မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )
“မော်မီမာ” …….. သူမကတော့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး FBR လို့ ခေါ်ကြတဲ့ “Free Burma Ranger” သင်တန်းဆင်းတစ်ဦးပါ။
လက်ရှိမှာတော့ သူမဟာ စစ်မြေပြင်ဖြစ်တဲ့ ကရင်နီပြည်နယ်ထဲက နေရာဒေသတွေမှာ ကူညီကယ်ဆယ်ရေး၊ ဆေးကုသရေးတွေ ပြုလုပ်နေပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ အမျိုးသားတွေနဲ့တန်းတူ ကယ်ဆယ်၊ ကုသ မှုတွေကို ပြုလုပ်နေတာပါ။
“တော်တော်လေးခက်ခဲကြမ်းတမ်းတယ်ပေါ့နော။ တောင်တက် တောင်ဆင်း ပြေးဆင်းရတယ်။ ကျမကတော့ မလုပ်နိုင်ဘူး ရေလည်းမကူးနိုင်ဘူး မလုပ်နိုင်ခဲ့တဲ့ အရာတွေဘဲပေါ့နော။ ဘယ်တော့မှ အရှုံးမပေးဘူး ဆိုတဲ့စိတ်နဲ့၊ “Never Surrender” ဆိုတဲ့ စိတ်တစ်ခုနဲ့ ကျမ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ လူများလုပ်နိုင်ရင် ကိုယ်လည်းလုပ်နိုင်ရမယ် ဆိုတဲ့စိတ်နဲ့ ကျမလုပ်ဆောင်ခဲ့တယ်။” လို့ မိဘရဲ့ အရိပ်အောက်မှာ နေထိုင်ပြီး၊ ကြမ်းတမ်းတဲ့ အလုပ်တွေကို မလုပ်ခဲ့ဖူးသူ မော်မီမာ တစ်ယောက်၊ သူမ Ranger သင်တန်းတက်စဉ်က ကြမ်းတမ်းမှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာကို ပြောပြလာတာ ဖြစ်ပါတယ်။
Free Burma Ranger သင်တန်းဆိုတာ အားလုံးက မြင်ဖူး၊ ကြားဖူးနေကြတဲ့အတိုင်း အကြမ်းခံနိုင်မှ၊ စိတ်ဓာတ်ခိုင်မာမှ ကျော်ဖြတ်နိုင်ကြတာပါ။ ဒီလိုခက်ထန်ကြမ်းတမ်းမှုကို မော်မီမာ ဟာ အိပ်မက်သဖွယ် ကျော်ဖြတ်လာနိုင်ခဲ့ပါပြီ။ ဒါ့ကြောင့်လည်း “စစ်” ကြောင့် ဒုက္ခပင်လယ်ဝေရတဲ့ သူ့ရဲ့ ကရင်နီအမျိုးသားအချင်းချင်း လူထုတွေကို ကူညီ၊ ကယ်ဆယ်၊ ကုသပေးတဲ့ မြင့်မြတ်တဲ့ အလုပ်တစ်ခုကို သူမ ဟာ လုပ်နိုင်နေပြီပဲ ဖြစ်ပါတယ်။
သူမဟာ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
အာဏာသိမ်းတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံနိုင်တာကြောင့် အာဏာသိမ်းမှုနောက်ဆက်တွဲ မြေစာပင်တွေဖြစ်ရတဲ့ အရပ်သားပြည်သူတွေကို ကူညီကယ်ဆယ်လိုတာကြောင့် FBR ကို တက်ဖို့ ရွေးချယ်လိုက်တယ်လို့ ဆိုပါတယ်။
မော်မီမာ ဟာ မောင်နှမ ခုနှစ်ယောက်ထဲက ငါးယောက်မြောက်ဖြစ်ပြီး သမီးကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ ဇာတိကတော့ ဖရူဆိုမြို့ပေါ်က ရပ်ကွက်တစ်ခုမှာပါ။ မိသားစုတွေဟာလည်း “စစ်” ကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
