ဆောင်းဖွေး ဗုံးကြဲခံရမှုကြားက (၃) ရက်သား ကလေးငယ်

April 28th, 2023  •  Author:   Kantarawaddy Times  •  1 minute read

မော်မီမြာ ( ကန္တာရဝတီတိုင်း(မ်))

ဧပြီ ၂၅ ရက်နေ့ရဲ့ မွန်းလွှဲ ၁၂ နာရီ ၄၅ မိနစ်မှာ လူထုတွေ ကိုယ်ထူကိုယ်ထထူထောင်ဖွင့်လစ်ထားတဲ့ ဆေးရုံတစ်ခုပေါ်ကို လေယာဉ်ပေါ်ကနေ “ဝုန်းဒိုင်း” ဆိုပြီး ရုတ်တရက်ကျလာတဲ့ ဗုံးကြောင့် အယောက်တစ်ရာသော အရပ်သားတွေ အသက်လွှတ်ဖို့ ပြေးလွှားကြသူတွေထဲ လူ့လောကထဲရောက်လာတာ သုံးရက်သာရှိသေးတဲ့ အနှီးအပြာရောင်လေးနဲ့ ကလေးငယ်လေးကတော့ ဖန်လုံအိမ်ထဲမှာ အိပ်လျှက်။

ဆေးရုံးထဲမှာ ရှိနေတဲ့ အသက် (၂၀) ဝန်းကျင် အမျိုးသား နှစ်ဦး၊ အသက် (၃၀) ဝန်းကျင်နဲ့ (၄၀) ကျော် အမျိုးသမီး (၂)ဦး၊ အသက်(၁၅)ဝန်းကျင် ယောင်္ကျားလေးတစ်ဦး စုစုပေါင်း ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီအထဲ အသက် (၃၀) ဝန်းကျင် မွေးကင်းစမိခင်တစ်ဦး ဦးခေါင်း ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မွေးကင်းစ ကလေးငယ်တောင်မှ စစ်ကောင်စီရဲ့ ဗုံးကြဲမှုအန္တာရယ်ကို စောစီးစွာ တွေ့ကြုံခံစားနေခဲ့ရပါတယ်။

“ဗုံးကြဲပြီးမှာမှ ဒုတိယအကြိမ်ကြဲပြီးတဲ့အချိန်က အထဲမှာရှိတဲ့ တစ်ယောက်က ခေါ်ထုတ်လိုက်တာပေါ့နော။ သူ့ရှေ့မှာက အဒေါ်ကြီး(ကလေးငယ်အမေ) တစ်ယောက်ကို ဆွဲထုတ်သွားတယ်။ အဒေါ်ကြီးတစ်ယောက် အကြီးစားဒဏ်ရာရလို့ ဆွဲထုတ်သွားတယ်။ စိုးရိမ်ရတယ်ပြောတဲ့ တစ်ယောက်ပေါ့။ ဘေးမှာ ဖန်လုံအိမ်ထဲမှာ အသားဝါဖြစ်လို့လားမသိဘူး ကလေးက ၃ရက်သားပဲရှိသေးတယ်။ ခေါ်ထုတ်ပြီးတော့မှ လုံခြုံတဲ့နေရာမှာ ခေါ်ထားတယ်။ အသက်ဘေးလု ထွက်ပြေးလာတဲ့ အခါကျတော့ ကလေးက သတိမထားမိလိုက်ဘူး။“ လို့ ဗုံးကြဲတိုက်ခိုက်မှုအပြီး ကလေးငယ်ကို ခေတ္တခေါ်ယူနေခဲ့သူ တစ်ဦးက ပြောပြပါတယ်။

ကလေးငယ်က အသားဝါဖြစ်တဲ့အတွက် ဖန်လုံအိမ်ထဲ ထားရှိထားပြီး မိခင်ဖြစ်သူကတော့ လက်နက်စထိမှန်ပြီး မျက်လုံးတစ်ဖက်ထွက်သွားတဲ့ ဒဏ်ရာနဲ့ ဦးခေါင်းပြင်းထန်ဒဏ်ရာ ရရှိခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆေးကုသမှုခံယူနေပြီး အသက်အန္တာရယ် မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။
၃ ရက်သား ကလေးငယ်ကတော့ စစ်ကောင်စီလူသတ်ယာဉ်ရဲ့ အန္တာရယ်ကြားကနေ သီသီကြီး လွတ်မြောက်ခဲ့ပါတယ်။ သို့ပေမယ့် အခုလို လက်နက်ဗုံးကြဲတဲ့ အသံဆိုးကြီးကြားအိပ်စက်နေခဲ့တဲ့ ဘာမှမသိသေးတဲ့ ကလေးငယ်အတွက်တော့ မတွေးဝံ့စရာပါပဲ။

