ထိုင်းမှာကျင်းပနေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီကို ဖိတ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေ ရှုတ်ချ

June 18th, 2023  •  Author:   Delta News Agency  •  1 minute read
Featured image

ဇွန်၊ ၁၈

ထိုင်းနိုင်ငံမှာ ဇွန်လ ၁၈ ရက် ဒီကနေ့ စတင်ပြုလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားမှုအပေါ် ပြင်းထန်စွာ ရှုတ်ချပြီး ထိုင်းအစိုးရအနေနဲ့ အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းပေးဖို့ မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ၃၁၆ ဖွဲ့မှ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ထိုင်းအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကြား မြန်မာစစ်ကောင်စီ ပါဝင်တဲ့ အလွတ်သဘော ဆွေးနွေးပွဲ တရပ်ကို ဇွန်လ ၁၈ ရက်ကနေ ဇွန်လ ၁၉ ရက်အထိ နှစ်ရက်တာ ပြုလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဖိတ်ကြားခံထားရတဲ့ နိုင်ငံတွေအနေနဲ့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ လှိျု့ဝှက်ဆောင်ရွက်ခဲ့တဲ့ အဲဒီအစည်းအဝေးကို မတက်ရောက်ကြဖို့ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းသုံးရာကျော်က တောင်းဆိုပါတယ်။

အဲဒီအစည်းအဝေးပွဲဟာ မြန်မာနိုင်ငံအတွင်းက စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ပိုမိုကြီးထားလားစေဖို့အပြင် နိုင်ငံတွင်း ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေကို ပျက်ပြားစေတယ်လို့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်ကြပါတယ်။

စစ်ကောင်စီနဲ့ “အပြည့်အဝပြန်လည်ထိတွေ့ဆက်ဆံရန်” ကြိုးပမ်းမှုဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက မြန်မာလူထုရဲ့ ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဆန့်ကျင်ရာရောက်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ တနိုင်ငံလုံးအပေါ် အကြမ်းဖက်စစ်ဆင်ရေးတွေ နှစ်ရှည်လများ ဆင်နွှဲကာ အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးပမ်းနေမှုကို ဆန့်ကျင်တွန်းလှန်ရင်း အသက်စတေးခဲ့ကြတဲ့ မြန်မာလူထုကို လုံးလုံးလျားလျား စော်ကားလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ကြားစာမှာ “အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ခေါင်းဆောင်ပိုင်းအဆင့် အပြည့်အဝ ပြည်လည်ဆက်ဆံသင့်တယ်”လို့ ဖော်ပြထားမှုနဲ့ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီကို ဖိတ်ကြားခြင်းဟာ အာဆီယံရဲ့ သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်တာဖြစ်တယ်လို့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ထိုင်းအစိုးရဟာ အဲဒီအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ခွင့် မရှိဘဲ ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိ အာဆီယံသဘာပတိနဲ့လည်း ညှိနှိုင်းတိုင်ပင်ခြင်း မရှိဘဲ ဆောင်ရွက်နေတာဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲကို စင်ကာပူ နဲ့ အင်ဒိုနီရှားနိုင်ငံတွေက တက်ရောက်မှာ မဟုတ်ကြောင်း အကြောင်းပြန်ထားပြီး၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က တက်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် အာဆီယံခေါင်းဆောင်တွေရှေ့မှာ ၂၀၂၁ခုနှစ်က ကတိပြုခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို လက်ကိုင်ထားဖြေရှင်းဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အသိုင်းအဝိုင်းက တွန်းအားပေးထားကြတာပါ။

ဒါပေမယ့် စစ်ကောင်စီက အဲ့ဒီဘုံသဘောတူညီချက်ငါးရပ်ကို လိုက်နာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ တာ ကြောင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေကြားမှာ သဘောထားကွဲလွဲမှုတွေရှိနေပြီး စစ်ကောင်စီကို လည်း အာဆီယံထိပ်သီးအစည်းအဝေးတွေကနေချန်လှပ်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဒီကနေ့စတင်ကျင်ပနေတဲ့ အဲဒီအစည်းအဝေးကိုစစ်ကောင်စီကို ဖိတ်ကြားတာဟာ မြန်မာလူထုကို နေ့စဉ်ကြမ်းကြုတ်ရက်စက်တဲ့ နည်းလမ်းတွေသုံးပြီး ဖိနှိပ်နေတဲ့ စစ်ကောင်စီကိုအသိအမှတ်ပြုထောက်ခံရာရောက်နိုင်တဲ့အပြင် အိမ်နီးချင်းမြန်မာပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုရာရောက်တယ်ဆိုပြီးဇွန်လ ၁၇ ရက် မနေ့က ကန့်ကွက်ထားပါတယ်။


View the original.