AHA စင်တာ ယာဥ်တန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ပြောကြားမှုမှ ကောက်နုတ်ချက်

10 May 2023

Progressive Voice

AHA စင်တာ ယာဥ်တန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ပြောကြားမှုမှ ကောက်နုတ်ချက်

၂၀၂၃ ခုနှစ် မေလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေးစင်တာ (AHA စင်တာ) ယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်များ၏ ထုတ်ပြန်ချက်အပေါ် ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါ်ခင်ဥမ္မာ၏ ပြောကြားချက်များကို အောက်တွင် ဖော်ပြထားပါသည်။

️ “AHA စင်တာရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုဟာ စစ်အုပ်စုရဲ့ လက်ဝေခံအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ ဖြစ်ခဲ့တာ ဖြစ်တယ်။ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ မြန်မာစစ်အုပ်စု ရှိနေတယ်ဆိုတာ ဖြစ်နိုင်ခြေ အရမ်းများပါတယ်။”

️ “အာဆီယံခေါင်းဆောင်တွေ ထုတ်‌ဖော်ပြောကြားထားတဲ့အတိုင်း “ကျူးလွန်တဲ့သူတွေဟာ တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ” ဖြစ်ပါတယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့ သူတို့ ဒီလိုကြေညာမှုကို  မြန်မာနဲ့ ကမ္ဘာ့ပြည်သူတွေက ယုံကြည်အလေးထားစေချင်တယ် ဆိုရင်တော့  ခိုင်မာပြတ်သားတဲ့ ခြေလှမ်းတစ်ရပ်ကို အခု ချမှတ်ရမှာဖြစ်ပြီး စစ်အုပ်စုအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့၊ လက်နက်တင်ပို့ရောင်းချမှုတွေ တားမြစ်ပိတ်ပင်ဖို့နဲ့ မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာရာဇ၀တ်ခုံရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရပ်ဘက်လူထုအဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ပြန်လည်သုံးသပ်ပြီး ပြောင်းလဲပြင်ဆင်ဖို့၊ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကို AHA စင်တာ ရဲ့ စီမံအုပ်ချုပ်ရေးဘုတ်အဖွဲ့ကနေ ဖယ်ရှားပေးဖို့နဲ့ ရှေ့တန်းမျက်နှာစာမှာ လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီတွေပေးနေတဲ့ လူပုဂ္ဂိုလ်တွေကနေတစ်ဆင့် တိုင်းရင်းသား နယ်စပ်ဒေသတစ်လျှောက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးဖို့ ဆိုတဲ့ အချက်တွေကို အလေးထားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။”

️ “စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကို အများဆုံးခံရတဲ့ ပြည်သူတွေဟာ စစ်အုပ်စုရဲ့ ထိန်းချုပ်မှုနယ်မြေပြင်ပကို ထွက်ပြေးပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရချိန်မှာ AHA စင်တာက စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဒေသ တွေမှာပဲ ဘာကြောင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို မရမက လုပ်ချင်နေရတာလဲ။ အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ ဒေသတွေမှာ အတူလက်တွဲ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (ERO) တွေနဲ့ ဘာကြောင့် ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်တာလဲ။”

️ “AHA စင်တာရဲ့ စီမံအုပ်ချုပ်ရေးဘုတ်အဖွဲ့မှာ မြန်မာစစ်အုပ်စု ရှိနေသရွေ့ အာဆီယံရဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဌာနဟာ လွတ်လပ်အမှီအခိုကင်းမှု ဒါမှမဟုတ် သမာသမတ်ကျမှု ဆိုတဲ့ ပုံစံတွေနဲ့ လည်ပတ်နိုင်မှာ မဟုတ်ဘူး။ AHA စင်တာဟာ အရေးကြီးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို ဆန့်ကျင်ပြီး လုပ်ဆောင်နေခြင်းအားဖြင့် စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို နည်းဗျူဟာပိုင်းနဲ့ နိုင်ငံရေးပိုင်း အသာစီးရအောင် လုပ်ပေးနေပြီး စစ်အုပ်စုနဲ့ အလိုတူအလိုပါဖြစ်မှုက ပိုပြီး နက်ရှိုင်းလာနေပါတယ်။”

️ “အာဆီယံနဲ့ AHA စင်တာဟာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားထက် သူတို့ရဲ့ နိုင်ငံရေးအရ ရှေ့တန်း ရောက်ရေးကိုပဲ ဆက်လက်ဦးစားပေး လုပ်ဆောင်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ NUG နဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ တရားမဝင်ဖြစ်စေဖို့ စစ်အုပ်စုရဲ့ကြိုးပမ်းမှုမှာ အသုံးချခံရပြီး သူတို့ ထောင်ချောက်ထဲကိုပဲ ထပ်မံ ကျရောက်သွားပါလိမ့်မယ်။ အာဆီယံအနေနဲ့ မျက်နှာပန်းလှအောင် လုပ်ဆောင်နေမယ့်အစား မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ် ကယ်တင်ရေးတွေကို စတင်လုပ်ဆောင်ရမှာ ဖြစ်တယ်။”

အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ရပ်တည်ချက်စာတမ်း – အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို သုံးသပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုက်တွင် ဖတ်ရှုလိုပါက bit.ly/3OfSkcX တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia