အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍သတင်းထုတ်ပြန်ချက်

26 March 2023

အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက် (၆ / ၂၀၂၃)

၁၃၈၄ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၆ ရက်

(၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်)

အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဌာနမှ အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့သည့်အပေါ် ကြိုဆိုပါသည်။

၂၀၂၃ ခုနှစ် မတ်လ (၂၄) ရက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာချက်သည် အရပ်သားပြည်သူများ အပေါ်ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများ ၊ ကျယ်ကျယ် ပြန့်ပြန့် စနစ်တကျ လုပ်ဆောင်နေမှုများကို ချင့်ချိန်သုံးသပ်လျက် စစ်တပ်နှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ် (၂)ဦးနှင့် အဖွဲ့အစည်း (၆)ခုတို့အား ရည်ရွယ်ပစ်မှတ်ထား ချမှတ်ခြင်း ဖြစ်ပါသည်။

အရေးယူပိတ်ဆို့မှုတွင် ပိုမိုအရေးပါသည့်အချက်မှာ စစ်တပ်ထံသို့ ဂျက်လေယာဉ်ဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်း တို့ကို ရည်ရွယ်ပစ်မှတ်ထား အရေးယူပိတ်ဆို့ခြင်းဖြစ်ပါသည်။ မြန်မာ့ပြည်သူလူထု၏ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အပေါ် အခြေခံသည့် တော်လှန်ရေး၏ အတိုင်းအတာ၊ ကြံ့ကြံ့ခံနိုင်မှုများနှင့် အကြမ်းဖက်စစ်တပ်၏ ၎င်းတို့ကိုယ်တိုင် အာဏာထိန်းထားနိုင်ခြင်း မရှိမှုတို့ကြောင့်၊ အကြမ်းဖက်စစ်တပ်သည် ကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်တင် လုပ်ဆောင် လာပါသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ အဆိုအရ ပြီးခဲ့သည့်နှစ်အတွင်း အရပ်သား တည်နေရာများအား အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ ၁၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပက်သက်၍ လူ့အခွင့်အရေးကောင်စီ၌ လွန်ခဲ့သည့် ရက်သတ္တပတ်များက ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးဖိုရမ်တွင် ကုလသမဂ္ဂတာဝန်ရှိသူများက အကြမ်းဖက်စစ်ကောင်စီ အား ပြစ်တင် ရှုံ့ချခဲ့ပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk က “လူ့အသက်နှင့် လူ့အခွင့်အရေးကို လျစ်လျူရှု ပမာမခန့်ပြုကြောင်း စဉ်ဆက်မပြတ် ပြသနေသည့် အကြမ်း ဖက်စစ်တပ်၏ လုပ်ရပ်သည် လူ့သားများ၏စိတ်ကို နာကြည်းမှု ဖြစ်စေကြောင်း” လူ့အခွင့်အရေးကောင်စီ၌ ပြောကြားခဲ့ပါသည်။

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews ကလည်း “ စစ်တပ်သည် အဆိုပါပြဿနာများ၏ အဓိကအကြောင်းရင်း ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှု သို့မဟုတ် လူ့အခွင့်အရေး ပြဿနာကို အဆုံးသတ်နိုင်မှုတို့အတွက် နည်းလမ်းမရှိကြောင်း” နှင့် “ အကြမ်းဖက် စစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ ဒီမိုကရေစီအရဖြစ်စေ အနည်းငယ်မျှပင် တရားဝင်မှု မရှိကြောင်း” စသဖြင့် ပြောကြားခဲ့ပြီး စစ်တပ်အပေါ် အရေးယူဆောင်ရွက်ရေး အတွက် ကောင်စီသို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

အကြမ်းဖက်စစ်တပ် အပေါ် အရေးယူ ဆောင်ရွက်ချက်များတွင် အမေရိကန်ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှုများလည်း ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ ဥရောပသမဂ္ဂကလည်း အကြမ်းဖက်စစ်တပ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရငွေများအပေါ် ပစ်မှတ်ထားသည့် ပိတ်ဆို့မှုများကို ယခုနှစ် ဖေဖော်ဝါရီလတွင် ဆဌမအကြိမ် ချမှတ်ခဲ့ပြီး အကြမ်းဖက်စစ်တပ် အနေဖြင့် စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းမီးကျောက်များနှင့် စစ်ဘက် နည်းပညာများ မရရှိနိုင်ရေးကို လုပ်ဆောင်ခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ မြန်မာပြည်သူများအတွက် တစိုက်မတ်မတ် နှစ်မြှုပ် ဆောင်ရွက်ပေးနေမှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အခြားအဖွဲ့ဝင်များကိုလည်း အလားတူအရေးယူမှုများ ဆောင်ရွက်ပေးရန် တိုက်တွန်းအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ


Download full statement

View the original

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia