ကင်မရာကို ပစ်၍ အမိမြေအတွက် သေနတ်ကိုင်ခဲ့တယ်

June 12th, 2023  •  Author:   CJ Platform  •  1 minute read

Author မောင်ဒဂုံ

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ရှေ့တန်း စစ်မြေပြင်တစ်ခု၌ ဖြစ်သည်။ သပိတ်ကျင်းမြို့နယ်အခြေပြု TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ မှ ကိုမျက်ပြူးနှင့် ရဲဘော်တစ်ချို့ တိုက်ပွဲ မစမှီ ကြိုတင်ကင်းထောက်ဖို့ရာ ရှေ့သို့ ကြိုရောက်နေခဲ့သည်။

ပွဲက(တိုက်ပွဲဝင်ရမည်) ရမည်ဖြစ်သဖြင့် ကိုမျက်ပြူးတို့ တက်ကြွနေခဲ့ပြီး ရန်သူနှင့် အတော် နီးနီး နေရာသို့ ရောက်နေခဲ့ခြင်းကိုပင် သတိမပြုမိကြသေးပေ။ ကိုမျက်ပြူးက အသင့်ယူဆောင်လာသည့် ဒရုန်းကို လွှတ်တင်ရန် ပြင်ဆင်နေသည်။

” ငါ ဒရုန်းတင်ပြီနော်” ဟု ကိုမျက်ပြူးက ပြောပြော ဆိုဆိုပင် ကောင်းကင်ထက်သို့ ကင်းထောက် ဒရုန်းလေးအား ပျံသန်းစေလိုက်သည်။

ဝီ ခနဲ ပျံတက်သွားသည့် ဒရုန်းလေးက ဝေဟင်တွင် ပျံဝဲနေခဲ့ပြီး ကိုမျက်ပြူးက မော်နီတာက တစ်ဆင့် မြေပြင် အခြေအနေကို ထောက်လှမ်းရန် ထိန်းချုပ် မောင်းနှင်နေခဲ့သည်။
ထိုအခိုက်
” ဟာ စစ်ွေး တွေ”

ကိုမျက်ပြူး လက်ထဲမှ မော်နီတာ စခရင် ပေါ်၌ စစ်ကောင်စီ တပ်သား အများအပြား သူတို့ ရှိရာသို့ တက်လာနေသည်ကို မြင်တွေ့ လိုက်ရသည်။ ရန်သူက လက်တစ်ကမ်း အကွာ၌။ ရုတ်ချည်းပင်။

” ရွှီး ရွှီး ဖောက်ဖောက် အုန်းအုန်း”

လက်နက်ကြီး လက်နက်ငယ်များက ကိုမျက်ပြူးတို့ ရှိရာဆီ တစ်ရစပ် ကျရောက်လာတော့သည်။

” ဒရုန်းနဲ့ ပဲသွားတာဆိုတော့ ကျနော်တို့မှာ ကာဗာက ကောင်းကောင်းမပါလာဘူး။ ပွိုင့်က သုံးခုမှာ ရှေ့ဆုံး ပွိုင့်ထိ ရောက်သွားတာ။ ဒရုန်း စကောင့်ဝဲ တုန်းပဲ ရှိသေးတယ်။ စစ်ွေးတွေ တက်လာတာ။ပြေးရတာဗျာ။ အဲ့တုန်းက ကျနော့်မှာ ကင်မရာက တစ်ဖက်ဗျာ။ သေနတ်က မကိုင်ထားဘူး။ ပြေးရတာ ပြေးရတာ။ လက်နက်ကြီးတွေ ဆိုတာလည်း ကျနော့် ခေါင်းပေါ် ကျော်ကြဗျာ။ ကျည်တွေကလည်း နှစ်ဆင့်ကွဲတာ တရွှီးရွှီးနဲ့” ဟု ကိုမျက်ပြူးက မရဏ ခံတွင်းမှ လွတ်မြောက်လာခဲ့သည့် တိုက်ပွဲ အတွေ့အကြုံကို ပြောပြသည်။

ထို တိုက်ပွဲက ကိုမျက်ပြူးအတွက် အမှတ်ရစရာ အကောင်းဆုံး တိုက်ပွဲများထဲမှ တစ်ခု ဖြစ်သည်။

အတူ တိုက်ပွဲဝင်ရန် ပါလာသည့် ရဲဘော်များက စစ်ကောင်စီ တပ်များကို ခွာပစ် ပစ်ကာ ခံစစ်ဆင်ရင်း ပြန်ဆုတ် နိုင်ခဲ့၍သာ သူတို့ တစ်ဖွဲ့လုံး လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။
တိုက်ပွဲပြီး၍ စခန်းပြန်ရောက်ချိန်တွင်တော့။အဆိုပါ အဖြစ်အပျက်က ကိုမျက်ပြူးတို့ ရဲဘော်တစ်စုအတွက် အတွေ့အကြုံလည်းရ ပြန်ပြောင်း ပြော၍ ရယ်ရ မောရသည့် အဖြစ်အပျက် တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

” တိုက်ပွဲ ပြီးသွားတော့မှ ကျနော်တို့တွေ အချင်းချင်း ပြန်ပြောပြီး ရယ်ကြရတာပေါ့ဗျာ။ ဟာ ငါတို့ တော်တော်ကံကောင်းတာပဲ။ ငါတို့ ပြည်သူ့စစ်သားတွေက သူတော်ကောင်းတွေဆိုတော့ နတ်ကောင်း မ တာပဲ နေမှာဟေ့ ပေါ့။ ကျနော်တို့ အသက် မသေသေးလို့ ပြောနိုင်တာပေါ့ဗျာ။ ကျနော်တို့ကလည်း ပြည်သူ့အတွက်ဆို အသက်ပါပေးမယ်လို့ သစ္စာ အဓိဌာန်တွေ ဆိုထားခဲ့ပြီးသားပါ။ အဲ့တော့ ဒါမျိုးက အေးဆေးပဲ” ဟု ကိုမျက်ပြူးက ပြောပြသည်။

ပြည်သူအတွက်ဆို ကိုမျက်ပြူးတို့လို ကြယ်လေးတွေက ကြွေပေးဖို့အတွက်လည်း ဝန်မလေးသလို ဆက်လက်တောက်ပ ပေးဖို့ရာလည်း နောက်မတွန့်ကြပေ။ ကိုမျက်ပြူးက အသက် နှစ်ဆယ်ကျော် အရွယ်သာ ရှိသေးသည့် လူငယ်လေး တစ်ဦး။

ယခင်က ဖြစ်ချင်ခဲ့သည့်က ကင်မရာလေး လွယ်ပြီး နိုင်ငံအနှံ့ဓာတ်ပုံ ရိုက်မည်၊ ဓာတ်ပုံ သတင်းထောက် တစ်ယောက် အဖြစ် ပျော်မွေ့လိုသူ တစ်ဦး။ ထို့ကြောင့်လည်း စစ်အာဏာမသိမ်းခင်က ကိုမျက်ပြူး တစ်ယောက် မိသားစုနှင့် ခွဲခွာ၍ပင် ရှမ်းပြည်ဘက် သွားရောက်ပြီး သတင်းအလုပ်များကို လုပ်ကိုင်နေခဲ့သည်။

” ကျနော် ဂန်းမကိုင်ချင်ဘူးဗျ။ ဓာတ်ပုံတွေ ရိုက်မယ်၊ ရုပ်သံသတင်းတွေ လုပ်မယ်ဗျာ။ အဲ့ဒီလိုပဲ နေချင်တာ။ ကျနော့် စိတ်အခံက အနုပညာ အလုပ်မှာပဲ ပျော်မွေ့တာ” ဟု ကိုမျက်ပြူးက ပြောသည်။

သို့သော် စစ်ဘီလူးက အာဏာရူးခဲ့သည်။ တစ် လက်လက်တောက်ပ နေသည့် ကြယ်လေးများ၏ ပတ်လမ်းများ ယိမ်းထိုးကုန်သည်။ စစ်အာဏာသိမ်းပြီးနောက် ကိုမျက်ပြူး ဖြစ်လာမည့် လူငယ်လေး သူ၏ မွေးရပ် သပိတ်ကျင်းမြို့နယ်သို့ ပြန်ရောက်လာခဲ့သည်။ ဖခင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် အလုပ်အမှုဆောင်လေ။ အာဏာသိမ်းပြီးနောက် စစ်ဘီလူးများ အမဲလိုက်မည့် စာရင်းထဲ ပါနေသဖြင့် ကိုမျက်ပြူးတို့ သားအမိ အိမ်ဆိုသည်ကို စွန့်ခွာခဲ့ရသည်။

