မရှိမဖြစ် ရဲဘော်

March 5th, 2023  •  Author:   CJ Platform  •  1 minute read

Author မင်းဘုဏ်းလူ(၅၀၅)

လရောင်က ကြည်လင်ရှင်းသန့်နေ၏ ။ ပြာမှိုင်းသော ညသည် လပြည့်ဝန်းကြောင့် တစ်ဖန်သစ်လွင်လာလျက် တစ်လောကလုံးကို တည်ငြိမ် စင်ကြယ်စေလေသည်။ ထိုကဲ့သို့သော ညမျိုးတွင်မှ ဝမ်းနည်းပက်လက် ငိုကြွေးနေရသူတစ်ဦးကား တောင်ကမူတစ်ခုထက်ဝယ် အထီးကျန်စွာ။ သူ၏ နှုတ်ခမ်းတို့သည် တဆတ်ဆတ် တုန်လျက်။ သူ၏ ရင်သည် နိမ့်ချည်မြင့်ချည် ဖိုလှိုက်၍။ သူ၏ မျက်လုံးများ၌ မျက်ရည်စတို့ အိုင်ထွန်းပြည့်နှက်။

သူ့အမည်ကားအာဗြာဟန်။အသက်က၆၀ကျော်ချေပြီ။ ယခင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ တပ်ခွဲမှူးအဆင့်ထိ တာဂန်ထမ်းဆောင်ခဲ့ဖူးသူ။ သို့သော် ယခုအသက်အရွယ်နှင့် ယခင်ကလို မစွမ်းဆောင်နိုင်တော့။ တပ်ခွဲရှိ ရဲဘော်များက သူ့ကိုစားဖိုမှူး(ထမင်းချက်)ဟုသာ သိထားကြသည်။

တောင်ကမူ၏ အောက်နှင့် မျက်စိတစ်ဆုံးတွင်မူ စီတန်းအိပ်မောကျနေကြသော ရဲဘော်များ။ ယောင်ယမ်းသံ ဟောက်သံ ဝိုးတဝါးစကားသံအချို့သည် သူရှိနေရာ ကုန်းကမူထက်သို့ တစ်ချက် တစ်ချက် လွင့်ပျံ့လာသည်။

သူကတော့ ဝမ်းနည်းစွာ ဆက်လက် ရှိုက်ငင်နေမိတုန်း။ ငိုက်နေသည့် ရဲဘော်အချို့ကို အားပေးစကားပြောရင်း လူတစ်ဦးသည် သူ့ကို မြင်၍ ကုန်းထက်သို့ တက်လာနေသည်ကို တွေ့ရသည်။ ထိုသူ ခြုံထားသော စောင်က လေတစ်ချက်အဝှေ့တွင် လွင့်လူးသွားပြီး ဆံပင်ရှည်ရှည်များလည်း တဖျတ်ဖျတ် လှုပ်ခတ်နေ၏ ။ ထိုသူက ကိုင်ထားသော M16 သေနတ်ကိုထောက်ပြီး ကမူလေးပေါ်သို့ ငြင်သာစွာ လျှောက်လာ၏ ။

ထို့နောက် လေးစားသမှုဖြင့် ငိုကြွေးခြင်းကို အဆုံးသတ်ကာ တီးတိုး ရှိုက်နေသေးသော သူ့အား နားလည်စွာ ပခုံးပုတ်လိုက်ပြီး အနားရှိ မြက်ဖုတ်တစ်ခုပေါ် ဝင်ထိုင်နေလိုက်သည်။ အတန်ကြာသည်အထိ စကားမဆိုဖြစ်ကြ။ တစ်ချက် တစ်ချက် ထွက်နေတတ်သော ရှိုက်သံ ပျောက်လုလု ရှိတော့မှ

“ဘာတွေများ ဝမ်းနည်းနေပါလိမ့် ယောက်ဖ”

ယောက်ဖဟု အခေါ်ခံလိုက်ရသဖြင့် သူ တဒင်္ဂမျှ အားတက်သွားသည်။ ဝမ်းနည်း ငိုကြွေးနေခဲ့သည်ကို မေ့သွားပြီး သူ့ကိုယ်သူ ယောက်ျားကောင်း စစ်သားကြီးတစ်ဦးသဖွယ် ထင်မြင်လိုက်မိသေး၏ ။ ရုတ်တရက် ချက်ချင်း သိမ်ငယ်စိတ်များ ဝင်လာပြန်ကာ အိခနဲ ငိုလိုက်မိပြန်သည်။

“တစ်ယောက်ယောက်က ကျခုန်း(ဦးလေး)မခံနိုင်စရာ စကားနဲ့ နောက်ပြောင်လိုက်သလား”

သူက ခေါင်းကို ငုံ့ထားရင်းမှ ရမ်းခါပြလိုက်သည်။

“အရင်က အချိန်တွေကို လွမ်းလို့ ငိုတာလား”

ခေါင်းကို ရမ်းလျက်

“မဟုတ်ပါဘူး သရာ(ဆရာ)ရယ်၊ ကျွန်တော် ကိုယ့်ဘဝကိုယ် တွေးမိပြီး အခုတော်လှန်ရေးအတွင်း ဘာမှ မလုပ်နိုင်တာတွေးပြီး ဝမ်းနည်းလွန်းလို့ ငိုမိတာပါ”

ဆရာဆိုသူထံမှ စကားဆိုသံ မကြားရတော့။ သူ့အပြောကိုသာ စောင့်ဆိုင်းနေပုံ ရသည်။ အအိပ်အနေ နည်းသော စခန်းမှူးသည် ညဆိုလျင် သေနတ်တစ်လက်ကိုင်ကာ ကင်းများကို လိုက်လံ စစ်ဆေးနေတတ်ကြောင်း ရဲဘော်အားလုံးပင် သိပြီး ဖြစ်၏ ။ သို့သော်လည်း သူတို့ရဲဘော်များမှာ ပင်ပန်းလွန်းနေလျင် ကင်းအလှည့်ကျသော်လည်း ငိုက်ချင် ငိုက်နေတတ်သည်။ အချို့ ခိုး၍ အိပ်ကြ၏ ။ တစ်ကြိမ်မှတော့ ဆရာဘုဏ်းကဆူသည်၊ အပြစ်ပေးသည်ဟု မကြားရစဖူး။ ဆရာဘုဏ်းသည် ယခုကဲ့သို့ပင် ငိုက်နေသူများကို ကျော်ခွလျက် လှည့်လည် သွားလာနေတတ်သည်။

ထို့ကြောင့်လည်း သူတို့တပ်သည်စည်းလုံးညီညွတ်သော တပ်၊ မိသားစုတပ်ဟုတပ်ဟု သမုတ်ကြခြင်း ဖြစ်ပေမည်။ ယခု အာဗြာဟန် ဝမ်းနည်းနေရသည်မှာလည်း ထိုအကြောင်းကြောင့်ပဲ ဖြစ်၏ ။

“မနေ့က ရွာက ကျွန်တော့်အသိတွေ လာကြတယ်ဗျာ။ တော်လှန်ရေးတပ်တစ်ခုမှာ အမှုထမ်းနေတဲ့ တက်​​ကြွတဲ့ ရဲဘော် ဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ သူတို့ လာ..ခဲ့…. ကြ….. တာ……”

နောက်ဆုံးစကားလုံးများအရောက် အာဗြာဟန်၏ အသံမှာ တိမ်ဝင်သွားပြီး သူ၏ ရင်မှာ ဆို့နစ်လွန်းအားကြီးသဖြင့် အသံမထွက်နိုင်တော့ဘဲ ဖိုလှိုက်နေရသည်။

“သြော်”

အကင်းပါးသော မောင်ဘုဏ်း နားလည်သွားရပြီးသူ့ခံစားချက်ကိုနားလည်လိုက်ပြီ ထင်၏ ။ လပြည့်ဝန်းကို ငေးကာ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်သွားသည်။ အတော်ကြီး ကြာတော့မှ

“ကျနော့်မှာလည်း ခင်ဗျားကို ပြောစရာ ရှိတယ် ယောက်ဖ”

သူက ခေါင်းမော့ ကြည့်လိုက်ရာ မောင်ဘုဏ်းသည် သူ့ကို မကြည့်ဘဲ မျက်နှာလွှဲထားရင်းမှ

“ဒါပေမယ့် ခင်ဗျားရင်ထဲမှာ ရှိနေတဲ့ စကားတွေကို တစ်ယောက်တည်း ပြောမနေဘဲ ငါ့ကို အားလုံး ရင်ဖွင့်ပြောပြီးမှ ပြောမယ်။ မင်း ဘယ်လို စဥ်းစားမိလို့ ဒီလောက် ဝမ်းနည်းနေရတာလဲဆိုတာ အရင်ပြော”

အာ​ဗြာဟန်လည်း တော်တော်နှင့် စကားစ မထွက်။

“ကျွန်တော် အရင်က တပ်ခွဲမှူးဖြစ်ခဲ့ဘူးတယ် သရာ(ဆရာ)”

“အင်း”

“ဒါပေမယ့် ရွာမှာ လူတွေက ကျွန်တော့်ကို လေးစားအထင်ကြီးခဲ့ကြတယ်။ ခုတော်လှန်ရေးမှာ အရင်တုန်းကလို စွမ်းစွမ်းတမံ လုပ်နိုင်လိမ့်အုံးမယ် ယုံကြည်ထားကြတာဗျ”

“အင်းး”

“ခုတော့မှ.. ကျွန်တော်…၊ ကျွန်တော့်ရဲ့ အားနည်းချက်တွေ၊ မစွမ်းနိုင်တော့တာတွေ သဘောပေါက်လာခဲ့ရတယ်။ ကျွန်တော် အများနည်းတူ ရှေ့တန်းမလိုက်နိုင်ဘူး။ အခြေခံစစ်ရေး လေ့ကျင့်မှုတွေတောင် မလေ့ကျင့်နိုင်ခဲ့ဘူး။ လမ်းအဝေးကြီး လျှောက်နိုင်တာ တစ်ခုကလွဲရင် အရာရာတိုင်းမှာ ပျော့ညံ့နေခဲ့တာ၊ ကျနော်ဘာမှ မစွမ်းဆောင်နိုင်တော့ဘူး သရာ(ဆရာ)”

“ကျနော် သိပါတယ် ယောက်ဖရယ်”

“ဒါ့ကြောင့်နဲ့တော့ ရွာကိုလည်း မပြန်နိုင်ဘူး။ မစွမ်းဆောင်နိုင်မဲ့အစား အသေခံဗုံးခွဲလိုက်တော့မယ်လို့ တွေးခဲ့တယ်။ ဘယ်အဖွဲ့ကမှလည်း လက်မခံချင်ဘူး။ ကျွန်တော့်ကို လက်ခံလိုက်လို့ သိက္ခာကျတယ်လို့ မထင်တာ သရာဘုဏ်းတစ်ယောက်ပဲ ရှိပါတယ်၊ PDFဖြစ်ချင်တဲ့ ကျနော့်စိတ်ကို နားလည်တာဆိုလို့ သရာ(ဆရာ)ပဲရှိပါတယ်ဗျာ”

“ဟုတ်ပြီ.. ဆက်ပြောပါဦး”

