ပဇီကြီးရွာက အသက်မသေဘဲ ကျန်ရစ်သူတွေရဲ့ပြောပြချက်

April 12th, 2023  •  Author:   Radio Free Asia  •  1 minute read

စောဖိုးခွား (ဝါရှင်တန်ဒီစီ) | 2023.04.12

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး တွေ့ရသည့် မြင်ကွင်းတစ်ခု။ Photo: Citizen Journalist

“ဧပြီလ ၁၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှု အဆိုးဆုံးခံရပြီးနောက် ပဇီကြီးရွာရဲ့အခြေအနေကို အခုလိုမြင်ရပါတယ်။ သတင်းလာယူပြီး ကယ်ဆယ်ရေးလုပ်နေသူလောက်ပဲ ရှိပြီး၊ ကျေးရွာသားတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေတာ တွေ့ရပါတယ်…”

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကို အလူးအလဲခံခဲ့ရတဲ့ ပဇီကြီးရွာရဲ့ လက်ရှိအခြေအနေကို ဒေသခံတစ်ယောက် ပြောပြနေတာပါ။

ဧပြီလ ၁၁ ရက်နေ့က အဲဒီရွာရဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲကို တက်ရောက်ဖို့ လူ ၈ဝဝ လောက် စုဝေးနေချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် လူပေါင်းတစ်ရာကျော် သေဆုံးခဲ့ရပြီး လူတစ်ရာနီးပါး ဒဏ်ရာရခဲ့ပါတယ်။

 

သေဆုံးသွားသူတွေထဲမှာ ကလေးငယ် အယောက် ၂ဝကျော်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ပါပါတယ်။

” ဖိုက်တာလာပြီး ဖိုက်တာနဲ့ပစ်တာ၊ နောက်တော့ ရဟတ်ယာဉ်နှစ်စီးရောက်လာပြီး ပစ်တော့တာပဲ၊ ကျွန်တော်က ဆိုင်ကယ်နဲ့ မောင်းပြေးလို့ လွတ်တာ၊ မြောင်းကြို မြောင်းကြားဝပ်ပြီး ပြေးရတာ၊ နောက်ကနေ ရမ်းသမ်းလိုက်ပစ်တာပဲ”

အသက်မသေဘဲ လွတ်မြောက်လာတဲ့ လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦး ပြောပြတာပါ။ ဒီအဖြစ်ဆိုးကနေ သူလွတ်မြောက်ခဲ့ပေမယ့် သူ့ရဲ့ ဖအေဖြစ်သူနဲ့ အမဖြစ်သူတို့ကတော့ သေဆုံးသွားရပါတယ်။

သေဆုံးသွားတဲ့ သူ့ဖခင်ဟာ အဲဒီရွာရဲ့ ပကဖ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြတ်လင်း ဖြစ်ပါတယ်။

image (3).jpg
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်ရွာသားတစ်ဦးကတော့ သူ့ရဲ့ညီဝမ်းကွဲနဲ့ ဦးလေးတော်စပ်သူတွေ အပါအဝင် ဆွေမျိုးထဲက ငါးဦး သေဆုံးတဲ့အထဲ ပါသွားတယ်လို့ ပြောပါတယ်။

“ကျွန်တော် မျက်ရည်တစ်စက်မကျဘူး၊ အသားဆတ်ဆတ်တုန်တာပဲရှိတယ်။ စိတ်တိုတာပဲရှိတယ်။ အန်တု ဗလမပြုနိုင်တဲ့ နို့စို့ကလေးအရွယ်ကစလို့ အကုန်အသတ်ခံလိုက်ရတော့ အန္တရာယ်မပေးဘဲကို သက်သက်မဲ့ လာသတ်သွားတယ်။ လူကြီး အသက်ကြီးရွယ်အို ၈ဝ ကျော် ကျွန်တော်တို့ အဖိုးလည်း ပါသွားတာ။ သူတို့ကို အန္တရာယ်မပြုသူတွေကို ဘာလို့သတ်တာလဲ၊ သူတို့ကို အန္တရာယ်ပြုနေချိန်ဆို တောက်တောက်စင်းသွားဦး၊ ခံနိုင်တယ်”

