Statement 334 Views

အကြမ်းဖက်စစ်ကောင်စီ၏တပ်မှ ညောင်ပင်သာရွာသားများကို ဖမ်းဆီး ညှင်းပန်းနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်

May 12th, 2023  •  Author:   Karen National Union  •  1 minute read
Featured image

၁၂ မေလ ၂၀၂၃ ခုနှစ် ကေအဲန်ယူ – ဗဟို

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်များဖြစ်သော တပ်မ – ၄၄ ၊ ခလရ – ၇၃ ၊ ခမရ – ၅၉၉ ၊ ခမရ – ၅၉၀ နှင့် ခလရ – ၄၈ တို့သည် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ညောင်ပင်သာကျေးရွာ၌ တပ်စုပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြရန် အစီအစဉ် ရှိခဲ့ပါသည်။

သို့အတွက်ကြောင့် ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ တပ်များသည် ညောင်ပင်သာကျေးရွာအနားသို့ ရောက်ရှိလာပြီး ညနေ ၅ နာရီ ၂၀ မိနစ်ခန့်အချိန်တွင် အဆိုပါ အကြမ်းဖက်စစ်တပ် စုပေါင်းစစ်ကြောင်း နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ – ၃ လက်အောက်ခံ လုံခြုံရေး စစ်ကြောင်းတို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။

ဤထိတွေ့ ပစ်ခတ်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး (၁) ဦး၊ ဒုဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၁) ဦးနှင့် တပ်သား (၂) ဦး သေဆုံးပါသည်။

ထိုထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည ၈း၀၀ နာရီ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စုပေါင်းစစ်ကြောင်းသည် ညောင်ပင်သာရွာအတွင်းသို့ ဝင်ရောက်ပြီး မကြာမီတွင် ညောင်ပင်သာရွာအတွင်း၌ မီးများတောက်လောင်နေသည်ကိုမြင်တွေ့ခဲ့ရပါသည်။ ထို့နောက် မေလ (၁၁) ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ လက်အောက်ခံ စစ်ကြောင်းမှ ညောင်ပင်သာရွာအတွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်များမှ အပြစ်မဲ့ပြည်သူလူထု ( ညောင်ပင်သာရွာသား ) များကို မီးရှို့ သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ရပါသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်မှ မီးရှို့ သတ်ဖြတ်ခံခဲ့ရသော အပြစ်မဲ့ ပြည်သူလူထု ( ညောင်ပင်သာရွာသား ) များ၏ စာရင်းကို (၁၉) ဦးသာ ကောက်ယူထားနိုင်သေးပြီး အခြားပျောက်ဆုံးနေသောသူများရှိနေသေးကြောင်းလည်း သိရှိရပါသည်။

အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းသည် ညောင်ပင်သာရွာ အနီးအနားမှာရှိနေသေးသည့်အပြင် လက်ရှိအခြေအနေအရ ထိုနေရာသည် စစ်မြေပြင်သဖွယ်ရှိနေသည့်အတွက်ကြောင့် နယ်မြေခံ တာဝန်ရှိသူများသည် ပျောက်ဆုံးနေသော ပြည်သူလူထုများ၏စာရင်းကို လိုက်လံ ကောက်ယူနေဆဲနှင့် ရှိပါသည်။


Download statement in Karen

View the original