ကိုမျက်ပြူး ဖြစ်လာမည့် လူငယ်လေးကတော့ သူ့ ဝါသနာကို မစွန့်လွှတ်နိုင်သေး။ သပိတ်ကျင်း မြို့နယ်တစ်ခွင်က လူထု သပိတ်များစီ လှည့်လည်သွားလာရင်း သတင်းယူလိုက် ဓာတ်ပုံ ရိုက်လိုက် ဖြင့်ပေါ့။ တစ်နိုင်ငံလုံး အနှံ့လည်း လူထုအုံကြွမှုကြီးက အားရစရာ အတိ။

သို့သော်လည်း စစ်ဘီလူးက အစွယ်တမြှားမြှား ထုတ်၍ လုထားသည့် ပလ္လင်ပေါ်မှ ဆွဲချမည့် လူထုကို ကြမ်းကြုတ်ရက်စက် ပြလာခဲ့သည်။ သွေးမြေကျမှုများက မြင်ရက်စရာမရှိ။

ခေတ်ကို ပြောင်းအောင် ခေါင်းကို ပစ် ဆိုသည့် ဒေဝဒတ် လက်သစ်များ၏ အခါတော်ပေးမှုများအောက်၌ ကြယ်များ တစ်ပွင့်ပြီး တစ်ပွင့် ရက်စက်စွာ အခြွေခံရသည်။ ဒီမိုကရေစီ ရရှိရေး ဆိုင်းဘုတ်များက သေနတ်ပြောင်းဝများအောက်၌ အတုန်းအရုံး ပြိုလဲကုန်သည်။ အနိုင်ကျင့် ရက်စက်လွန်း၍ ခံနိုင်ရည်စွမ်း ကုန်ဆုံးလာကြတော့ စစ်ဘီလူးကို ရသမျှနှင့် ခံ၍ ချလာကြသည်။မျက်နှာ ခပ်ပြောင်ပြောင်ပင် စစ်ဘီလူးက တုန့်ပြန်သည်။ လေးခွကိုင်၍ ခုခံနေသူများအား အာပီဂျီဖြင့် ပစ်၍ ဖြိုခွဲသည်။ တင့်ကားများဖြင့် မြေလှန်ဖျက်ဆီးသည်။ ဒီအတိုင်း ဆက် သွားနေ၍ မဖြစ်တော့ချေ။

“လက်နက်ကိုင် လမ်းစဥ်ကို ရွေးခဲ့ရတာ ဒီကောင်တွေ ကြောင့်ပဲဗျ။ ဘယ်သူမှ တွန်းအားပေးခဲ့တာ မဟုတ်ဘူး။ သူတို့ပဲဗျ။ ကျနော်တို့မှာ ဘာမှ ဆုံးရှုံးစရာ မရှိတော့ဘူး။ ဒီကောင်တွေကို ဒီလို တွန်းလှန်မှ ဒီလို ပြင်ဆင်မှုတွေ လုပ်ပြီးမှ တွန်းလှန်တိုက်ခိုက်ရတော့မယ် ဆိုတဲ့ ခံစားချက် ဝင်လာခဲ့တယ်။ အဲ့ဒီနောက်ကျနော် ရှမ်းမြောက်ကို ထွက်လာခဲ့တယ်။ စစ်ပညာသင်တယ်။ နောက်ပြီး တပ်ရင်းတပ်ဖွဲ့ ထူထောင်ဖို့ ကြိုးစားတယ်။ ” ဟု ကိုမျက်ပြူးက ပြောပြသည်။

တော်လှန်ရေး ရဲဘော်တစ်ဦး ဖြစ်လာပြီ ဖြစ်သည့် ကိုမျက်ပြူးသည် စဉ့်ကူးနှင့် သပိတ်ကျင်း PDF တပ်ရင်း ၁၂၂၂ တွင် သတင်းနှင့် ပြန်ကြားရေး အဖြစ် တာဝန်ယူခဲ့သည်။ ထို့ပြင် တစ်ဖက်ကလည်း တပ်ရင်းအတွက် တတ်အားသမျှ ရံပုံငွေ ရှာဖွေပေးခြင်းများ ပြုလုပ်ခဲ့သည်။