နောက်ထပ်တစ်ယောက်ကတော့ ညီအရင်းနဲ့ ဆွေမျိုးတွေကို ဆုံးရှုံးလိုက်ရသူဖြစ်ပါတယ်။ သူကတော့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို ဘယ်လိုမှ မကျေနပ်နိုင်ဘူးလို့ ပြောပါတယ်။

“လူမဆန်တဲ့လုပ်ရပ်ပါဗျာ့၊ ခွေးကျင့် ခွေးကြံကြံတယ်ဆိုတာ ဒါကိုပြောတာ။ ကျွန်တော်တို့က ဘယ်လိုမှမကျေနပ်နိုင်ဘူး။ အသက်ပေးရင် ပေးပါရစေ။ ဒါက ပြည်သူတွေကို သက်သက်နှိပ်စက်တာ။ ကျွန်တော်တို့က ရရာလက်နက် ဆွဲတိုက်မှာပဲ။”

“ကျွန်တော်တို့ တော်လှန်ရေးလုပ်နေသူတွေ တော်တော်များများ စိတ်ဝမ်းမကွဲ ပူးပေါင်းကြပြီး ရရာလက်နက်စွဲတိုက်စေချင်တယ်။ ဒီလောက်ကြီး ပေးဆပ်ထားပြီးမှတော့ …

image (2).jpg
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့သူ ၁၁၆ ယောက်ထပ်မနည်းရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။ RFA နဲ့ စကားပြောခဲ့တဲ့ ဒေသခံတွေကတော့ သေဆုံးတဲ့သူ တစ်ရာကျော်ရှိပြီး မနေ့ညပိုင်းအထိ ၈၃ ယောက် အလောင်းပြန်ကောက် သင်္ဂြိုဟ်ပြီးခဲ့ပြီလို့ ပြောပါတယ်။

အခုအဲဒီရွာထဲမှာ စစ်ကောင်စီက တပ်စွဲထားတာကြောင့် အလောင်းပြန်ကောက်ဖို့ ခက်ခဲနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ယောက်က RFA ကိုပြောပါတယ်။

“စစ်တပ်က တပ်စွဲထားတော့ ကောက်လို့မရဘူး။ လေယာဉ်က လာဝဲနေတော့ ပစ်ခတ်ခံရမှာလည်း ကြောက်လို့ ကောက်မရတာ ရှိတယ်။ စစ်တပ်က တပ်စွဲထားတော့ အလောင်းသွားကောက်ရင် အဖမ်းခံရမှာလည်းဆိုးတယ်”

သေဆုံးတဲ့သူတွေဟာ ကိုယ်လက်အင်္ဂါတွေ အပိုင်းပိုင်းပြတ်ပြီး ဘယ်သူဘယ်ဝါမှန်း မသိနိုင်လောက်အောင် ဖြစ်နေပြီလို့ သူကဆိုပါတယ်။ လက်ရှိအဲဒီရွာပေါ်ကို စစ်ရဟတ်ယာဉ် ပျံသန်းတာတွေရှိနေတာကြောင့် အဲဒီရွာနဲ့ ရွာနီးစပ်ချုပ်က ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေး ပုန်းရှောင်နေကြရပြီး၊ အစားအသောက်ဆေးဝါး အကူအညီတွေလည်း လိုအပ်နေပါတယ်။

ဒီပစ်ခတ်မှုကို စစ်ကောင်စီဘက်က ဝန်ခံပေမဲ့ PDF တပ်ဖွဲ့တွေ ခဲယမ်းထားတဲ့နေရာကို လက်နက်ကြီးထိမှန်လို့ လူတွေအများကြီး သေဆုံးခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

လူပေါင်းတစ်ရာကျော်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာက ထုတ်ဖော်ပြောဆိုထားကြပါတယ်။


View the original