ပြောရင်း အရှိန်ရလာဟန်ဖြင့် အာဗြာဟန် မရှက်မကြောက်တော့ဘဲ ဆက်တိုက် ပွင့်ထွက်လာသည်။

“ဒါပေမယ့်ဗျာ၊ ကျွန်တော်က စစ်မတိုက်နိုင်လို့ ထမင်းချက် ဟင်းချက်ပဲလုပ်ရတယ်တဲ့။ သားအရွယ်သမီးအရွယ် ကလေးတွေကြားမှာ ကျွန်တော်ဟာ မိန်းမအလုပ်တွေကိုပဲ လုပ်နေရတယ်။ ကျွန်တော် စွမ်းနိုင်တာလည်း အဲဒီထက်ပိုပြီး ဘာမှ မရှိတော့ဘူး။ လူတိုင်း စစ်ရေးပြ PT လေ့ကျင့်နေချိန် ကျွန်တော်က သူတို့စားဖို့ ထမင်းဟင်းချက်လိုက် အိပ်လိုက်စားလိုက် ကလေးတွေရှေ့သွားရင် ဆုတောင်းလိုက်ပဲ လုပ်နေရတယ်ဗျာ ”

“တိုက်ပွဲထဲမှာကျင့်ရမဲ့ “တိုက်ပွဲထဲမှာကျင့်ရမဲ့ဆောင်ရန်ရှောင်ရန် နယ်မြေအနေအထား တွေကို စိုး​ရိမ်စိတ်နဲ့ နေရသေးတယ်မဟုတ်လား ယောက်ဖ”

“ဟုတ်တယ်။ ခုလို သာယာတဲ့ ညတွေဆို ငယ်တုန်းရွယ်တုန်းအချိန်ကို လွမ်းသလို ကိုယ့်အဖြစ်ကိုယ်လည်း ဝမ်းနည်းတယ်။ စစ်ကြီး ပြီးသွားလို့မှ ကျွန်တော် မသေသေးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့မယ်လို့ပဲ ဆုံးဖြတ်ထားတယ်။ သူရဲကောင်းတစ်ယောက် မဖြစ်ခဲ့ပေမယ့် အသုံးမဝင်တဲ့အဖိုးကြီးလို့လည်း အပြောမခံနိုင်တော့ဘူး။ ရွာကိုလည်း မပြန်ချင်တော့ဘူး။ သူတို့တွေ ပြန်ရောက်ရင် ကျွန်တော့်အကြောင်း ပြောကြတော့မှာ”

“သူတို့တွေ ဆိုတာ ရွာက လူတွေလား”

အာဗြ​ြဟန်က ခေါင်းကို ခပ်သွက်သွက် ညိတ်ပြသည်။မောင်ဘုဏ်းလည်း

“ကျနော် ခင်ဗျားကို ပြောမှာလည်း သူတို့အကြောင်းပဲ ယောက်ဖ”

အာ​ဗြာဟန်၏ မှေးစင်းသော မျက်လုံးများ ဝိုင်းသွားကြသည်။

“မနေ့က ခင်ဗျားနဲ့ တွေ့ပြီး သူတို့ပြန်မယ်လုပ်တော့ ကျနော်နဲ့ တွေ့လိုက်သေးတယ်”

“ဟုတ်လား”

“ကျနော်လည်း မေးစမ်းပြီး ခင်ဗျားအသိတွေမှန်း သိရော ဆိုပါတော့ ယောက်ဖရာ”

“သူတို့.. ဘာပြောသွားကြသေးလဲ ဟင်”

“ခင်ဗျားကိုစောင့်ရှောက်ပါ .. ဆိုတာတွေပေါ့။အသက်လည်းကြီးပြီ ခုထိ စိတ်မလျော့နိုင်သေးဘူး တဲ့ ကျနော်လည်း ပြောလိုက်ပါတယ်”

 

“ကျွန်တော် ရှေ့တန်းလိုက်ချင်လို့ အမြဲပူဆာ နေတဲ့အကြောင်းလား၊ ကျနော် မူးမူးရူးရူးဆိုးသွမ်းတဲ့ အကြောင်းလား သရာ(ဆရာ)”

