Statement 637 Views

အိတ်ဖွင့်ပေးစာ – ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် မြန်မာပြည်သူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် တိကျခိုင်မာသော ခြေလှမ်းများ လှမ်းရမည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လိုလားသော မြန်မာပြည်သူများ၏ဆန္ဒကိုလည်း တိုးမြှင့်၍ ထောက်ခံပံ့ပိုးရမည်

March 1st, 2023  •  Author:   161 Organizations  •  5 minute read
Featured image

သို့

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများ

မိတ္တူ – ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး

၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့

အိတ်ဖွင့်ပေးစာ – ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် မြန်မာပြည်သူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် တိကျခိုင်မာသော ခြေလှမ်းများ လှမ်းရမည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လိုလားသော မြန်မာပြည်သူများ၏ဆန္ဒကိုလည်း  တိုးမြှင့်၍ ထောက်ခံပံ့ပိုးရမည်

လေးစားရပါသော ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UN Human Rights Council – UNHRC) အနေဖြင့် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးအတွက် မြန်မာပြည်သူများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီအား လိုလားတောင့်တသည့် ၎င်းတို့၏ ဆန္ဒများကို ခိုင်မာစွာ ထောက်ခံပံ့ပိုးပေးရန် အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၁၆၀ ဖွဲ့တို့က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးရမည့် အရေးကြီးအစီအစဥ်တစ်ခုအဖြစ် အသိအမှတ်ပြုသည့် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဆုံးဖြတ်သည့် UNHRC ၏ ဆုံးဖြတ်ချက်ကို မိမိတို့မှ ကြိုဆိုပါသည်။ သို့သော် ယင်းဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ၏ ပြင်းထန်ဆိုးရွားမှုကို လုံလုံလောက်လောက် ထင်ဟပ်မှု မရှိခြင်း သို့မဟုတ် ဖြေရှင်းနိုင်ခြင်း မရှိသည်ကို မိမိတို့မှ မြင်တွေ့ရသည်။ ယင်းဆုံးဖြတ်ချက်သည် တရားမျှတမှု ဖော်ဆောင်ရန်နှင့် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်မှ ရရှိနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အဆုံးသတ်ရန်အတွက် ပျက်ကွက်ခဲ့သည်။ UNHRC အနေဖြင့် ၎င်း၏ ၅၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီကို လိုလားသော မြန်မာပြည်သူတို့၏ စိတ်ဆန္ဒကို ထင်ဟပ်သော၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး တို့အတွက် ဖြစ်နိုင်ခြေရှိသည့် ယန္တရားများနှင့် လမ်းကြောင်းများ အားလုံးကို ရှာဖွေမည့်၊ နှင့် ရှေ့တန်းမြေပြင်တွင် ထိရောက်စွာ လုပ်ဆောင်နေသော ဒေသခံပြည်သူများ ဦးဆောင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တိုးမြှင့်ပေးမည့် အနှစ်သာရရှိရှိ ခိုင်မာအားကောင်းသည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးရန် မိမိတို့မှ တောင်းဆိုသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ UNHRC ၏ လေ့လာစောင့်ကြည့်ရေးနှင့် အစီရင်ခံတင်ပြရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာမှာ ခိုင်မာအားကောင်းနေသေးသော်လည်း တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးတို့အတွက် အားထုတ်မှုကိုမူ ပိုမိုခိုင်မာအားကောင်းစေရေး အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေသည်။ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (IIFFMM) ၏ တွေ့ရှိချက်များနောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံအတွင်း အဆိုးရွားဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုများ အတွက် သက်သေအထောက်အထားများကို ကောက်ယူ၍ အနာဂတ်တွင် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုနိုင်ရန် အချက်အလက်နှင့် သက်သေများကို ပြင်ဆင်ထားပေးမည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် မှန်ကန်အရေးကြီးသော ဦးတည်ချက်ခြေလှမ်းတစ်လှမ်း ဖြစ်သည်။ သို့သော် IIMM သည် တရားစွဲဆိုမှုများ လုပ်ဆောင်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာ မရှိသည့်အတွက် ရိုဟင်ဂျာလူမျိုးသုဥ်း သတ်ဖြတ်မှု အပါအဝင် ယန္တရားကို ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၂၀၁၈ ခုနှစ်မတိုင်ခင်က ကျူးလွန်ထားသော ဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှုများအတွင်းမှ မြေစာပင်ဖြစ်ခဲ့ရသူများအတွက် တရားမျှတမှု ဆောင်ကြဥ်းပေးရန် ခဲယဥ်းစေသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကျူးလွန်ထားသော ရာဇဝတ်မှုများအားလုံးအပေါ် စုံစမ်းစစ်ဆေးသည့် နိုင်ငံတကာတရားရုံး တစ်ရုံးမျှပင် ရှိမနေသေးပေ။

