လွင်နေပါတယ်။

“ ဒီလိုမျိုး ထိခိုက်ဒဏ်ရာရပြီးနောက်ပိုင်းတော့ ဆက်လုပ်သွားဖို့တော့ စဉ်းစားထားပါတယ်။ ဒါကလည်း လက်ရှိ ကျနော်လှုပ်ရှားနေတဲ့ ဗဟိုမှာပေါ့နော။ ကျနော် ဘာပါဝင်ကူညီနိုင်မလဲပေါ့။ သေချာတာကတော့ ရှေ့တန်းတွေ ဘာညာတော့ မဖြစ်နိုင်တော့ဘူးလေနော။ ရုံးပိုင်းဆိုင်ရာမှာ ဘာတွေ လုပ်နိုင်မလဲ။ ကျနော် တတ်ကျွမ်းတဲ့အရာနှင့်ပတ်သက်ပြီးတော့ ဘာတွေ လုပ်ပေးနိုင်မလဲပေါ့နော။ လက်ရှိ ခြေတုကလည်း ပြန်လုပ်ထားတာလည်း မကြာသေးဘူးပေါ့နော။ သွားလာရေးမှာ အရမ်းကြီးအဆင်ပြေနေတယ် မဟုတ်သေးတော့ ကျနော် လက်ရှိ ဗဟိုမှာတော့ သွားလည်တာလောက် အဲလိုမျိုးပဲရှိသေးတာပေါ့နော။”

တော်လှန်ရေးကာလအတွင်းမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေ အများစုဟာ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ကြတဲ့သူတွေ ဖြစ်သလို “ရဲဘော်ဂျိုး” လိုပဲ လူငယ်ပိုင်းတွေ ဖြစ်ကြပါတယ်။

ရဲဘော်ဂျိုး လိုပဲ ရှေ့တန်းတိုက်ပွဲအတွင်း ထပ်တူ ခြေထောက်ဆုံးရှုံး ခဲ့ရတဲ့ ရဲဘော်တွေရှိသလို၊ တော်လှန်ရေးကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါ ပေးဆပ်ဆုံးရှုံးခဲ့လိုက်ရတဲ့ ရဲဘော်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့အတွက် လူမသိသူမသိ အသက်စတေးခံပေးဆပ်သွားကြတဲ့ သူတွေရှိသလို၊ တချို့ဟာ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြရပြီး ဒုတ္ခိတဘဝနဲ့ ခရီးဆက် နေထိုင်နေကြရတဲ့သူတွေလည်း ရှိနေပါတယ်။

“ကျနော်တို့ ဒဏ်ရာရ ရဲဘော်အချင်းချင်းလည်း တစ်ခါတလေ သွားသွားတွေ့ကြတော့ စကားပြောကြတော့ ပြန်ပြီးတော့လည်း အားတက်လာတာပေါ့နော။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ခြေတုသွားလုပ်တဲ့ နေရာဆို အများကြီး တွေ့ကြတယ်ပေါ့နော။ ကိုယ်ဒဏ်ရာရတဲ့ ဟာကို ဟာသအနေနဲ့ပဲ ပြန်ပြောကြတယ်ပေါ့နော အဲလိုမျိုးပေါ့လေ။ “ လို့ ရဲဘော်ဂျိုးက ပြောပါတယ်။

နောင်လာမယ့် အနာဂတ်အတွက် ကြိုတင် အပေးဆပ်ခံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေက မရှိသလောက်ရှားမှာ သေချာပေမယ့်၊ ပျော်စရာတွေကို ကိုယ်တိုင်ဖန်တီးယူနေကြရတဲ့အကြောင်း ရဲဘော်ဂျိုးရဲ့ ပြောစကားမှာ ပေါ်လွင်လှပါတယ်။

အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း ကရင်နီအမျိုးသားမျာကာကွယ်ရေးတပ် (KNDF)မှာ ရဲဘော် (၁၅၃) ဦး ကျဆုံးခဲ့ရပြီး ရဲဘော် (၇၀) ကျော် အကြီးစားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေအတွက် ဆေးကုသပေးတဲ့ စင်တာ (၃) နေရာထားရှိထားပြီး ရဲဘော်တွေရဲ့ အကြီးစားထိခိုက်မှုတွေကို ပြည်နယ်အတွင်းမှာ ကုသပေးနိုင်တဲ့ အခြေနေရောက်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့လည်း KNDF ဥက္ကဌ ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်) ကို မေလ (၃၁)ရက်နေ့ KNDF နှစ်နှစ်ပြည့်မှာ ဖြေကြားထားပါတယ်။

“ခြေတုစက်ရုံတွေ ၊ ခြေတုတပ်ဆင်မှုတွေမှာရော ပိုပြီးတော့မှ မြန်ဆန်သွက်လက်လာတဲ့ အခြေနေမျိုးတွေကို ကျနော်တို့ စီစဉ်ထားတယ်ပေါ့နော။ အကြီးစားထိခိုက်မှုတွေကိုလည်း ကျနော်တို့ ပြည်နယ်အတွင်းမှာ ကုသနိုင်တဲ့ အခြေအနေမျိုးထိအောင် ဆက်လက်ကြိုးစားနေတယ်။ ဒီကုသမှုတွေအားလုံးက ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ရုံမကဘူး ကျနော်တို့ရဲ့ တပ်ဖွဲ့တွေအားလုံးမှာ ရဲဘော်တွေ ကျဆုံးမှု လျော့နည်းသွားလေအောင် ဆက်ပြီးတော့ ကြိုးစားနေကြတဲ့ ခြေနေမျိုးဖြစ်ပါတယ်။ “လို့ ခွန်းဘီထူးက ပြောပါတယ်။

ခြေနှစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်ဂျိုး ရဲ့ အိပ်မက်တစ်ခုကတော့ တော်လှန်ရေးကာလအတွင်း ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေအားလုံးအတွက် တစ်နည်းတစ်ဖုံ ကြည့်ရှုပေးတဲ့အစီအစဉ်၊ ကုစားပေးတဲ့ အစီအစဉ် သို့မဟုတ် ဌာနတစ်ခု၊ အဖွဲ့တစ်ခုဖွဲ့ပြီးတော့ ကြည့်ရှုပေးဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘဝတူရဲဘော်တွေအနေနဲ့ အားတင်းထားကြဖို့ ရဲဘော်ဂျိုးက အခုလို ပြောဆိုသွားပါတယ်။

“တော်လှန်ရေးမှာ စပါဝင်ပြီဆိုကတည်းက သင့်ရဲ့ ခန္ဓာကို ဒီတော်လှန်ရေးအတွက် အပ်နှံထားတဲ့အတွက်ကြောင့် ထိခိုက်ဒဏ်ရာရတာတွေက ဘယ်လိုဖြစ်ဖြစ် ဝမ်းနည်းကြတာပဲပေါ့နော။ တချို့လူတွေကို ပြောချင်တာက အားတင်းထားကြပါပေါ့နော။ ကျနော်တို့ တော်လှန်ရေးကတော့ ဘယ်လိုဖြစ်ဖြစ် တစ်နေ့ကျတော့ အဖြေတစ်ခုထွက်မှာပဲပေါ့နော။ “


View the original