“သူကသာ ကျွန်တော်တို့ကို ပြန်ဆုံးမရမှာဗျလို့ ပြောလိုက်တယ်။ ခင်ဗျားက ကျနော်တို့အားလုံးရဲ့ ကျေးဇူးရှင် လို့၊ ခင်ဗျားကျေးဇူးတွေ ငါတို့အပေါ် သိပ်များတယ်လို့ ပြောလွှတ်လိုက်တယ်”

“ခင်ဗျာ”

“အေးဗျာ၊ သူတို့လည်း ခင်ဗျားလိုပဲ နားမလည်ကြဘူး။ ဒါပေမယ့် ကျ​နော်ရှင်းမပြလိုက်ဘူး။ သူတို့က အရေးမှ မပါဘဲ။ ရွာကနေပြီး ချီးမွမ်းမယ် ဝေဖန်ကဲ့ရဲ့မယ် လုပ်နေတဲ့သူတွေကို ဘာရှင်းပြစရာ ရှိလဲ”

“ဒါပေမယ့်.. ဘာဖြစ်လို့ အဲလို ပြောလိုက်တာလဲ”

“သူတို့က ခင်ဗျားကို အထင်သေးချင်ကြတယ် မဟုတ်လား။ ခင်ဗျားကိုမိုက်ရူးရဲသမားထင်ကြတယ် မဟုတ်လား

ရွာကျတော့၊ ဟင်.. အာ​ဗြာဟန် PDFရဲဘော်သာ ဆိုတယ်၊ ထမင်းချက်နေရတာပါကွာလို့ ပြောပြီး စကားတင်းဆိုကြမယ် မဟုတ်လား။ တကယ်တမ်း ကျနော်အတွက် မင်းက မရှိမဖြစ်တာ သူတို့ မသိဘူး။ ဒါ့ကြောင့် အဲသလို ပြောလိုက်တာ”

“ကျွန်တော်က မရှိမဖြစ် ဟုတ်လား”

“ဟုတ်တယ်”

“နားမလည်တော့ဘူး၊ ရှင်းပြပါဦး သရာ(ဆရာ)”

“ခင်ဗျားချက်ကျွေးတဲ့ ထမင်းဟင်းတွေ စားပြီး ငါတို့ စစ်တိုက်နိုင်နေတာပဲ။ ခင်ဗျားရဲ့အတွေ့အကြုုံတွေကြောင့် နယ်မြေကျွမ်းကျင်မှုကြောင့် ကျနော်နဲ့ရဲဘော်တွေ ခုထိ အကျအဆုံးနည်းနည်းနဲ့ ရပ်တည်နိုင်တာမဟုတ်လား

ခင်ဗျားသာမရှိရင် ကျနော်တို့ ဘယ်နှရက် ခံမလဲ ပြောစမ်းပါ ယောက်ဖ”

“ဟာဗျာ. ဒါတော့ ကျွန်တော် မရှိလည်း တခြားသူတစ်ယောက် ရှိမှာပဲဟာ”

“အေးလေ၊ ရှိတော့လည်း အဲသည်သူ ကျေးဇူး ကျနော်တို့အပေါ် ထပ်တင်တာပေါ့ဗျာ”

“အင်”

“မင်းက သူရဲကောင်းတစ်ယောက်လို မစွမ်းဆောင်နိုင်ခဲ့ပေမယ့် သူရဲကောင်းတွေကို ခွန်အားတွေ ပေးနေသူအဖြစ် စွမ်းဆောင်နိုင်ခဲ့တာပဲ။ ဒါနဲ့ ကျနော့်အိမ်ကကျွေးတဲ့ ထမင်းကို ဘယ်လိုအရသာရှိလဲ ကျနော်မေ့သွားပြီဗျ။ ခုချိန်မှာ ကျနော်သတိရတာက ကျနော်တို့ ငတ်နေချိန် ခင်ဗျားချက်ကျွေးတဲ့ ထမင်းဟင်းတွေ အလွန်မြိန်ပြီးစားကောင်းတာ ၊ ခင်ဗျားအားပေးစကားတွေကြောင့် အားအင်ပြန်တက်ခဲ့ရတာ၊ ခွန်အားတွေ ပြည့်ဖြိုးလာခဲ့တာတွေပဲ အမှတ်ထင်ထင် ရှိနေတယ်”

