ကြွေလွင့်သွားတဲ့ လက်ပံပွင့်ငယ်

May 15th, 2023  •  Author:   The Tanintharyi Times  •  1 minute read
Featured image

လက်ပံ တဲ့

နာမည်နဲ့ လိုက်အောင်ပဲ

နီစွေးလှပရဲရင့် နေလိုက်ပုံများ

ဆယ့်ခုနှစ်နှစ်ဆိုတဲ့ အရွယ်နဲ့တောင် မလိုက်ဘူး

ယောက်ျားရင့်မာကြီးတွေတောင်

‌မရွေးချယ်ရဲခဲ့တဲ့ဒီလမ်းကို

ဒီအရွယ် ကောင်မသေးသေးလေးက

ရဲရဲဝံ့ဝံ့ အရောက်လာခဲ့တယ်

ကြည့်လိုက်ရင် ဘာမထီဒီဇိုင်းနဲ့

သေချာပေါင်းကြည့်မှ ခက်ထန်တဲ့အပြုအမူတွေနဲ့

သူ့ရဲ့အားငယ်တတ်တဲ့စိတ်ကို ဖုံးထားပုံရတယ်

စစ်သင်တန်းလေ သိတဲ့အတိုင်းပဲ

ငရဲခန်းနေ့ရက်တွေကို ဒီအရွယ်လေးနဲ့ အကောင်းဆုံး ကျော်ဖြတ်

ငိုလိုက်ရီလိုက် ပြေးလိုက်လွှားလိုက် လဲလိုက်ထလိုက်နဲ့

ငါတို့ အလိမ်အညာ အကွေ့အကောက်အဆောင်_၆ ရဲ့အမျိုးသမီးတွေရဲရင့်ခဲ့တယ်

လူပေါင်းရာချီစားဖို့ စားဖိုဝင်ဆိုလည်းဝင်

ရိက္ခာထမ်း ဆိုလည်းထမ်း

ထင်းသယ် ဆိုလည်းသယ်

တောကြီးမျက်မဲရဲ့ရွှံဗွက်ကြားမှာ သူကအပြုံးမပျက်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်‌မလေး

ယောက်ျား‌လေး ရဲဘော်တွေနဲ့ ရင်ဘောင်တန်းပြီး လက်နက်ထုတ်လုပ်တယ်

ဂန်းတိုက်တယ်၊ မိုင်းထုတ်တယ်

စခန်းမှာ သူမလုပ်တဲ့အလုပ်ရယ်လို့ကို မရှိခဲ့ဘူး

စခန်းတစ်ခုလုံးမှာ သူကအထင်းဆုံး အလင်းဆုံး

ရှိတာလေးနဲ့လှအောင် ဝတ်တတ်စားတတ်

လှလိုက်တာလည်း စက်စက်ယို

မိန်းကလေးနည်းပြီး ယောက်ျားများတဲ့ ဒီတပ်ထဲမှာ

ဒီလို လှတပတလေးကို မကြိုက်ဘဲ ရှိပါ့မလား

ကြိုက်တဲ့သူများတော့ ပွေတယ်ရှုပ်တယ်လို့

တခြားသူတွေ ပြောပြောနေတဲ့ ဒီကောင်မလေးပေါ့

တစ်ချို့များဆို လက်လွဲပြောင်းယူကြတဲ့

ပြည်ထောင်စုအလံရယ်လို့တောင် နောက်ပြောင်ခဲ့ကြ

ဒါပေမဲ့လည်း ဒီကောင်မလေး အပြုံးမပျက်ခဲ့ဘူး

စိတ်မဆိုးခဲ့ဘူး

သူ့ဘဝရဲ့အဆိုးရွားဆုံး လောကဓံကိုတောင်

ဒီအရွယ်လေးနဲ့ ကြံ့ကြံ့ခံခဲ့တယ်

ဗမာစကားပုံတွေတော့ ရှိပါရဲ့

တစ်ရွာမပြောင်း သူကောင်းမဖြစ်

သေချင်တဲ့ကျား တောပြောင်း အစရှိသဖြင့်ပေါ့

သူကတော့သူကောင်းဖြစ်ချင်လို့ တစ်ရွာပြောင်းခဲ့ပုံရတယ်

ဆက်ဆက်ပြန်လာခဲ့ဖို့ မှာလိုက်ပေမဲ့

သူပြောင်းသွားတဲ့တပ်မှာ ပျော်ပုံရတယ်

ပိုလည်းလှလာတယ် အဲဒီမှာက လက်ပံပွင့်လေးကိုလည်း

အရိပ်တကြည့်ကြည့်ချစ်မယ့်သူလည်းရှိ‌နေတော့

ပြန်လာဖို့တောင် မေ့နေပုံပါပဲ

အိမ်ကထွက်လာပြီးကတည်းက တပ်ဟာကိုယ့်မိသားစုပဲ

လက်ပံလေးဟာလည်း ကိုယ့်ညီမလေးပဲ

အဆင်ပြေလားလို့ သွားမေးတိုင်း ပြေတယ်လို့ပဲအမြဲညာခဲ့တယ်

ဒီနေ့ message တစ်စောင်ရောက်တယ်

မရေ လက်ပံပွင့်လေး ကြွေသွားရှာပြီတဲ့

ရှေ့တန်းကပြန်လာပြီး နားနေတာနှစ်ရက်ပဲရှိသေးတယ်

လေယာဉ်နဲ့ဗုံးလာကြဲလို့ ချစ်သူနှစ်ဦး

တော်လှန်ရေးကြီးကို နုတ်ဆက်သွားကြပြီတဲ့

ငါ့ညီမလေး အရမ်းနာကျင်သွားခဲ့သလား

အရမ်းကြောက်နေခဲ့သေးလား

ဘယ်လောက်တောင်မှ နာကျင်ခံစားပြီး ထွက်သွားလိုက်ရလဲ ကလေးငယ်ရယ်

‌တစ်ရွာပြောင်းလို့ သူကောင်းဖြစ်သွားတယ် ထင်ရပေမဲ့

တကယ်တော့

သေချင်လို့ တောပြောင်းသွားတဲ့ကျား ဖြစ်သွားတယ်

ဆက်ဆက်ပြန်လာခဲ့မယ်လို့ ပြောသွားတဲ့ လက်ပံပွင့်လေးရေ

အရွယ်နဲ့မလိုက်အောင် လောကဓံရဲ့ဒုက္ခကိုခါးဆီးခံသွားတဲ့ ညီမလေးရေ

ပင်ပန်းလွန်းလို့ လွတ်ချလိုက်တာလား

ဒီအခင်းအကျင်းကြီးကို ခံနိုင်ရည်မရှိတော့လို့

ချစ်သူလက်ကိုတွဲပြီး အဝေးဆုံးကို ထွက်သွားခဲ့တာလား

ပြန်လာမယ်ပြောပြီး ဘာလို့ပြန်မလာရတာလဲ

မေးခွင့်ရှိသေးရင် မေးလိုက်ချင်တယ်

အော်ဟစ် ငိုကြွေးလိုက်ချင်တယ်

မောင်းပြန်တစ်လက်ကို ကျည်တစ်ဘောက်လောက်ကုန်တဲ့အထိ ပစ်ဖောက်ပစ်လိုက်ချင်တယ်

ဘာလို့များ ဒီလက်ပံပွင့်ငယ်လေးက အခုလိုစောစောစီးစီး ကြွေလွင့်သွားရတာလဲ

 

ဆောင်းရိပ်ခို


View the original