ထို့အပြင် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံအရေးအတွက် အနှစ်သာရမရှိသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ၏ ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂပဋိညာဥ် အခန်း ၇ အရ ကောင်စီ၏ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် သို့မဟုတ် မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့မှုအပေါ် မိမိတို့မှ လွန်စွာစိတ်ပျက်ရကြောင်း ထပ်မံပြောကြားလိုက်သည်။

UNHRC သည် အထောက်အထားစုဆောင်းရုံသက်သက် လုပ်ဆောင်နေခြင်းထက် ကျော်လွန်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) နှင့် UNSC တို့ကို မြန်မာနိုင်ငံအခြေအနေအား ICC သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ဖွဲ့စည်းထားသည့် အထူးခုံရုံးတစ်ခုသို့ လွှဲပြောင်းပေးရေးအတွက် တောင်းဆိုခြင်း အားဖြင့် မြန်မာနိုင်ငံတွင် တရားမျှတမှု အမှန်တကယ် ဖော်ဆောင်လာနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ထိုသို့ဖော်ဆောင်နိုင်ရေးအတွက် အရေးကြီး ခြေလှမ်းတစ်ခုဖြစ်သော ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံ၏ ပိုင်နက်နယ်နိမိတ်အတွင်း ကျူးလွန်ခဲ့သော နိုင်ငံတကာရာဇဝတ်မှု များနှင့်ပတ်သက်၍ ရောမစာချုပ် အပိုဒ် ၁၂(၃) အရ ICC ၏ တရားစီရင်မှုကို ခံယူမည်ဟု ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ကြေညာချက်ကို ကြိုဆိုရန်လည်း UNHRC ကို မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။ နောက်ဆုံးအချက်အနေဖြင့် UNHRC မှ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အေဂျင်စီများနှင့် ယန္တရားများကို အာဂျင်တီးနားဂျာမနီအင်ဒိုနီးရှားနှင့် တူရကီနိုင်ငံ တို့တွင် လက်ရှိဆောင်ရွက်နေသည့် နိုင်ငံတကာတရားစီရင်ခွင့်အတွက် ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် နည်းပညာအရ အထောက်အကူများ ပံ့ပိုးကူညီပေးရေး အကြံပြုပေးရန်လည်း မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

မြန်မာနိုင်ငံအတွင်း တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး လုပ်ဆောင်နိုင်ခြင်းသည် ကမ္ဘာ့အဆိုးယုတ်ဆုံး ရာဇဝတ်မှုများ၏ မြေစာပင်ြဖစ်ရသူများအတွက် တရားမျှတမှုကို ဖော်ဆောင်ပေး ခြင်းပင် ဖြစ်သည်။ ထိုနည်းတူစွာပင် တရားမျှတမှု ရရှိရေးကို  ဖော်ဆောင်ပေးခြင်းသည် အရှေ့တောင် အာရှဒေသအထိ သက်ရောက်မှုရှိသော “နိုင်ငံတစ်ခု၏ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့၏ အသွင်သဏ္ဌာန်များကို (ပြန်လည်ဖော်ဆောင်ပေးခြင်း)” ဖြစ်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သော ၂၂ လတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက်ငါးရပ်ကို (5PC) ကို မြန်မာစစ်အုပ်စုက လုံးလုံးလျားလျား အလေးမထားဘဲ ပျက်ပြားစေရန် လုပ်ဆောင်နေသည့်အပေါ် ကုလသမဂ္ဂမှ မဆိုင်သလိုနေနေသည့်အတွက် မိမိတို့မှ စိုးရိမ်ထိတ်လန့်ရပါသည်။ UNSC ၏ ဆုံးဖြတ်ချက်တွင် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည် ဖော်ရန် တောင်းဆိုထားသကဲ့သို့ အာဆီယံကိုယ်၌ကလည်း ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကုလသမဂ္ဂမှ ကူညီပံ့ပိုးပေးရန်အတွက်လည်း ရှင်းရှင်းလင်းလင်း မေတ္တာရပ်ခံထားပြီး ဖြစ်သည်။ ထို့ကြောင့် ကုလသမဂ္ဂသည် အာဆီယံ၏နောက်တွင် ဆက်လက်ပုန်းအောင်းနေရန် မသင့်တော့ပေ။ သို့ဖြင့် UNHRC သည် NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (Ethnic Revolutionary Organizations – EROs)၊ အရပ်ဘက်လူထုအဖွဲ့ အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်မှုများအပေါ်တွင် အခြေခံပြီး အာဆီယံအား ၎င်း၏ ကျရှုံးနေသောအစီအစဥ်ကို ကျော်လွန်၍ လုပ်ဆောင်လာစေရန် ခိုင်မာစွာ အကြံပြုတိုက်တွန်းရမည် ဖြစ်သည်။ စစ်အုပ်စုမှ UNSC ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်နေသည့်အတွက် UNSC မှ ထိရောက်သည့် အပြစ်ပေးမှု အစီအမံများ ချမှတ်ခြင်း အပါအဝင် ဖြစ်နိုင်သမျှ လမ်းကြောင်းနှင့် ယန္တရားများအားလုံးကို အသုံးပြုရန် UNHRC အနေဖြင့် တိုက်တွန်းရမည် ဖြစ်သည်။

စစ်အုပ်စုသည် လွန်ခဲ့သောနှစ်နှစ်အတွင်းတွင် တရားကျေလက်လွတ်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် လိင်စိတ်ခံယူမှု ကွဲပြားမှုအပေါ်အခြေပြုသော အကြမ်းဖက်မှုများကို ကျူးလွန်ခြင်း၊ လူပေါင်းများစွာကို စိတ်ထင်သလိုဖမ်းဆီးခြင်း၊ အကျဥ်းချထားစဥ် အတွင်း ညှဥ်းပန်းနှိပ်စက်ခြင်းနှင့် အခြားဆိုးရွားလှသည့် ချိုးဖောက်မှုများကို မြန်မာနိုင်ငံရှိ အရပ်သား ပြည်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်နေခဲ့သည်။ ကျရှုံးနေသော အာဏာလုယူရေး ကြိုးပမ်းမှုနောက်ပိုင်းတွင် စစ်အုပ်စုသည် လူပေါင်း ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး နောက်ထပ်သော ၁၄၄ ဦးကိုလည်း သေဒဏ်ချမှတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူလေးဦးကို ရက်စက်စွာ သေဒဏ်ပေးသတ်ဖြတ်ခဲ့ခြင်းသည် “လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုအထိ မြောက်နိုင်သည်” ဟု IIMM က ဖော်ပြထားသည်။ ယင်းသတ်ဖြတ်မှုကို ရှုတ်ချခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီတို့၏ ထုတ်ပြန်ကြေညာချက်များကို မိမိတို့မှ ကြိုဆိုလိုက်ပြီး UNHRC အနေဖြင့်လည်း ဤသို့အခိုင်အမာ လိုက်လံဆောင်ရွက်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