“ကျမ မသွားခင်မှာဆိုလို့ရှိရင် တိုးတိုးတိတ်တိတ်ဘဲ သွားတယ်ပေါ့နော။ အမေ့ကိုလည်း မပြောပြဘူး။ သွားတဲ့ချိန်မှာလည်း ခရီးတွေလည်း အများကြီး ရှစ်ရက်လောက် လျှောက်ရတယ်ပေါ့နော။ လိုင်းလည်းမရဘူးပေါ့နော။ သင်တန်းကွင်းရောက်တဲ့အချိန်မှာဆိုရင်လည်း ဖုန်းလိုင်းလည်းမရှိဘူး။ ဖုန်းလည်းသိမ်းတယ်ပေါ့နော။ အမေ့ကို အဆက်အသွယ်ရဖို့အတွက် ကျမ ဆရာတစ်ယောက်ဆီကနေ ချိတ်ဆက်ပြီးတော့မှ ဆက်သွယ်တဲ့ချိန်မှာ အမေ့ကို ပြောပြလိုက်တယ်ပေါ့နော။ ကျမ သင်တန်းသွားတက်တယ်လို့ ပြောပြလိုက်ပါတယ်။ အမေကလည်း စိတ်မကောင်းဘူးပေါ့နော။ အခုကတော့အဆင်ပြေပါပြီ။ အားလုံးကတော့ သဘောတူပါပြီ။” လို့ လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်က သူမ အနေနဲ့ Ranger သင်တန်းတက်ဖို့ စတင်ရွေးချယ်ခဲ့စဉ်က မိသားစုဝင်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ပြောပြလာတာ ဖြစ်ပါတယ်။
သူမ က Free Burma Ranger ကနေ ပို့ ချပေးတဲ့ Basic (အခြေခံ သင်တန်း) နဲ့ Advanced ( အဆင့်မြင့် သင်တန်း ) နှစ်ခုလုံး တက်ရောက်ပြီးစီးခဲ့ပြီး၊ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်က ဖွဲ့စည်းထားတဲ့ Karenni Ranger ( K.Ranger ) တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ သူမဟာ ရှေ့တန်းစစ်မြေပြင်မှာ ကံမကောင်းစွာနဲ့ ဒဏ်ရာရတဲ့ တော်လှန်ရေးရဲဘော်တွေကို ကူညီဆေးကုသပေးနေတဲ့အပြင်၊ အရပ်သားလူထုတွေကို ကူညီ၊ ကယ်ဆယ်၊ ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေတာပါ။
Ranger သင်တန်းကို တက်ရောက်ခဲ့ရစဉ်က လူမျိုး၊ ဘာသာ၊ အမျိုးသား၊ အမျိုးသမီး စတဲ့ အရာတွေကို ခွဲခြားခြင်း မရှိတဲ့ သင်တန်းဆရာ၊ ဘဝတူ သင်တန်းသားတွေကြောင့်လည်း ကြမ်းတမ်းတဲ့ ခရီးကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သူမ က ဆိုပါတယ်။
“ကျမတို့ မတူညီကွဲပြားတဲ့ ဘာသာတွေ လူမျိုးတွေနဲ့ လာပြီးတော့ ဆုံရတယ်။ ကျမတို့က ဒီလိုတွေ့ခွင့်ရတယ်။ ပြီးတော့ မတူညီတဲ့ Culture (ယဉ်ကျေးမှု) တွေ၊ မတူညီတဲ့ အတွေးအခေါ်တွေ၊ အပြောအဆိုတွေ အများကြီးပေါ့နော၊ အတွေ့အကြုံတွေလည်း အများကြီးရှိပါတယ်။ နောက်တစ်ခုက ranger က ကျမတို့ mission သွားတဲ့ချိန်မှာဆိုရင် အများကြီး သွားခဲ့ရတယ်ပေါ့နော။ တောင်တက်တောင်ဆင်းတွေကော တက်နိုင်ခဲ့တယ်။ ရေတွေလည်း ကူးတတ်လာပြီးပေါ့နော။ ပြီးရင်လည်း ဘယ်လောက်ဘဲ ရှည်လျားတဲ့ ခရီးဖြစ်နေပါစေ သွားနိုင်ခဲ့တယ်ပေါ့နော။ မရောက်ဖူးတဲ့နေရာလည်း ရောက်ဖူးသွားတဲ့အတွက် အဲ့တာလည်း ranger ကို ကျေးဇူးတင်တယ်။ နောက်တစ်ခုက ranger မှာက လူမျိုးခွဲခြားတာတို့ ဘာသာခွဲခြားတာတို့ မလုပ်ဖူးပါဘူးပေါ့နော။” လို့ သူမ အနေနဲ့ သင်တန်းအချိန် ကြမ်းတမ်းတဲ့ ခရီးကို ဖြတ်ကျော်နိုင်ခြင်းဟာ အထက်ပါ အကြောင်းအရာတွေကြောင့်ဖြစ်တယ်ဆိုတာကို ပြောပြတာ ဖြစ်ပါတယ်။
