ကန္တာရဝတီတိုင်း(မ်)
“ဝေါ….ဝေါ…. ဝေါ …” ဆိုတဲ့… မမြင်ရတဲ့၊ အဝေးကနေလာတဲ့ အသံတခုကြောင့် ၄ နှစ်အရွယ် (ခန့်မှန်း) ကလေးငယ်တဦးဟာ မတ်ရပ်နေရင်း တန်းလန်း သူ့ရဲ့လက်နှစ်ဖက်နဲ့ နားနှစ်ဖက်ကို အုပ်ပြီး အံတွေကြိတ်၊ မျက်နှာ ရှုံ့မဲ့ နေပါတယ်။
ဒီအဖြစ်အပျက်က ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတခုရဲ့ လူစည်ကားတဲ့နေရာတခုမှာ ဖြစ်ပွားခဲ့တာပါ။ အသံရှင်ကတော့ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ် ပဲဖြစ်ပါတယ်။ အဆိုပါ ကလေးငယ်ရှိနေတဲ့ နေရာကနေ ကင်းထောက်လေယာဉ်ကိုမတွေ့ရသေးပေမယ့် လေယာဉ်သံကြားတာနဲ့တင် ကြောက်ရွံ့နေတဲ့ ကလေးငယ်တဦးရဲ့ အပြုအမှုကို တွေ့ရ၊ မြင်သူရဲ့ ရင်မှာ ဆို့နစ်မှုတွေ ဖြစ်ပေါ်လာပါတယ်။
အဆိုပါ လေးနှစ်သားအရွယ် ကလေးငယ်တဦးရဲ့ လူ့သက်တမ်းတဝက်ဟာ ကရင်နီပြည် ရဲ့ စစ်ပွဲတွေကြားမှာပဲ ပြေးရလွှားရ နေခဲ့ရတာပါ။ ငယ်ရွယ်နုနယ်တဲ့ ကလေးတယောက်ရဲ့ ဘဝမှာ နေ့စဉ်ရက်ဆက် လက်နက်ကြီးသံတွေ၊ လေယာဉ်ဗုံးကျဲသံတွေကို ကြားနေရတာကြောင့် သူရဲ့ နှလုံးသားနုနုမှာ မမြင်နိုင်တဲ့ စိတ်ဒဏ်ရာတွေ၊ ကြောက်ရွံ့မှုတွေ၊ မလုံခြုံတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေမှာ အမှန်ပါပဲ။
စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေကို ပြုလုပ်ပေးနေတဲ့ ပညာရှင်တစ်ဦးရဲ့ အဆိုအရ လူတဦး၊ တယောက်မှာ သာမာန်ထက်ပိုပြီး စိတ်ဖိစီးစေတဲ့ ဖြစ်ရပ်တခုကို ကြုံတွေ့လာရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှု (စိတ်ဒဏ်ရာ) တွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဲဒီကလေးငယ်လိုပဲ နှစ်နှစ်ကျော်လောက် စစ်ဘေးရှောင်နေကြရတဲ့ ကရင်နီပြည်က ကလေးငယ်တွေ ဘယ်လောက်တောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရရှာမလဲ၊……
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ တွေ့ရလေ့ရှိတာက ကလေးငယ်တွေဟာ အနီးပတ်ဝန်းကျင်က ကျယ်လောင်တဲ့ တံခါးဖွင့်သံ၊ ပိတ်သံလိုမျိုး အသံတွေကြားရင်တောင် လန့်ဖြန့်ပြီး ငိုယိုနေတတ်ပါတယ်။
ဒါတွေဟာ နှစ်နှစ်ကျော်ကာလအတွင်း ကရင်နီပြည်က ကလေးငယ်တွေခံစားရတဲ့ ကြောက်ရွံ့မှု၊ သူတို့ရဲ့ မလုံခြုံမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ပြသနေတာဖြစ်တယ်လို့ စစ်ရှောင်တွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးသူ တဦးက ပြောပါတယ်။
“သူတို့ရဲ့ (ကလေး) စိုးရိမ်မှုတွေက အရင်ကထက်ပိုပြီးတော့များတယ်။ တခါတလေကြရင် သူတို့ဟိုဘက်အိမ်ကအသံလေးကြားတယ်။ ဒီလိုလက်နက်ကြီးသံနဲ့တူတဲ့ဟာလေးကြားရင်တောင်မှ ထပြီးတော့လန့်ပြီး ထအော်တဲ့ဟာတွေ၊ အဲ့လိုထပြေးကြတဲ့ဟာလည်း ရှိတယ်ပေါ့နော။ အဲ့လိုမျိုး တွေ့ရပါတယ်ပေါ့။ “ လို့ စစ်ရှောင်တွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးသူ တဦးက ပြောပါတယ်။
ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရမယ့်အစား လက်နက်ကြီးသံတွေအကြား ရုန်းကန် ရှင်သန်နေရတာကြောင့် ကလေးငယ်တွေရဲ့ အနာဂတ်ဟာ အဖက်ဖက်မှာ ထိခိုက်နစ်နာနေကြရပါတယ်။
ကလေး နှစ်ယောက်မိခင် ဒေါ်စူးမယ်ဟာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကနေ အနောက်ဘက်ခြမ်းကို မိသားစု အလိုက် ရွေ့ပြောင်းပြီး စစ်ရှောင်နေရပါတယ်။
ဒေါ်စူးမယ်ရဲ့ ကလေးတွေဟာ အသက် ရှစ်နှစ်အရွယ်နဲ့ လေးနှစ်အရွယ် တွေဖြစ်ကြပြီး ဒီးမော့ဆိုအနောက်ဘက်ခြမ်းကိုရောက်ရှိချိန်မှာ လက်နက်ကြီးသံတွေကို နေ့တိုင်းနီးပါး ကြားနေရတာကြောင့် သူတို့ ဟာ ကြောက်ရွံ့နေရတယ်လို့ ပြောပါတယ်။
အကြောက်တရားတွေနဲ့ ဖြတ်သန်းနေရတဲ့ နေ့ရက်တွေများလာတာဖြစ်ပြီး၊ ကလေးတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမှာကိုလည်း ဒေါ်စူးမယ်က စိုးရိမ်နေပါတယ်။
“စိုးရိမ်တယ် အဲလိုမျိုး နောက်ထပ်ခဏခဏဖြစ်လို့ရှိရင် နှလုံးရောဂါတို့ ဖြစ်သွားမှာ တအားစိုးရိမ်တယ်။” လို့ ဒေါ်စူးမယ်က သူမရဲ့ သားသမီးအပေါ်စိုးရိမ်မှုကိုပြောပြပါတယ်။
စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အသက် (၁၁) နှစ်အရွယ် မော်နီးမြာကတော့ လေယာဉ်သံကြားတာနဲ့ သူမနဲ့ သူမရဲ့ ရှစ်နှစ်အရွယ် မောင်လေးကိုခေါ်ပြီး ဗုံးခိုကျင်းထဲကို ပြေးပုန်းပါတယ်။
“လေယာဉ်လာတဲ့အခါဆို ဗုံးခိုကျင်းထဲမှာပုန်းနေရင် ပိုသက်သာတယ်။ သစ်ပင်ထက်နှိမ့်လို့။ လက်နက်ကြီးကျရင် အစမထိနိုင်တော့ဘူးလေ။” လို့ ကလေးပီပီ ကလေးအတွေးနဲ့ မော်နီးမြာက ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေတွေထဲမှာ မည်သူမဆို ကလေးငယ်တဦးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုး လုပ်ဆောင်ခဲ့သော်၊ အနည်းဆုံး ထောင်ဒဏ် တနှစ်မှ အများဆုံး ခြောက်နှစ်အထိ ချမှတ်နိုင်သလို၊ ငွေဒဏ်အပါအဝင် ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါတွေအပြင် ကလေးတိုင်းမှာ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့် ရှိတယ်လို့ လက်ရှိ တည်ဆဲ ဉပဒေမှာဖော်ပြထားပါသေးတယ်။ သို့ပေမယ့် စစ်ကောင်စီတပ်တွေဟာ ကလေးတွေရှိနေတဲ့ စစ်ရှောင်စခန်းတွေ၊ ဆေးပေးခန်းတွေ နဲ့ စစ်ရှောင် စာသင်ကျောင်းတွေမှာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး နဲ့ လေယာဉ် ဗုံးကျဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။
ကရင်နီပြည်မှာ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကနေ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ စစ်ရှောင်ရင်း သေဆုံးသူ ပြည်သူ (၁၃၆) ဦးအထိ ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းအရ သိရပါတယ်။ အဲဒီထဲမှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေယာဉ်ဗုံးကျဲ မှုကြောင့် ကလေးငယ်သေဆုံးမှုတွေ ပါဝင်နေ ပါတယ်။
ကလေးတွေ ကျန်းမာရေး၊ ပညာရေးနဲ့ ဘေးကင်းလုံခြုံရေးတွေကို ဂျီနီဗာကွန်ဗန်းရှင်းနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ညီလာခံသဘောတူညီချက်အရ အကာအကွယ်ပေးရမယ့် ပြဋ္ဌာန်းချက်တွေ၊ ဉပဒေတွေ ရှိနေပေမယ့် လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အပြစ်မဲ့တဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ကလေးသူငယ်တွေ အပေါ်မှာ နေ့စဉ်ညတိုင်း လူ့အခွင့်အရေး ချိုးဖောက်နေတာပါ။
ကရင်နီပြည်မှာ စစ်ရှောင်ဦးရေ နှစ် သိန်းခွဲ ရှိတဲ့အထဲမှာ ၇၅ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကရင်နီပြည် လူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။
ကလေးတွေဟာ စစ်ရေးပဋိပက္ခတွေကြောင့် ပညာကိုကောင်းမွန်စွာ၊ လွတ်လပ်စွာ မသင်ကြားနိုင်တော့ဘဲ စစ်ရှောင်စာသင်ကျောင်းအတွင်း လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ကျောင်းကို ယာယီပိတ်ထားရတဲ့ အနေအထားတွေလည်း ရှိခဲ့ပါတယ်။
“အဲဒီလေယာဥ်တခုပဲ စိုးရိမ်ရတာပေါ့နော်။ ကျမတို့ ဒီဖက်မှာတော့ လက်နက်ကြီး ရောက်ရင် ရောက်မယ်။ ဒါပေမယ့် ထုတာတော့မရှိသေးဘူး။ ဒီလေယာဥ်တခုပဲ စိုးရိမ်ရတာပေါ့နော်။ လေယာဥ် စိုးရိမ်ရလို့ မိဘတွေ အနေနဲ့ ကလေးတွေကို ကျောင်းထားမယ်၊ မထားဘူးဆိုတာ ရှိကုန်ကြတာပေါ့။” လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် မိခင်တဦးက ပညာသင်ယူရမယ့် သူမရဲ့ သားသမီးတွေအတွက် စိုးရိမ်တဲ့အကြောင်း ပြောပြလာပါတယ်။
မိသားစုအရေး တာဝန်ထမ်းဆောင်နေရတဲ့ မိဘတွေအနေနဲ့လည်း သူတို့ကိုယ်တိုင် စိတ်ဖိစီးမှု ဒဏ်ကို ခံစားနေရတာကြောင့် ကလေးတွေရဲ့ စိတ်ဒဏ်ရာကို ဘယ်လိုကုစားပေးရမလဲဆိုတာ မေ့လျော့နေကြတာပါ။
ကလေးတွေရဲ့ စိတ်ဒဏ်ရာကို ကုစားတဲ့အခါမှာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကလည်း အထူးလိုအပ်ပြီး စိတ်ပိုင်းဆိုင်ရာကို ပံ့ပိုးပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုတွေကို ပါဝင်ပံ့ပိုးလုပ်ဆောင်ပေးမှသာ လက်ရှိ ကလေးတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ကောင်းမွန်စွာ ကျော်လွှားနိုင်မယ်လို့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးနေသူ တဦးက ပြောပါတယ်။
ကရင်နီပြည်မှာ စစ်ဘေးဒုက္ခသည်တွေအတွက် လူမှုအသင်းအဖွဲ့၊ အမျိုးသမီးအဖွဲ့ စတာတွေက အဖွဲ့လိုက်သော်လည်းကောင်း၊ တဦးချင်းစီသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု၊ အားပေးမှုတွေ လုပ်ဆောင်ပေးနေပေမယ့် လုံလောက်တဲ့ အနေအထားမှာ မရှိပါဘူး။
“စစ်ကောင်စီက ရန်သူကို မတိုက်ခိုက်ဘဲနဲ့ ကျမတို့ပြည်သူကို အဲလိုမျိုး လာခြိမ်းခြောက်တာပေါ့နော်။ အဲလိုမျိုးခါကျတော့ ကျမက မိခင်တယောက်အနေနဲ့ဆို တအားစိုးရိမ်ပူပန်တယ်။ စစ်ကောင်စီကို အရေးယူလို့ရရင် အရေးယူသင့်တယ်လို့ ကျမမြင်တယ်“ လို့ ကလေးနှစ်ယောက်ရဲ့ မိခင် ဒေါ်စူးမယ်က တောင်းဆိုလိုက်ပါတယ်။