အာ​ဗြာဟန် မင်သက်နေ၏ ။

“လူတွေက ခင်ဗျားကို PDFရဲဘော် မဟုတ်ဘူးလို့ ပြောကြတယ် မဟုတ်လား”

အာ​ဗြာဟန် ယောင်ယမ်း ခေါင်းညိတ်၏ ။

“သူတို့နဲ့အတူ ခင်ဗျားကိုယ်တိုင်လည်း pdfရဲဘော် မဖြစ်ဘူးလို့ မြင်တယ် မဟုတ်လား”

“ဟုတ်တယ်လေ၊ ကျွန်တော်က ထမင်းချက်ပဲ။ ရှေ့တန်းထွက်တိုက်နိုင်တဲ့ pdfရဲဘော်မှ မဖြစ်ဘဲ”

“ကျနော်ကတော့ ဒီလို မမြင်ဘူးဗျ.. ရဲဘော်ရ။ ခင်ဗျားက ကျနော့်တပ်အတွက် ရှိသင့်တဲ့ ပံပိုးနိုင်တဲ့ ဉာဏ်ရည်နဲ့ ပြည့်စုံတယ်။အရင်က တပ်ခွဲမှူးရာထူးရှိခဲ့ပေမဲ့ ကျနော့်လက်အောက်မှာ ရဲဘော်အဖြစ် နေနိုင်တဲ့ စိတ်ထားလည်း ရှိတယ်။ အသက်အရွယ်အရ မစွမ်းနိုင်တော့ပေမဲ့ တပ်ဖွဲ့တစ်ခုလုံးအတွက် အသက်တောင်ပေးရဲတဲ့ သတ္တိလည်းရှိတယ်”

အာဗြာဟန်သည် မျက်လုံးထဲမှ မျက်ရည်များ လွင့်စင်သွားအောင် ခေါင်းကို သွက်သွက်ကြီး ညိတ်လိုက်ကာ

“သိပ်လုပ်ရဲတာပေါ့ ဆရာရယ်၊ အရေးကြုံလာရင် သရာ(ဆရာ)တို့အတွက်လိုအပ်လာရင် သေနတ်တွေ ဗုံးတွေအပြည့်နဲ့ ရန်သူတပ်ကြီးထဲလည်း ဝမ်းသာအားရ ပြေးဝင်ပြလိုက်မယ်”

“အဲဒါဆို PDFရဲဘော်တစ်ယောက်ဖြစ်ဖိူ့ လုံလောက်သွားပြီလေ.. ယောက်ဖရဲ့။ကျနော်တို့ ဘယ်သွားသွား ခင်ဗျားကို ထားခဲ့မှာ မဟုတ်ဘူး။ အဲဒီထက် ပိုအရေးကြီးတာက..”

မောင်ဘုဏ်း ထရပ်လိုက်သည်။ သူ့ခြုံလာသည့်စောင် နီစွေးစွေးကြီးက ဝုန်းခနဲ မြည်သွားသလို သူ့ဆံပင် ဖရိုဖရဲကလည်း လေနှင့် လွင့်တက်သွား၏ ။သေနတ်ပြောင်း ​​ က လရောင်ကို ဦးတည်ကာ ဝင်းတောက်ပြောင်လက်။