အသိသာထင်ရှားဆုံးအနေဖြင့် စစ်အုပ်စုသည် ကျောင်းများဆေးဘက်ဆိုင်ရာ အထောက်အကူ ပေးရေး ယာဥ်/ဌာနများနှင့် သာသနိကနယ်မြေများ အပါအဝင် နေရာအနှံ့အပြား၌ အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို အစဥ်တစိုက် လုပ်ဆောင်နေခဲ့သည်။ စစ်အုပ်စုသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းကျေးရွာရှိ ကျောင်းတစ်ကျောင်းမှ ကလေးငယ် ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး နောက်တစ်လခန့်အကြာတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် အပြစ်မဲ့ အရပ်သားပြည်သူ ၆၀ ကျော်ကိုလည်း သတ်ဖြတ်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၆ ရက်နေ့တွင်လည်း စစ်အုပ်စု၏ တိုက်လေယာဥ်များက ကရင်ပြည်နယ်၊ မူတြော်ခရိုင်အတွင်း ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ ဆန်ဂိုဒေါင်နှစ်လုံးနှင့် ကရင်ကျောင်းသားများကို အဆင့်မြင့်ပညာရေး သင်ကြားပို့ချ ပေးနေသည့် ၁၀ နှစ်ကျော်ကြာ သက်တမ်းရှိသည့် New Generation ကျောင်း အပါအဝင် ကျောင်း ခုနစ်လုံး ပျက်စီးသွားခဲ့သည်။ UNHRC သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကျပ်အတည်း၏ ပြင်းထန်မှုမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများပင်မြောက်နေပြီ ဖြစ်ကြောင်း တိတိကျကျ အသိအမှတ်ပြုရမည် ဖြစ်သည်။ ထို့ပြင် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ကန့်ကွက်ရှုတ်ချကာ လက်နက်၊ ခဲယမ်းနှင့် အခြားအသုံးအဆောင်ပစ္စည်းများ အပါအဝင် စစ်ဘက်ဆိုင်ရာ အထောက်အပံ့ပေးခြင်း တို့အားလုံး အကျုံးဝင်သည့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တားဆီးရေးအတွက် တောင်းဆိုပြီး မြန်မာနိုင်ငံသို့ လက်နက်နှင့် လေယာဥ်ဆီကို တိုက်ရိုက်၍ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တင်ပို့ရောင်းချခြင်းနှင့် အကျိုးဆောင်ပေးခြင်းတို့ကို ဆိုင်းငံ့ရန်လည်း အဖွဲ့ဝင်နိုင်ငံများအား အကြံပြု တိုက်တွန်းရမည်။

ကုလသမဂ္ဂသည် လက်နက်ကိုင်ပဋိပက္ခအတွင်းရှိ ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ရေးကို သေချာစွာ လုပ်ဆောင်ရမည့် တာဝန်ရှိသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ၎င်း၏သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်တွင် “ကလေးသူငယ်များ အပေါ် စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုသည် … မြန်မာပြည်သူမျာအပေါ် လက်ရှိ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ လုပ်ဆောင်နေသော တိုက်ခိုက်မှုများ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သောရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအထိ မြောက်နိုင်ဖွယ် ရှိသည်” ဟု ဖော်ပြခဲ့သည်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁.၂ သန်းကျော်ရှိနေပြီး လူပေါင်း ၇၂,၀၀၀ ကျော်သည် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ဘေးကင်းရာ ခိုလှုံနေကြရသည်။ UNHRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြီး ဖြစ်လာစေရန် ဖန်တီးပြီး ပိုမိုဆိုးရွားလာစေရန်လည်း အဓိကလုပ်ဆောင်နေသည့် စစ်အုပ်စုကို ပြစ်တင်ရှုတ်ချရမည် ဖြစ်သည်။ စစ်အုပ်စုက ဥပဒေနှင့်မညီသည့် အရေးပေါ်အခြေအနေကို သက်တမ်းတိုးပြီး ခုခံတော်လှန်စစ်အားကောင်းသည့် နောက်ထပ်မြို့နယ် ၃၇ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ထပ်မံတိုးချဲ့လိုက်ခြင်းက ၎င်း၏ ရက်စက်ကြမ်းကြုတ်သော ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စွာ အရှိန်မြှင့်လာမည်ကို ဖော်ပြနေခြင်း ဖြစ်သည်။

