ချစ်ခြင်းမေတ္တာအတွက် အသက်ပေးလိုက်ရတဲ့ PDF စုံတွဲ

February 24th, 2023  •  Author:   Radio Free Asia  •  1 minute read

RFA Burmese | 2023.02.24

ရေစကြိုမြို့နယ် သဲတောရွာမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည့် Southern YSO PDF အဖွဲ့ဝင် ကိုပေနှင့် မချို။ Photo: Southern YSO PDF

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က Southern YSO PDF အဖွဲ့ဝင် ကိုပေနဲ့ မချိုတို့ နှစ်ဦးဟာ လူငယ်သဘာဝ လက်ထပ်ထိမ်းမြားဖို့ မိဘတွေကို သွားရောက်ခေါ်ယူရာကနေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရေစကြိုမြို့နယ် သဲတောရွာမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပါတယ်။

အသက် ၁၉ နှစ်အရွယ် ကိုပေနဲ့ ၂၄ နှစ်အရွယ် မချိုတို့ဟာ စစ်အာဏာသိမ်းမှုကို အတူဆန့်ကျင်ရင်း လူငယ်သဘာဝ ချစ်ကြိုက်ခဲ့တဲ့ တော်လှန်ရေးစုံတွဲ ဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့အလုပ်ကို လုပ်နေရပေမယ့် ငယ်ရွယ်တဲ့ ချစ်သူစုံတွဲတွေရဲ့ သဘာဝ လက်ထပ်ထိမ်းမြားချင် တာကြောင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကို မင်္ဂလာဆောင်မယ့်နေ့ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ကျေးရွာဓလေ့အရ နှစ်ဖက်မိဘ စုံညီချင်တာကြောင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ မိဘတွေကို သွားရောက် ခေါ်ယူရာကနေ မင်္ဂလာပွဲမတိုင်ခင် တစ်ရက်အလို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မိဘတွေနဲ့အတူ သဲတောရွာမှာ ညအိပ်တည်းခိုနေစဉ် စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းတာကို ခံရပြီး အသတ်ခံခဲ့ရတာပါ။

“ကျနော်တို့ ရဲဘော်တွေ ကျသွားတာ ကြေကွဲတယ်၊ ဝမ်းနည်းတယ်၊ ဒီကြေကွဲတယ် ဝမ်းနည်းတယ်ဆိုတဲ့အပေါ်မှာ ကျနော်တို့ သွေးအေးမသွားဘူး၊ သွေးအေးသွားပြီး အလံလည်း လိပ်မသွားဘူး”

မင်္ဂလာရက် သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ဟာ သူတို့နှစ်ဦးရဲ့ နောက်ဆုံး ဈာပနနေ့ ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ကိုပေတို့ ဇနီးမောင်နှံကို အရှင်ဖမ်းဆီး၊ နှိပ်စက်ညှဉ်းပန်းပြီးမှ သတ်ဖြတ်ခဲ့တာလို့ Southern YSO PDF အဖွဲ့ ခေါင်းဆောင် ကိုအောင်မောင်း က ပြောပါတယ်။

“သဲတောကျေးရွာမှာ အဖမ်းခံရတယ် ကိုပေနဲ့ မချိုက။ သူ့ယောက်ျား အဖမ်းခံရလို့ ကျမယောက်ျားပါဆိုပြီး နောက်က လိုက်သွားတယ်။ သေအတူ ရှင်မကွာဆိုတဲ့ သံယောဇဉ် ပုံစံမျိုး။ မိုင်းခွဲတယ်၊ (-) တွေထိတယ်၊ သူတို့ ထွက်ပြေးတယ်။ ကိုပေ ခြေထောက် သေနတ်နဲ့ အပစ်ခံရတယ်။ မချို လွတ်ရာလွတ်ကြောင်း ပြေးနိုင်ပါရဲ့နဲ့ မပြေးဘူး။ မချို ကိုပေအနားမှာ နေတယ်။ ထပ်ပြီးတော့ အဖမ်းခံရတယ်။ ဖမ်းခံ လိုက်ပြီးကာမှ သူတို့ (-) တွေ ကျတဲ့အခါမှာ ကိုပေကို နှိပ်စက်တယ် ရိုက်တယ်၊ နှက်တယ်။ မချိုကိုလည်း ပါးတွေနားတွေ ရိုက်တယ်၊ ကန်တယ်၊ ထိုးတယ်။ လင်မယား နှစ်ယောက်လုံး တအားနှိပ်စက်ခံရတယ်။ ကိုပေ အရင်ဆုံး သေတယ်။ မချိုကိုကျ လည်ပင်းကို ဓားနဲ့လှီးပြီး သတ်သွားတယ်”

တိုက်ပွဲမှာ အရှင်ဖမ်းမိသူတွေကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ မလုပ်ဆောင်ဘဲ နှိပ်စက် ညှဉ်းပန်းပြီးမှ သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