အဲဒီဆေးရုံကတော့ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ရီနွဲ့ကျေးရွာအုပ်စုထဲမှာ ရှိနေတာပါ။

ဓါတ်ပုံ – ကယန်းဒေသလူမှုကယ်ဆယ်ရေးကော်မတီ(KRC)

အဲဒီရက် ( ဧပြီ ၂၅ ရက်နေ့) မှာတော့ မနက် ၁၀ နာရီလောက်ကတည်းက ဝေဟင်မှာ လေယာဉ်ဝဲနေခဲ့တာပါ။ လွန်ခဲ့တဲ့ရက်တွေမှာလည်း စစ်ကောင်စီ တိုက်လေယာဉ်၊ ကင်းထောက်လေယာဉ် ဝဲနေတာတွေရှိခဲ့ပြီး ပစ်ခတ်မှုတွေ မပြုလုပ်လောက်ဘူးလို့ ထင်ခဲ့ပေမယ့် ရုတ်တရက်ဗြုန်းစားကြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အနီးအနားမှာ ရောက်ရှိမြင်တွေ့ခဲ့သူတစ်ဦးက ပြောပြပါတယ်။

“ပထမကြဲတဲ့ တစ်ခေါက်က ပထမတစ်ကြိမ်နဲ့ ဒုတိယတစ်ကြိမ်က နည်းနည်းခြားတော့လေ အဲဒါ နည်းနည်းကံကောင်းတယ်လို့ ပြောရမယ်။ ပထမတစ်ကြိမ်လာကြဲပြီးကတည်းက အထိအခိုက်တော့ နည်းတယ်။ ရှထိတဲ့ လူတွေရှိတယ်ပေါ့နော။ အဲမှာ တစ်ခါတည်း ထွက်ပြေးကြတယ်ပေါ့နော။ တချို့လူကို ဖိနပ်မပါကြဘူးပေါ့နော။ မွေးကင်းစမိခင်တွေလည်းရှိတယ်ပေါ့နော။ ဖိနပ် မပါပဲနဲ့ လမ်းလျောက်ထွက်ပြေးလာတယ်။ လမ်းပေါ်မှာ မွေးကင်းစ ကလေးမိခင်တစ်ယောက်ကလည်း ဖိနပ်မပါဘူး။ သူ့ ကလေးကို ချီပြီးတော့မှ ဒီတိုင်း ထွက်ပြေးပြန်လာတာ တွေ့တယ်ပေါ့နော။”

ဗုံးကြဲမှုဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ ကယန်းဒေသလူမှုကယ်ဆယ်ရေးကော်မတီ (KRC) ဝင် တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပြခဲ့တာပါ။

ဗုံးကြဲချတဲ့ အကြိမ်ရေအတိအကျ မသိရှိရပေမယ့် အနည်းဆုံး လေးကြိမ်တော့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ပထဆုံး ဗုံးကြဲချခဲ့ပြီး ဆေးရုံအတွင်းမှာရှိတဲ့ လူနာတွေ၊ မွေးကင်းစမိခင်တွေ၊ လူနာစောင့်တွေ၊ ဆေး ဆရာ/ဆရာမ တွေ အသက်လု တိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီဆေးရုံမှာတော့ နေ့စဉ်လူနာတွေကို ဆေးကုသမှုပေးနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆောင်းဖွေးဆေးရုံအနီးအနားမှာ အာဏာသိမ်းပြီးနောက် တစ်ကြိမ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့တဲ့နေရာတစ်ခုပါ။

စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတစ်လုံးလည်း ကြဲချခဲ့ပေမယ့် ပေါက်ကွဲမှု မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ ဗုံးကြဲမှု အပြီးမှာတော့ ဆေးရုံအတွင်း ဆေးကုသမှုပိုင်းဆိုင်ရာ ပစ္စည်းတွေ၊ နံရံ၊ ခေါင်မိုးတွေ အကုန်လုံး လက်နက်ကြောင့် ပျက်စီးပြိုပျက် အပေါက်အရာတွေနဲ့ပါပဲ။ ဆေးရုံနားရှိတဲ့ ကား၂စီးနဲ့ ဆိုင်ကယ်တစ်စီးလည်း ပျက်စီးခဲ့ပါတယ်။