ကုလသမဂ္ဂအေဂျင်စီများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူသားချင်းစာနာ ထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝမ်းနည်းဖွယ်ရာ အခြေအနေများ၏ အကြောင်းခံရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းပြီး ထိုအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန်အတွက် မည်သည့် “အပြန်အလှန် ဖြည့်စွက်ထောက်ကူ သည့်အလုပ်” ကိုမျှ မဆောင်ရွက်နိုင်ဘဲ ဆက်လက်ပျက်ကွက် နေသည့်အတွက် ကုလသမဂ္ဂအနေဖြင့် ၎င်း၏ ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ ပျက်ကွက်မှုများကို ပြောင်းပြန်လှန်ပစ်ရမည် ဖြစ်သည်။ ပို၍ပင်အရေးအကြီးသည့်အချက်မှာ ကုလသမဂ္ဂအနေဖြင့် စစ်အုပ်စုက လူသားချင်းစာနာမှု အကူအညီများအား လက်နက်သဖွယ် အသုံးချခွင့်ရနေခြင်းကို ရပ်တန့်ရန်နှင့် ကယ်ဆယ်ရေး အထောက်အပံ့များကို  အကူအညီ လိုအပ်နေသူများထံ တိုက်ရိုက်သေချာစွာရောက်ရှိရေးလုပ်ဆောင်ရန် မိမိတို့မှ တောင်းဆိုသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ ဘေးဒဏ်သင့် လူမှုအသိုင်းအဝိုင်းများကို အကူအညီနှင့်ဝန်ဆောင်မှုများ ပံ့ပိုးပေးနေသည့် တိုင်းရင်းသားဒေသနှင့် နယ်စပ်အခြေစိုက် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ NUG နှင့် ERO များနှင့် တွဲဖက်လုပ်ကိုင်ဆောင်ရွက်ရန် ကုလသမဂ္ဂက ၎င်း၏အေဂျင်စီများကို ညွှန်ကြားထားရမည်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အခြားကူညီထောက်ပံ့မှု ပေးနေသူများမှ ဤသို့လုပ်ဆောင်ရန် အတွက်ကိုလည်း စည်းရုံးလှုံ့ဆော်ရမည် ဖြစ်သည်။

စစ်အုပ်စုမှ ဆက်လက်ကျူးလွန်နေသော ရက်စက်ကြုမ်းကြုတ်မှုများက ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရသော သို့မဟုတ် စိတ်မချမ်းမြေ့ဖွယ် အခြေအနေတွင် နေထိုင်နေကြရသော ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများအတွက် လုံခြုံမှုရှိပြီး မိမိဆန္ဒအအလျောက် ဂုဏ်သိက္ခာရှိစွာြဖင့် ရေရှည်တည်တံ့သည့် နေရပ်ပြန်နိုင်ရန်အတွက် ကြီးမားသော အဟန့်အတားများ ဖြစ်စေသည်။ UNHRC အနေဖြင့် ဤအရှိတရားကို အသိအမှတ်ပြုရမည် ဖြစ်သကဲ့သို့ ဂမ်ဘီယာနိုင်ငံက လူမျိုးသုဥ်းသတ်ဖြတ်မှု ကာကွယ်တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ မြန်မာနိုင်ငံကို နိုင်ငံတကာ တရားရုံး (ICJ) ၌ တရားစွဲဆိုထားသည့်အမှုတွင် မြန်မာဘက်က တင်သွင်းသည့် ကနဦးကန့်ကွက်ချက်ကို တရားရုံးက ပယ်ချရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကြိုဆိုထောက်ခံရမည် ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂသည် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များကိုသာမက မြန်မာနိုင်ငံမှ ဒုက္ခသည်များအားလုံးကို အတင်းအကျပ် နေရပ်ပြန် မပို့ရေး မူဝါဒနှင့်အညီ စီမံဆောင်ရွက်ရေး သေချာစေရန် လုပ်ဆောင်သင့်သည်။