တော်လှန်ရေး ရဲဘော်တစ်ယောက် ဖြစ်သည့် အတိုင်း ဗိုလ်မျက်ပြူး ရန်သူ စစ်ကောင်စီ တပ်ကို တွန်းလှန်တိုက်ခိုက်ရာတွင်လည်း ပါဝင်သည်။ဒရုန်းစစ်ဆင်ရေးများက ဗိုလ်မျက်ပြူး ရဲဘော် ဘဝ တစ်လျှောက် အများအပြား ဆင်နွှဲခဲ့ဖူးပြီ။စစ်မြေပြင်ကို စစ်သားတစ်ဦး အဖြစ် ပထမဆုံးအကြိမ် ဖြတ်သန်းခဲ့ပြီး နောက်ပိုင်း စစ်ဆင်ရေး သွားရန် တက်ကြွမှုသာ ရှိတော့သည်။ မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် ဖြစ်တည်လာသည့် စစ်သားတစ်ဦးအတွက် အကြောက်တရား ဟူသည် တစ်ချိန်က အမှတ်ရစရာ ခံစားချက် တစ်ခုသာ ဖြစ်ပေတော့မည်။

” အဲ့တစ်ပွဲ လိုက်ပြီးသွားတော့ ကျနော်တို့ မကြောက်တော့ဘူး။ ပျော်နေတာ ကျနော်တို့ ပွဲရှိမယ့် အသံကိုပဲ ကြားချင်နေတာ” ဟု ကိုမျက်ပြူးက သူ၏ တိုက်ပွဲဝင်လိုစိတ်ကို ပြောပြသည်။

သို့သော် တော်လှန်ရေး ရဲဘော်များအတွက် အပေါများဆုံးက စွန့်လွှတ်စွန့်စားရဲသည့် သတ္တိ ဖြစ်ပြီး အရှားဆုံးက လက်နက်ဖြစ်မည်ထင်သည်။ဒရုန်း စစ်ဆင်ရေး အဓိက ဆင်နွှဲနေရသည့် ဗိုလ်မျက်ပြူးလည်း ထိုအတိုင်းပင် ဖြစ်သည်။

” ကျနော်တို့ ဖြစ်ချင်တိုင်းတော့ ဖြစ်လို့ မရဘူးပေါ့။ ကျနော်တို့ အသာစီးရမယ့် အနေအထားမျိုး အထိအခိုက်နည်းမယ့် အနေအထားမျိုးမှာပဲ ဦးစားပေးပြီး လုပ်ဖြစ်ကြတယ်ပေါ့။ ဘာပဲပြောပြောဗျာ တိုက်ပွဲ အတွေ့အကြုံတွေက စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ကိုယ့်ပစ္စည်းရှိတဲ့ ဒရုန်းလေးနဲ့ ဆိုလည်း ဒီ ဒရုန်းလေးနဲ့ ပျံလို့များ Error တစ်ခုခု ဖြစ်သွားမလား။ ဒါမှမဟုတ် စကစ ပစ်ချလို့ပဲ ပျက်သွားမလား။ အများကြီးပဲ စိုးရိမ်စိတ်တွေ ရှိတာပေါ့” ဟု ကိုမျက်ပြူးက ပြောပြသည်။

စစ်သား တစ်ဦး ဖြစ်လာပြီ ဖြစ်သဖြင့် ကိုမျက်ပြူး အတွက် ယခင် ကင်မရာကိုင် သတင်းသမား ဘဝ လိုတော့ မဟုတ်တော့ပေ။ ယခင်ကတော့ ဗိုလ်မျက်ပြူး သာမာန် အရပ်သား တစ်ယောက်ဆိုတော့ စည်းကမ်း ဘောင်များက လွတ်လွတ်လပ်လပ် ပို၍ ရှိခဲ့သည်။ လူငယ်တစ်ဦး ဖြစ်သည့်အတွက်လည်း စိတ်၏ စေရာကို စိတ်ရှိသလို ပျံသန်းလိုစိတ်များဖြင့် ရှင်သန်ခဲ့ဖူးသည်။