သူတို့နှစ်ဦး အခုလို အဖြစ်ဆိုးနဲ့ မကြုံရခင်ကတည်းက တော်လှန်ရေးသမားဖြစ်တဲ့ ကိုပေရဲ့ ဦးလေးဖြစ်သူ တိုက်ပွဲတစ်ခုမှာ သေဆုံးကတည်းက တော်လှန်ရေးဆက်မလုပ်ဘဲ ရွာကို ပြန်လာပြီး မိဘတွေနဲ့အတူ နေထိုင်ဖို့ မိဘတွေက ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ဦးက လက်မခံဘဲ ဆုံးဖြတ်ထားတဲ့အတိုင်း နှစ်ဦးအတူ တော်လှန်ရေး အလုပ်တွေကို ဆက်လုပ်ရင်း အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာလို့ ကိုပေရဲ့ သူငယ်ချင်းဖြစ်တဲ့ PDF အဖွဲ့ဝင် ကိုအေဘီစီ က ပြောပါတယ်။

“ကျမကလည်း ကျမယောက်ျားသွားတဲ့နောက်ကို လိုက်မှာ။ ကျမယောက်ျားတိုက်ဆို တိုက်မှာ။ ကျမ ယောက်ျား သေဆို သေမှာ၊ သူတို့က အဲလို ရဲဘော်တွေဗျ။ နောက်တော့ ကိုပေက လူငယ်ဗျာ။ ကလေး ဆိုတော့ မချိုထက် တအားငယ်တယ်။ ငယ်တဲ့အချိန်မှာ ကိုပေက တအားဆိုးတယ်။ ဆိုးတဲ့အချိန်မှာ မချိုက သူ့ယောက်ျား ဘာလုပ်လုပ် ဘာမှ မငြိုငြင်ဘဲနဲ့ နောက်ကနေတာ။ တိုက်ပွဲမှာလည်း မချိုက တိုက်ပွဲလည်း လိုက်တယ်။ သူတို့နှစ်ယောက်က ဘယ်လိုပြောရမလဲ တအားချစ်ကြတယ်။ တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာတဲ့ စုံတွဲဆိုတော့လည်း တအား ကြည်ကြည်နူးနူး နေတယ်ဗျ၊။ ဖြစ်သွား တဲ့ ဖြစ်စဉ်မှာတောင်  (-) တွေက မချိုကို ထားခဲ့တာ။ အဲဒါကို မချိုက ထားခဲ့တောင်မှ ကိုပေကိုချစ်လွန်းလို့ ကိုပေနဲ့ နှစ်ယောက်အတူတူ သေမယ်ဆိုတဲ့ ပုံစံနဲ့ပေါ့ဗျာ ကိုပေနောက်ကို လိုက်သွားတာ”

ကိုအေဘီစီနဲ့ ကိုပေက ရေစကြိုမြို့နယ်မှာ လက်နက်ကိုင်တော်လှန်ရေး စတင်ကတည်းက သိကျွမ်းခဲ့တာမို့ ရဲဘော်ရဲဘက်လို ညီရင်းအစ်ကိုလို ချစ်ခင်ရင်းနှီးသူတွေပါ။

သူတို့နှစ်ဦးကို ဖမ်းမိစဉ်က ချစ်သူစုံတွဲမှန်း စစ်ကောင်စီက မသိခဲ့ပေမယ့် မချိုက နောက်က ထက်ကြပ်မကွာ လိုက်သွားခဲ့သလို ကိုပေ ကလည်း သူ ကိုယ်လွတ်ရုန်းထွက်ရင် လွတ်မြောက်နိုင်မှန်း သိပေမယ့် မချိုနဲ့ မိဘတွေ အဖမ်းခံရမှာကို စိုးရိမ်တာကြောင့် ပြန်စောင့်ခေါ်ချိန်မှာ နှစ်ယောက်လုံး အဖမ်းခံလိုက်ရတာပါ။

အချိန်ကြာလာတာနဲ့အမျှ ခုခံတော်လှန်တဲ့ လူငယ်တွေ သေဆုံးတဲ့ အဖြစ်မျိုးက ကာကွယ်ရေးတပ်ဖွဲ့တိုင်းမှာ ရှိနေပေမယ့် လက်နက်ချ အရှုံးပေးမှာ မဟုတ်ဘူးလို့ ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ကိုကျီးကန်း က ပြောပါတယ်။