လက်ရှိအကျပ်အတည်း ရင်ဆိုင်နေရချိန်တွင် မြန်မာပြည်သူများ၏ အသံများကို ကုလသမဂ္ဂတွင် ကိုယ်စားပြုနိုင်ရန် အလွန်ပင်အရေးကြီးပါသည်။ ၅၀ ကြိမ်မြောက် UNHRC အစည်းအဝေး၌ ကုလသမဂ္ဂ မဟာမင်းကြီး၏  နှုတ်ဖြင့်တင်ပြချက်နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ကြေညာချက် များတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့သည့် အာဏာသိမ်းရေး ကြိုးပမ်းမှုကို တိကျမှန်ကန်စွာ အသိအမှတ်ပြု ဖော်ပြခဲ့ခြင်းကို မိမိတို့မှ ကြိုဆိုသည်။ ထို့အပြင် မြန်မာအရပ်ဘက်လူထု အသိုင်းအဝိုင်းများ၏ တစ်စုတစ်စည်းတည်းသေ ာတောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် ၄၇ ကြိမ်မြောက် UNHRC ပုံမှန်အစည်းအဝေးမှစ၍ စစ်အုပ်စု၏ကိုယ်စားလှယ်ကို အစည်းအဝေးများမှ ဖယ်ချန်ထားရန် ဆုံးဖြတ်ခဲ့သည် အချက်ကိုလည်း မိမိတို့မှ ကြိုဆိုခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် UNHRC သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၌ ပြသခဲ့သော မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျဆန္ဒနှင့် တရားဝင်အစိုးရ NUG ကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနေရာကို ရယူလိုသည့် စစ်အုပ်စု၏ ကြိုးပမ်းမှုကို ရှင်းရှင်းလင်းလင်း ပယ်ချသည့်အနေဖြင့် UNGA က မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားပြုမှုနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ချမှတ်ရန် ရွှေ့ဆိုင်းခဲ့ပြီး NUG အစိုးရကို သံအမတ်ကြီး ဦးကျော်မိုးထွန်းမှတစ်ဆင့် UNGA တွင် မြန်မာပြည်သူလူထုကို ဆက်လက်၍ ကိုယ်စားပြုခွင့်ပေးသည်။ ယင်းက UNHRC နှင့် ဂျီနီဗာမြို့ရှိ အခြားသော ကုလသမဂ္ဂရုံးများကလည်း လိုက်လုပ်သင့်သည်။ UNGA သို့ တက်ရောက်နေသော မြန်မာကိုယ်စားလှယ်ကို UNHRC ၏ ၅၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖယ်ချန်ထားခြင်းသည် ရှေ့နောက်ညီညွတ်မှုမရှိဘဲ မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားပြုမှုကို တားဆီးပိတ်ပင်ထားခြင်းပင် ဖြစ်သည်။

စစ်အုပ်စုသည် တရားဝင်မှု မရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အခြေပြုမှု မရှိခြင်းနှင့် နိုင်ငံအတွင်း နယ်မြေပိုင်နက်များကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်စွမ်း မရှိသည်ကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်သော်လည်း စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကို တရားမဝင် ပြုလုပ်ရန် ကြံစည်နေသည်ဖြစ်ရာ UNHRC အနေဖြင့် ယင်းကဲ့သို့သော အစီအစဥ်များကို အတိအလင်း ရှုတ်ချပြီး ဖြစ်ပေါ်လာနိုင်ခြေရှိသည့် မဲရလဒ်များကိုလည်း တရားမဝင်အဖြစ် သတ်မှတ်ရမည် ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် မြန်မာပြည်သူလူထု၏ စစ်မှန်သောဆန္ဒကို ထင်ဟပ်ပြသနေပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH)၊ NUG နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) တို့ ဖွဲ့စည်းပေါ်ပေါက် လာစေရန်လည်း အုတ်မြစ်ချပေးခဲ့ပြီး ဖြစ်သည်။