” အရင်ကတော့ဗျာ။ စည်းလွတ်ဘောင်လွတ်တွေပေါ့ ကြိုက်သလို နေလို့ရတယ်။ သို့သော် ဒီ ပြည်သူ့ စစ်သား တစ်ယောက် ဖြစ်လာပြီဆိုတော့ အရင်လို နေလို့ မရတော့ဘူး။ စည်းမျဥ်း စည်းကမ်းတွေကို လိုက်နာကြရတော့တာ။ တော်လှန်ရေး ရဲဘော်တစ်ယောက် ဖြစ်လာချိန်မှာ ပြည်သူတွေ အပေါ် ဘယ်လို ပြုကျင့်ရမယ် ဆိုတဲ့ ကိစ္စရပ်တွေ၊ နောက်တစ်ချက် ဒီ မတရားမှုတွေ ဟူသမျှကို တွန်းလှန်ရမယ်ဆိုတဲ့ စိတ်တွေ ရှိလာရတယ်” ဟု ကိုမျက်ပြူးက သူ၏ စစ်သားဘဝ တစ်စိတ်တစ်ပိုင်း အကြောင်း ပြောပြသည်။

တော်လှန်ရေး ရဲဘော်ဖြစ်လာခဲ့ပေမယ့် ကိုမျက်ပြူးက သူ၏ ဝါသနာပါရာ ဓာတ်ပုံသတင်းသမားအဖြစ်လည်း မိတ်ဆွေများ၏ ကူညီပေးမှုကြောင့် လုပ်ခွင့်ရခဲ့သည်။ သတင်းသမားဘဝတုန်းက ခင်မင်ရသည့် မိတ်ဆွေတစ်ဦးက သူ့အား ကင်မရာတစ်လုံး လက်ဆောင်ပေးခဲ့သဖြင့် စစ်မြေပြင်မှတ်တမ်းများအတွက် ဗိုလ်မျက်ပြူး၏ ဓာတ်ပုံများက အားထားစရာ တစ်ခု ဖြစ်ခဲ့သည်။

” ကျနော် တော်လှန်ရေး ရဲဘော်ဖြစ်လာတော့ သတင်းထောက် အသိုင်းအဝိုင်းကလူတွေက ကျနော့် အပေါ်ကောင်းကြပါတယ်။ သူတို့က ကျနော် တကယ် ကျေးဇူးတင်တယ်။ အရင်က လက်စလက်န ရှိတာကို သိထားတဲ့ မန္တလေးက အကို သတင်းသမားတစ်ယောက် က ကျနော့်ကို သူ့မှာ ကင်မရာ နှစ်လုံးရှိတာ တစ်လုံး ပေးတယ်။ Nikon D 3200 လေး။ သူက မင်း ဒီထဲကို ရောက်နေပြီဆိုတော့ လိုတယ် ယူထားဆိုပြီး ပေးတာ။ဒါက ကျနော်ဝါသနာပါတာကို သိတဲ့အတွက် ကျနော်ရဲ့ ဆန္ဒကိုသူ တို့ဖြည့်ဆည်းပေးကြတာ” ဟု ကိုမျက်ပြူးက ပြောပြသည်။

အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ရာ သေနတ်ကိုင်ခဲ့ရပေမယ့် ကိုမျက်ပြူးက သူ အမှန်တကယ် ကိုင်ဆွဲလိုသည့် ကင်မရာကို လွှတ်မချထားခဲ့ပေ။ စစ်ဆင်ရေးများ ၊ လေ့ကျင့်ရေးများ မရှိသည့် အားလပ်ချိန်များ၌ ကိုမျက်ပြူးက သူ၏ ကင်မရာလေးဖြင့် ခံစားဖန်တီးလိုရာ အနုပညာကို ဖန်တီးရယူသည်။ ထို့နောက် သူ၏ လူမှုကွန်ယက်ဖေ့စ်ဘွတ် အကောင့်၌ ပြန်လည်မျှဝေပေးသည်။

” ပွဲအတွင်းမှာပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် ကျနော် အချိန်ရရင် ရသလို၊ ဒီကင်မရာလေးနဲ့ ကျနော် ဝါသနာပါရာလေးကိုတော့ ရိုက်ဖြစ်နေတယ်ဗျ။ ကျနော် စိတ်ကူးရသလို ကြုံသလို ဓာတ်ပုံလေးတွေ မှတ်တမ်းလေးတွေ ရိုက်ဖြစ်နေတုန်းပါပဲ” ဟု ကိုမျက်ပြူးက ပြောပြသည်။