“ဒါကတော့ သူတို့ကတော့ လုပ်ရိုးလုပ်စဉ်ပဲ။ အခု အသတ်ခံရတဲ့ နှစ်ယောက်ကလည်း အခြားနေရာမှာ မိပြီး တော့ သူတို့ကို စခန်းကို လိုက်ပြခိုင်းတော့မှ အသတ်ခံရတာလို့ ကျနော်တို့ ကြားတယ်။ ကျနော်တို့ ရဲဘော်တွေ ကျတာကတော့ မထူးဆန်းတော့ဘူးလေ။ သူများအဖွဲ့က ကျတာတွေ ရှိတယ်။ ကျနော်တို့ အဖွဲ့ထဲကလည်း ကျတာတွေ ရှိတယ်ဆိုတော့ သိပ်ပြီးတော့ မထူးဆန်းတော့ပါဘူး၊ ဒါပေမဲ့ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်ရမှာပဲ။ ထိုင်ပြီး ဝမ်းနည်းနေလို့မှ မရတာ။ ဘယ်လိုပဲ အလင်းဝင်တယ် ပြောပြော ရှင်းရှင်းပြောရရင် ကျနော်တို့က အပျော်လာကြတာ မဟုတ်ဘူးလေ။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လာကြ တာဆိုတော့ အလင်းဝင်ဖို့ကလည်း မရှိသလောက် ရှားတယ်။ ဝင်မှာလည်း မဟုတ်ဘူး။ ဒီတော်လှန်ရေး ပြီးတဲ့အထိ ဆက်တိုက်ကြမှာပဲ” စစ်ကောင်စီတပ်က Southern YSO PDF အဖွဲ့ဝင် ကိုပေတို့ နှစ်ဦးကို သတ်ဖြတ်ပြီး သူတို့စခန်းကို စီးနင်းခဲ့ တာကြောင့် တဲ ခြောက်လုံးနဲ့ ကားတစ်စီး အပါအဝင် စစ်လက်နက်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ၊ ဆိုလာပြားတွေ၊ အင်ဗာတာတွေနဲ့ ဆိုင်ကယ်တွေ ဆုံးရှုံးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ရေစကြိုမြို့နယ်က Southern YSO PDF အခြေစိုက်စခန်းငယ်အား တွေ့ရစဉ်။ (Photo: Southern YSO PDF)
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ရေစကြိုမြို့နယ်က Southern YSO PDF အခြေစိုက်စခန်းငယ်အား တွေ့ရစဉ်။ (Photo: Southern YSO PDF)

ကိုပေတို့ နှစ်ဦးကို အရှင်ဖမ်းမိပြီးမှ သတ်ဖြတ်ခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့ အမည်ကို အတိအကျ မသိရသေးပေမယ့် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)၊ ရေစကြိုအခြေစိုက် ခလရ (၂၅၇) နဲ့ (၂၅၈) တို့ အဲဒီနယ်မြေတစ်ဝိုက်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် အစောပိုင်းကာလတွေက အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ကိုပေဟာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပေမယ့် အကြမ်းဖက်ဖြိုခွင်းခံရတာကြောင့် မြင်းခြံ တလုတ်တိုက်ပွဲကစပြီး လက်နက်ကိုင် တော်လှန်ခဲ့တာပါ။ မချို ကလည်း အဲဒီအဖွဲ့ မှာပဲ သင်တန်းတက်ရင်း ကိုပေနဲ့ တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြတာပါ။

မချိုက သင်တန်းမှာ အမျိုးသားတွေနဲ့ တန်းတူ ရင်ပေါင်တန်း အပင်ပန်းခံနိုင်ပြီး စစ်လက်နက်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးတဲ့ သတ္တိရှိတဲ့ တော်လှန်ရေး ရဲမေတစ်ဦး ဖြစ်ပါတယ်။

ကိုပေနဲ့ မချို တို့ အသတ်ခံလိုက်ရတဲ့အပေါ် ဝမ်းနည်းစိတ်ထိခိုက်ရပေမယ့် စစ်အာဏာရှင် ကို ရွပ်ရွပ်ချွံချွံ သွေးကြွေးဆပ်သွားမယ်လို့ အဖွဲ့ခေါင်းဆောင် ကိုအောင်မောင်း က ပြောပါ တယ်။

“ကျနော်တို့ ရဲဘော်တွေ ကျသွားတာ ကြေကွဲတယ်၊ ဝမ်းနည်းတယ်၊ ဒီကြေကွဲတယ် ဝမ်းနည်းတယ် ဆိုတဲ့ အပေါ်မှာ ကျနော်တို့ သွေးအေးမသွားဘူး၊ သွေးအေးသွားပြီး အလံလည်း လိပ်မသွားဘူး။ နာကြည်းစရာတွေအဖြစ် ပြောင်းလဲမယ်၊ ကိုပေနဲ့ မချိုအတွက် သွေးကြွေးကို သွေးနဲ့ ကျနော်တို့ ပြန်ယူမယ်။ သွေးကြွေးဂလဲ့စား ပြန်ယူမယ်။ ကိုပေနဲ့ မချိုရဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးကဏ္ဍကို ကျနော်တို့တွေ အဆုံးအထိ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်။ လုံးဝ ဇွဲမလျှော့ဘူး၊ အားမလျှော့ဘူး၊ အသံ မတိတ်ဘူး၊ အလံ မလိပ်ဘူး။ စစ်(-) နိဂုံး ၂၀၂၃ စာဆိုနဲ့အညီ ဒီ ၂၀၂၃ အကုန် ကျနော်တို့တွေ တိုက်ထုတ်နိုင်အောင် (-) မိစ္ဆာ စစ်အာဏာရှင်တွေ မျိုးတုံးအောင် ကျနော်တို့ ပိုပိုပြီး ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်ဗျ”

နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူ ၃၀၂၆ ဦး အသက်ဆုံးခဲ့ပါတယ်။


View the original