UNHRC သည် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီနည်းကျ ဆန္ဒများကို အပြည့်အဝထောက်ခံကာ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးတို့ကို ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ဒေသခံပြည်သူများ ဦးဆောင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အားကောင်းလာစေရေးကို လုပ်ဆောင်ရမည် ဖြစ်သည်။ ယင်းသို့ဖြစ်ရန်အတွက်လည်း UNHRC သည် ဖြစ်နိုင်သမျှ လမ်းကြောင်းများ အားလုံးမှတစ်ဆင့် တရားမျှတမှု အမှန်ရရှိလာစေရန်အတွက် သုံး၍ရနိုင်သမျှသော နည်းလမ်းများကို အသုံးပြုလုပ်ဆောင်ကြရန် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းဆော်သြရမည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ အကြံပေးဘုတ်အဖွဲ့ ဥက္ကဌနှင့် တည်ထောင်သူ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org
  • Zee Pe၊ ဒါရိုက်တာ၊ အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့၊ zp@athanmm.org
  • Salai Za Uk Ling၊ လက်ထောက်အမှုဆောင်ဒါရိုက်တာ၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ zauk@chinhumanrights.org
  • Ahmed Adam, Programme Manager, UN Advocacy, Asian Forum for Human Rights and Development (FORUM-ASIA), una@forum-asia.org

 

ပါဝင်လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ

  1. 8888 Generation (New Zealand)
  2. Action Against Myanmar Military Coup
  3. Action Committee for Democracy Development
  4. Active Youths (Kalay)
  5. Ah Nah Podcast, Ireland – conversations with Myanmar
  6. All Arakan Students’ and Youths’ Congress
  7. All Burma Democratic Front in New Zealand
  8. All Burma Indigenous People Alliance (ABIPA)
  9. ALTSEAN-Burma
  10. Anti-Junta Mass Movement – AJMM
  11. ASEAN Youth Forum (AYF)
  12. Asia Democracy Network (ADN)
  13. Asian Dignity Initiative
  14. Asian Forum for Human Rights and Development (FORUM-ASIA)
  15. Assistance Association for Political Prisoners
  16. Association of Human Rights Defenders and Promoters
  17. Association Suisse-Birmanie
  18. Athan – Freedom of Expression Activist Organization
  19. Auckland Kachin Community NZ
  20. Auckland Zomi Community
  21. Aung San Suu Kyi Park Norway
  22. Back Pack Health Worker Team
  23. Burma Action Ireland
  24. Burma Campaign UK
  25. Burma Human Rights Network
  26. Burma Medical Association
  27. Burma Support
  28. Burma Task Force
  29. Burmese Community Group (Manawatu, NZ)
  30. Burmese Rohingya Organisation UK (BROUK)
  31. Burmese Rohingya Welfare Organisation New Zealand
  32. Burmese Women’s Union
  33. Cambodian Americans and Friends for Democracy and Human Right Advocate, CA
  34. Campaign for a New Myanmar
  35. Chin Community in Norway
  36. Chin Community of Auckland
  37. Chin Human Rights Organization
  38. CIVICUS: World Alliance for Citizen Participation
  39. Commission for the Disappeared and Victims of Violence (KontraS)
  40. Courage Fund Cambodia
  41. CRPH & NUG Supporters Ireland
  42. CRPH Funding Ireland
  43. CRPH Support Norway
  44. Democracy for Ethnic Minorities Organization
  45. Democracy, Peace and Women’s Organization
  46. Democratic Party for a New Society, Norway
  47. Dhanu Youth Organization
  48. Doh Atu – Ensemble pour le Myanmar (France)
  49. Educational Initiatives Prague
  50. Equality Myanmar
  51. Federal FM (Mandalay)
  52. Federal Myanmar Benevolence Group (NZ)
  53. Finland-Myanmar Association
  54. Foundation of Khmer Samaki, CA
  55. Free Burma Campaign (South Africa)
  56. Future Light Center
  57. Future Thanlwin
  58. Gandhi Development Trust
  59. Generation Wave
  60. German Solidarity with Myanmar Democracy eV
  61. Global Myanmar Spring Revolution
  62. Grass-root People
  63. Helping Hands for Burma (H2B) New York
  64. Human Rights Foundation of Monland
  65. Info Birmanie
  66. Initiatives for International Dialogue
  67. Institute for Asian Democracy
  68. International Association, Myanmar-Switzerland (IAMS)
  69. International Campaign for the Rohingya
  70. Justice For Myanmar
  71. Kachin Association Norway
  72. Kachin Women’s Association Thailand
  73. Karen Human Rights Group
  74. Karen Peace Support Network
  75. Karen Society Finland
  76. Karen Women’s Organization
  77. Karenni Association – Norway
  78. Karenni Civil Society Network
  79. Karenni National Women’s Organization
  80. Karenni Society New Zealand
  81. Kayan Women’s Organization
  82. K’cho Ethnic Association
  83. Keng Tung Youth
  84. Kyaukse University Students’ Union
  85. Kyauktada Strike Committee
  86. La Communauté BIRMANE de France
  87. Let’s Help Each Other
  88. Los Angeles Myanmar Movement (LA2M)
  89. Mandalay Regional Youth Association (MRYA)
  90. Me Boun Foundation
  91. Metta Campaign Mandalay
  92. Minority Affairs Institute – MAI
  93. Muslim Youth Network
  94. Myanmar Accountability Project
  95. Myanmar Action Group Denmark
  96. Myanmar Anti-Military Coup Movement in New Zealand
  97. Myanmar Baptist Churches in Norway
  98. Myanmar Campaign Network
  99. Myanmar Catholic Community In Norway
  100. Myanmar Community Group Christchurch New Zealand
  101. Myanmar Community Group Dunedin New Zealand
  102. Myanmar Community in Norway
  103. Myanmar Diaspora Group Finland
  104. Myanmar Engineers – New Zealand
  105. Myanmar Gonye (New Zealand)
  106. Myanmar Hindu Community – Norway
  107. Myanmar Muslim Organization – Norway
  108. Myanmar People Alliance (Shan State)
  109. Myanmar Students’ Union in New Zealand
  110. Nelson Myanmar Community Group New Zealand
  111. Netherlands Myanmar Solidarity Platform
  112. Network for Human Rights Documentation Burma (ND-Burma)
  113. New Zealand Doctors for NUG
  114. New Zealand Karen Association
  115. New Zealand Zo Community Inc.
  116. NLD Organization Committee (International) Norway
  117. No Business With Genocide
  118. Norway Falam Community
  119. Norway Matu Community
  120. Norway Rvwang Community
  121. Overseas Mon Association, New Zealand
  122. Padauk
  123. Pa-O Women’s Union
  124. Phoenix Settlement Trust
  125. Progressive Muslim Youth Association
  126. Progressive Voice
  127. Pyithu Gonye (New Zealand)
  128. Rohingya Action Ireland (RAI)
  129. Rohingya Community in Norway
  130. Rvwang Community Association New Zealand
  131. RW Welfare Society (RWWS)
  132. Save and Care Organization for Ethnic Women at Border Areas
  133. Save Myanmar Fundraising Group (New Zealand)
  134. Save Myanmar San Francisco
  135. Save Myanmar USA
  136. SEA Junction
  137. SGDM The Netherland
  138. Shan Community (New Zealand)
  139. Shan MATA
  140. Sitt Nyein Pann Foundation
  141. Southern Dragon Myanmar
  142. Southern Youth Development Organization
  143. Spring Revolution Myanmar Muslim Network
  144. Swedish Burma Committee
  145. Swedish Foundation for Human Rights
  146. Ta’ang Women’s Organization
  147. Ta’ang Legal Aid
  148. Tanintharyi MATA
  149. Thai Action Committee for Democracy in Burma (TACDB)
  150. The European Rohingya Council (ERC)
  151. The Ladies
  152. Thint Myat Lo Thu Myar Organization
  153. S. Campaign for Burma
  154. US Advocacy Coalition for Myanmar (USACM)
  155. With Myanmar (UK)
  156. Women Activists Myanmar
  157. Women’s League of Burma
  158. Women’s Peace Network
  159. Youth for democratization of Myanmar (UDM)
  160. Zomi Christian Fellowship of Norway
  161. Zomi Community Norway

PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ

Read in English