အဲဒီအနီးအနားတစ်ဝိုက်မှာလည်း စစ်ဘေးရှောင်စခန်းတည်ရှိပြီး စစ်ကောင်စီက ဆေးရုံနဲ့ စစ်ရှောင်နေရာကို တိုက်ပွဲမဖြစ်ပဲ တိုက်လေယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတာ ရှိပါတယ်။

“ဒီလိုတိုက်ခိုက်တာက သက်သက်မဲ့မဲ့ စစ်ကောင်စီက လူထုကို စိန်ခေါ်တယ်ပြောလို့ရပေါ့နော။ ဘားမဆီမဆိုင် တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိတဲ့ နေရာမှာ ဆေးရုံမှာက အပြစ်မဲ့ ပြည်သူတွေကို ဗုံးလာကြဲတယ်ပေါ့နော။ သူတို့ ကိုယ်တိုင်က စစ်ရာဇဝတ်မှုကို ကျူးလွန်ဖို့ ဝန်မလေးဘူးပေါ့နော။ သူတို့က ခံစားချက်မရှိတော့ဘူးပေါ့နော အဲဒါက တော်တော်ဆိုးပါတယ်။ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ပြည်သူရဲ့အစားပေါ့။” လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း (၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။

ဗုံးကြဲမှုကြောင့် လက်နက်စစင်ထိမှန်ပျက်စီးနေတဲ့ ဆေးရုံ အဆောက်အဦးနဲ့ ပျက်စီးနေတဲ့ ဆိုင်ကယ်တစ်စီး တွေ့မြင်ရစဉ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းနယ်စပ်ဖက်မှာဆိုရင် လက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက် ထိခိုက်ကျဆုံးမှုများတဲ့အတွက် အခုလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ တပ်ဖွဲ့တွေက သုံးသပ်ပြောဆိုကြတာလည်း ရှိနေပါတယ်။

ဆောင်းဖွေးဆေးရုံအနီးနားတစ်ဝိုက်မှာတော့ စစ်ဘေးရှောင်အရပ်သား နေထိုင်တဲ့ အိမ်ခြေ (၄၀) ဝန်းကျင်လောက်ရှိပြီး ထပ်မံရွေ့ပြောင်းကြတာလည်းရှိနေတယ်လို့ ဒေသခံတစ်ဦးက ဧပြီ (၂၆) ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။

“ဒီဖက်အခြေနေတော့ တိုက်ပွဲဖြစ်တဲ့ အခြေအနေ တစ်ဝိုက်တော့ မဟုတ်ဘူး။ မနေ့ည ဗုံးကြဲလို့ အနီးအနားမှာက စစ်ရှောင် စခန်းတွေရှိတယ်ကော အဲဒီက စစ်ရှောင်တွေလည်း မနေရဲတော့ဘူး။ တခြား အဲ့ထက်လုံခြုံတဲ့နေရာပေါ့နော။ သူတို့က ရွေ့ပြောင်းပြီးနေထိုင်တယ်ပေါ့။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆောင်းဖွေးဆေးရုံဟာဆိုရင် ကယန်းအမျိုးသားကျန်းမာရေးကော်မတီ (KNHC) ကိုယ်ထူကိုယ်ဖွင့်လှစ်ထားတာဖြစ်ပြီး ဒေသခံနဲ့ စစ်ရှောင်လူထုတွေ အားထားရတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ အခုလို တိုက်ခိုက်ခံရတဲ့အတွက် လူထုတွေအတွက် ဆေးကုသဖို့ ခက်ခဲမှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်း ဒေါတမကြီးကျေးရွာ တိုက်နယ်ဆေးရုံ ကို စစ်ကောင်စီလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံအဆောက်အဦး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

အခုလို အရပ်သားတွေရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းအသုံးပြုတိုက်ခိုက်တာဟာ စစ်ကောင်စီက စစ်ရာဇဝတ်မှုကို အတိအလင်း ကျုးလွန်နေတာဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုထားကြပါတယ်။

ဆောင်းဖွေးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုမှာ မြေကြီးထဲ စိုက်ကျန်ရှိတဲ့ လက်နက်တစ်ခု။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

View the original