အမျိုးသမီးဖြစ်သည့်အားလျော်စွာ စိတ်အားထက်သန်၊ စိတ်ဓာတ်ကြံ့ခိုင်ပေမယ့် ခန္ဓာကိုယ် အားနည်းတဲ့သူပါ။ စစ်တပ်အာဏာသိမ်းမှုကြောင့် မြေစာပင်ဖြစ်ရတဲ့ အရပ်သားလူထုတွေကို ချစ်ခြင်းမေတ္တာမျှဝေဖို့၊ မျှော်လင့်ချက်မဲ့သွားရတဲ့ အပြစ်မဲ့အရပ်သားတွေကို မျှော်လင့်ခြင်းရောင်ခြည်တွေ လမ်းစဖွင့်ပေးဖို့၊ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ဆောင်ရွက်ပေးဖို့ စတဲ့ အရာတွေက မော်မီမာ ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကို မေ့လျော့သွားစေပြီး စိတ်ဓာတ်ကြံ့ခိုင်စေတဲ့ အရာတွေပါ။
စစ်မြေပြင် ဖြစ်သွားရတဲ့ ကရင်နီမြေ၊ စစ်ကြောင့် ဒုက္ခပင်လယ်ဝေပြီး အသက်ကို ဖက်နဲ့ထုပ်ရင်း ရှင်သန်နေရတဲ့ ကရင်နီလူထု၊ အခွင့်အရေး ရရှိမှုမဆိုထားနှင့် စက္ကန့်တိုင်းကို စိုးရိမ်ကြောက်ရွံ့ ထိတ်လန့်မှုတွေနဲ့ ဖြတ်ကျော်နေရတဲ့ ကရင်နီမြေက အရပ်သားလူထုတွေရဲ့ ဘဝအခြေအနေကိုစာနာနားလည်ရင်း၊ ကမ္ဘာက သိမြင်စေဖို့ သတင်းရယူ၊ ဖြန့်ဝေလိုတဲ့ သူမရဲ့ စိတ်ဓာတ်တွေဟာလည်း ကြမ်းတမ်းတဲ့ Ranger သင်တန်းတွေကို တက်ရောက်ပြီးစီးစေတာအပြင် ထိတ်လန့်ဖွယ်ရာ စစ်မြေပြင်ကို သွားနိုင်စေဖို့အတွက် ခွန်အားဖြစ်စေခဲ့ပါတယ်။
မော်မီမာ လိုပဲ စစ်အာဏာသိမ်းမှုကို တော်လှန်နေကြတဲ့ ခန္ဓာအားနည်းပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တဲ့ ကရင်နီပြည်က အညတရ အမျိုးသမီးတွေ မြောက်များစွာ ရှိနေပါတယ်။ လူငယ်ဖြစ်သည့်အလျောက် တက်ကြွလှုပ်ရှားပြီး စွမ်းဆောင်နိုင်တဲ့ သူတို့တတွေကို လေးစားအသိအမှတ်ပြုခြင်းဟာလည်း အသက်၊ သွေး၊ ချွေး ပေးဆပ်တော်လှန်နေကြတဲ့ သူတို့အတွက် ခွန်အားတစ်ခုပါပဲ။……..
ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ဘဲ အာဏာရှင်တွေကို အဆုံးထိ တော်လှန်သွားဦးမည့် အညတရ အမျိုးသမီးလေး မော်မီမာ ကတော့……..
“အရင်ဦးဆုံး FBR ကိုကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက ပြည်ပမှာရှိတဲ့ ညီအစ်ကို မောင်နှမတွေအားလုံး တတ်နိုင်တဲ့ဖက်မှာ ကျမတို့ကို ကူညီပေးကြပါ။ မကူညီနိုင်ရင်တောင်မှ ကျမတို့ပြည်သူလူထုကို သတိရ ဆုတောင်းပေးပါ။ ပြည်သူလူထုကိုလည်း ထပ်ပြီးတော့မှ ပြောချင်ပါတယ်။ အားမငယ်ကြပါနဲ့ လုံးဝလည်း အရှုံးမပေးပါနဲ့ ပြီးတော့ တောင့်ခံထားပေးပါ။ အောင်မှာပဲ ဒီတော်လှန်ရေးက အောင်မှာပဲပေါ့။ ဒါပေမဲ့ “Never Surrender” ပေါ့နော။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ အားလုံးကို ဘုရားရှင်ကောင်းကြီးပေးပါစေ။”