တိုက်ပွဲများအတွင်း ပြေးလွှား ရိုက်ကူးရသည့် စစ်မြေပြင် သတင်းထောက် တစ်ပိုင်းလည်း ဖြစ်နေသည့် ကိုမျက်ပြူး အတွက် တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်နေကြချိန် သတင်းဓာတ်ပုံ ရိုက်ရသည်မှာ သတိ တစ်ချက် လွတ်၍ မရပေ။

စစ်သည်တော်ကျင့်ဝတ်များအကြောင်း စစ်ကောင်စီ တပ်သားများအား ပြောပြ၍လည်း အကျိုးထူးမည်ဆိုသည်မှာလည်း ….။

“တိုက်ပွဲတွင်းတွေမှာ ကျနော်က ငါသတင်းထောက်ပါကွာ ဆိုပြီး ပလိန်းကြီး မတ်တပ်ထရပ်ပြရင် ကျနော် သေမှာပေါ့ဗျ။ တော်တော်ကြီး သတိထားရတယ်။ အထူးသဖြင့် ကိုယ့်အသက်လုံခြုံရေးအတွက် တော်တော်ကြီး သတိထားရတယ်။” ဟု ကိုမျက်ပြူးက သူ၏ အတွေ့အကြုံကို ပြောပြသည်။

ခေတ်လူငယ် တစ်ဦးဖြစ်သည့် ကိုမျက်ပြူးက အာဏာရှင်စနစ် အမြစ်ပြတ်မည်ကို ခိုင်မာစွာ ယုံကြည်ထားသော်လည်း အင်အားကို ခိုင်ခိုင်မာမာ စိတ်ရှည်ရှည် တည်ဆောက်ရမည်ဟု ယူဆသည်။ လက်နက်ခဲယမ်း ပြည့်စုံချိန် ရောက်ပါက အောင်ပွဲ ဆင်နိုင်ပြီဟု ကိုမျက်ပြူးက ဆိုသည်။

” တော်လှန်ရေး ရေချိန်မြင့်လာတာနဲ့အမျှ အင်အားတွေက ပိုပြီး အားကောင်းကောင်းနဲ့ စုစည်းမိလာနေပြီ။ ဒါပေမယ့် ဒီမြို့နယ်မှာ စကစ တစ်ထောင်ရှိတယ်၊ PDF လည်း တစ်ထောင်ရှိတယ် ဒါပေမယ့် သွားတိုက်လို့ မရသေးဘူး။ ခဲယမ်းမီးကျောက်တွေမှာ သူတို့ထက် ကျနော်တို့က အားနည်းသေးတာကို။” ဟု ကိုမျက်ပြူးက ပြောပြသည်။

တော်လှန်ရေး ကာလ ခရီးရှည်ကြီး ဖြတ်သန်းနေရင်း အင်အားစုများက တစ်စတစ်စ ပိုစုစည်းမိလာနေသည်။ သို့သော် အင်အားအားလုံး တစ်စုတစည်းထဲတော့ မဖြစ်လာသေးပေ။ ကိုမျက်ပြူးကတော့ တော်လှန်ရေး အင်အားစုအားလုံး တစ်စုတစည်းတည်း ညီညွတ်စွာတွန်းလှန်ဖို့ရာ အရေးကြီးသည်ဟု ခံယူထားသည်။ မလျှော့သော ဇွဲလုံ့ သတ္တိများဖြင့် ပန်းတိုင်အရောက် ချီတက်ကြရန်အတွက်လည်း ကိုမျက်ပြူးက ဆန္ဒပြု တောင်းဆိုခဲ့သည်။

” ပြည်သူတစ်ဦးချင်းတိုင်းကို အထူးကျေးဇူးတင်တယ်။ ကျနော်တို့ အောင်ပွဲနီးလာပြီ။ မလျှော့တဲ့ ဇွဲလုံ့လ သတ္တိတွေနဲ့ ဆက်ချီတက်ကြမယ်။ဒီပွဲက စကစ အမြစ်ပြတ်မယ့်ပွဲလို့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်တယ်” ဟု ကိုမျက်ပြူးက ပြောပြခဲ့သည်။


View the original