“ခင်ဗျားမပါဘဲ ကျ​နော်တို့ သွားလို့ မရဘူး။ ခင်ဗျားက ကျနော်တို့ရဲ့ အဓိက ကျောထောက်နောက်ခံ အင်အားပဲ။ ကိုယ့်ကိုယ်ကိုယ် အားမွေးထားစမ်းပါ။ စစ်မတိုက်ရလည်း ဝမ်းနည်းစရာ မရှိပါဘူး။ ရဲဘော်တွေ အမြောက်အမြားကို ခွန်အားပေးသူ ဖြစ်ရတာရော မကောင်းလို့လား”

အာဗြာဟန် ထရပ်လာသည်။ ရှိုက်ခြင်း ငင်ခြင်း လုံးဝ ကင်းမဲ့စွာ။ ဆရာဘုဏ်းက သူ့ပခုံးကို ပုတ်လိုက်ပြန်၍

“မနက်ဖြန်မနက် ဟင်းကောင်းကောင်း ချက်ကျွေး ယောက်ဖ၊ ကျနော်တို့ မသေခင် အရသာရှိရှိလေး ခံစားရအောင် ခင်ဗျားက ချက်ကျွေး ပေးစမ်းပါ”

“စိတ်ချပါ ဗျာ၊ သရာ(ဆရာ) ဘာကြိုက်တယ် ဆိုတာသာ ပြော။ ကျွန်တော် ကြိုးစား ရှာဖွေပြီး ချက်ကျွေးမယ်။ သရာ(ဆရာ)တို့ မနက်ဖြန် ဘာဟင်းစား စားချင်လဲ ”

“ဖြစ်နိုင်ရင်..အကုန်လုံးစားကောင်းမဲ့ဟင်း အဲ.. မသိတော့ဘူးဗျာ၊ ချက်ချင်ရာသာ ချက်ပေတော့၊တစ်ခုပဲ ယောက်ဖ ခင်ဗျားက မရှိမဖြစ်ရဲဘော်ဆိုတာမမေ့နဲ့”

ပြောရင်း ရယ်၍ ကုန်မြင့်ပေါ်မှ ဆင်းသွားသည်။ ငိုက်နေသူရဲ​ဘော်တစ်ဦးက သူ့ကိုမြင်၍ ကမန်းကတမ်း ထရပ်လိုက်သည်ကို မမြင်ဟန်ပြုကာ ရှောင်သွားရင်း အမှောင်ထဲသို့ တိုးဝင်သွားလေသည်။

တောင်ကုန်းထက်မှာတော့ အာဗြာဟန် တစ်ယောက်သာ အထီးတည်း မားမားမတ်မတ် ရပ်လျက်သား။

နွေဦးတော်လှန်ရေးကာလတွင် အာဗြာဟန်ကဲ့သို့ မရှိမဖြစ်ရဲဘော်များ အများအပြားရှိသည်။ စစ်အာဏာရှင်ကို တော်လှန်ရန်အတွက် လက်နက်ကိုင်ဆောင်ခဲ့ချိန်တွင် ကျန်းမာရေးအရသော်လည်းကောင်း အသက်အရသော်လည်းကောင်း ကိုယ်တိုင် ရှေ့တန်းမထွက်နိုင်သော်လည်း ကျရာနေရာ ရရာတာဝန်များကို ခွဲဝေထမ်းဆောင်နေကြသည်။ သူတို့သည် စစ်ဝတ်စုံကြီး အပြည့်အစုံဝတ်ဆင်ကာ သေနတ်ကြီးကျောတွင် လွယ်ပိုးပြီးနောက် လူမှုကွန်ရက်များတွင် လူကြိုက်များစေမည့် ဓာတ်ပုံများအား ရိုက်မတင်တတ်ကြ သို့သော် ၎င်းတို့အားလုံးသည် နွေဦးတော်လှန်ရေး၏ မရှိမဖြစ် ရဲဘော်များသာ ဖြစ်ကြောင်း ယခုဆောင်းပါးဖြင့် ဂုဏ်ပြု ဖော်ပြလိုက်ပါသည်။


View the original