24 February 2023
Kantarawaddy Times
ကေးဒူ (ကန္တာရဝတီတိုင်း(မ်))
“Father(အဖေ) အနေနဲ့ကတော့ သူ CDM မလုပ်ဘူးပေါ့။ လက်ရှိမှာကလည်း သူတပ်မှာ တာဝန်ထမ်းဆောင်နေတယ်။ ကျနော့ အနေနဲ့ကတော့ ဒါကတော့ သူ့သမိုင်းသူရေးတယ်။ ကျနော်လည်း ကျနော့်သမိုင်း ကျနော် ရေးတယ်ပေါ့။ ”
ဒါကတော့ စစ်တပ်အသိုင်းအဝိုင်းကနေ ကြီးပြင်းလာပြီး စစ်အာဏာသိမ်းမှုအပေါ် လက်သင့်မခံပဲ သူတတ်ကျွမ်းတဲ့ နည်းပညာပိုင်းနဲ့ စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ အသက် ၂၇ နစ်အရွယ် ကိုအုပ်ကြီး ပြောသွားတဲ့ စကားပါ။
“စစ်သား သားသမီးဆိုတော့လည်း ဘယ်လိုပြောရမလဲ။ ချုပ်ချယ်မှုတွေရဲ့နောက်မှာ ကြိုးကိုင်ထားမှုတွေက များတယ်။ ကိုယ့်ကိုကိုယ် ပုန်းရှိုးကွယ်ရှိုးပေါ့။ ပြလိုက် ပြန်နေလိုက် အ့လိုမျိုးကနေပြီးတော့ တောက်လျှောက်ပြခဲ့တယ်ပေါ့နော်။ သိပ်ပြီးတော့ နားခဲ့တယ်တော့ မရှိဘူး” လို့သူက ဆက်ပြောသွားပါတယ်။
ကိုအုပ်ကြီး ဟာ ညီအကိုမောင်နှမ (၆)ယောက်ရှိတဲ့ စစ်တပ်မိသားစုဝင် ဖြစ်ပြီး ညီငယ်ညီမငယ်တွေ လေးစားရတဲ့ အကိုကြီးနေရာမှာ မွေးဖွားလာသူတစ်ဦးဖြစ်ပါတယ်။ စစ်တပ်ထဲမှာ နေထိုင်ပေမဲ့လည်း စစ်တပ်အာဏာသိမ်းယူမှု အပေါ် လက်သင့်မခံနိုင်လို့ လူငယ်တွေ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ အချိန်မှာကတည်းက သူဟာ တက်ကြွစွာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာမသိမ်းခင် သူဟာ လွိုင်ကော် ကွန်ပြူတာ တက္ကသိုလ်မှာ Hardware Major ကို လေ့လာနေတဲ့ Final Year ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး Robot Competition (ကိုယ်ပိုင် ပရိုဂရမ်ရေးဆွဲထားတဲ့ စက်ရုပ်) ပြိုင်ပွဲများစွာကို ဝင်ပြိုင်ခဲ့ဖူးပြီး ပြည်နယ်နှင့်တိုင်း အဆင့်မှာ ဆုတံဆိပ်တွေကိုလည်း ဆူးခူးခဲ့ဖူးတဲ့ ကျောင်းဂုဏ်ဆောင် ထူးချွန်ကျောင်းသား တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် Junior (အငယ်တန်း) လေးတွေကိုလည်း သင်တန်း ပေးပြီး online class မှာ Arduino (လျှပ်စစ်ပစ္စည်း နဲ့ ဆက်စပ်တဲ့ microprocessor) နဲ့ပက်သက်ပြီး သင်တန်းပို့ချပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာကလည်း Arduino စာအုပ်တွေကို ရေးသားနေပြီး ထုတ်ဝေ
နိုင်အောင် ကြိုးစားနေချိန်မှာပဲ စစ်တပ်အာဏာ သိမ်းလိုက်လို့ သူ့အိမ်မက်တွေကို ခဏတာ စွန့်ခွာခဲ့ရပါတယ်။
ယခုလက်ရှိ အချိန်မှာတော့ မိသားစုနဲ့ စစ်တပ်ကို ကျောခိုင်းပြီး အခက်အခဲ များစွာကြားက အခန်းငယ်လေး တခုထဲမှာ laptop တစ်လုံးနဲ့ တော်လှန်ရေးအတွက် နည်းပညာပိုင်းအပြင် Drone တွေ၊ လက်လုပ်ဗုံးတွေကို တီထွင်ဖန်တီးပြီး စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေတဲ့ အခန်းကဏ္ဍ မှာ ပါဝင်လှုပ်ရှားနေတဲ့ လူငယ်တစ်ဦးပါ။
“ယခု လက်ရှိမှာတော့ နည်းပညာအဖွဲ့ရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ ကျနော် တို့ လူငယ်လေးတွေပေါ့၊ စုဆောင်းပြီးတော့ Team Work တခုအနေနဲ့ပဲ အလုပ်လုပ်ပြီးတော့ ဒီက တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ရဲ့ တပ်ဖွဲ့မှာ လိုအပ်ချက်တွေနဲ့ ရှေ့တန်းမြေပြင် အခြေအနေတွေကို သုံးသပ်ပြီးတော့မှ နိုင်တဲ့ဘက်ကနေ ဖောက်ခွဲရေးသော်လည်းကောင်း Drone သော်လည်းကောင်း အခြားသော အရာသော်လည်းကောင်းပေါ့။ ကူညီလုပ်ဆောင်ပေးနေတယ်။” လို့ သူရဲ့ လက်ရှိ လုပ်ဆောင်မှုတွေကို ပြောပြလာတာပဲ ဖြစ်ပါတယ်။
ကရင်နီပြည်မှာ အကြမ်းဖက် စစ်ကောင်စီ နဲ့ စတင်တိုက်ပွဲ ဖြစ်ပွားကတည်း ဒီကနေ့အချိန်ထိ တိုက်ပွဲ တွေ ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူ နှစ်သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ဒါအပြင် ၂၀၂၃ ဖေဖော်ဝါရီလ ၂ ရက်နေ့တွေမှာလည်း အကြမ်းဘက် စစ်ကောင်စီဟာ နိုင်ငံတဝှမ်းက မြို့နယ်ပေါင်း (၃၇)မြို့နယ်ကို martial law နယ်မြေဖြင့် ကြေညာခဲ့ပြီး ကရင်နီပြည်က မြို့နယ် ၄ ခုဟာလည်း ပါဝင်ခဲ့ပါတယ်။
နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်မှာ အသက်ပေးဆက်သွားတဲ့သူတွေလည်း ပေးဆက်သွားကြပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကိုအုပ်ကြီးရဲ့ ရဲဘော်ရဲဘက်တွေလည်း ပါဝင်လာခဲ့ပါတယ်။
ဒါကြောင့် တိုက်ပွဲတွေမှာ ထိခိုက်နစ်နာမှုတွေလျော့နည်းလာအောင် နည်းပညာပိုင်းတွေကို ပိုမိုအသုံးပြု ရမယ်လို့ ကိုအုပ်ကြီးက ပြောပါတယ်။
“နည်းပညာကို သုံးနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဘာလို့လည်းဆိုတော့ ရဲဘော်တွေရဲ့ ထိခိုက်နစ်နာမှုတွေ ဆုံးရှုံးမှုတွေ များကြီး သက်သာသွားမယ်လို့တော့ ကျနော် မြင်တယ်။ ဘာလို့လည်းဆိုတော့ စစ်မြေပြင် တစ်ပွဲမှာ ရင်ဆိုင်တိုက်ပွဲ တက်လို့ရတာရှိသလို ရင်ဆိုင်တိုက်လို့ မရတဲ့ပွဲတွေလည်းအများကြီး ရှိတယ်ပေါ့။ ဒီအပေါ်မှာ ကျနော် တို့ နည်းပညာနဲ့ အသုံးချမယ်ဆိုရင် ကျနော် တို့ မြေပြင် ပွဲတွေ သော်လည်းကောင်း ပြောက်ကျားစစ် သော်လည်းကောင်းပေါ့၊ ဒီလိုမျိုးတွေ တိုက်တဲ့ အချိန်မှာ နည်းပညာနဲ့သာ အသုံးချမယ်ဆိုရင်တော့ အများကြီး အကျိုးရှိသလို ကိုယ့်အတွက် ဆုံးရှုံးနစ်နာမှုလည်း လျော့နည်းသွားမယ်လို့တော့ ကျနော် မြင်တယ်ပေါ့” လို့ သူက ဆိုပါတယ်။
ကိုအုပ်ကြီးအနေနဲ့ သူလေ့လာခဲ့တဲ့ ဘာသာရပ်တွေ၊ ပညာရပ်တွေကို ပြည်သူလူထုကို အကျိုးပြုဖို့ ရည်ရွယ်ထားပေမယ့်လည်း တကယ်တမ်းဒီလို စစ်မြေပြင်မှာ အသုံးချရလိမ့်မယ်လို့တော့ အိမ်မက်တောင် မမက်ခဲ့ဖူးသူပါ။
“ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်ပါဘူး။ တခါမှလည်း အိမ်မက်လည်း မရှိခဲ့ဖူးဘူး” လို့
သူက ဆက်ပြောပါတယ်။
အကြမ်းဘက် စစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အာဏာကို သိမ်းယူခဲ့ပြီး ယခုအချိန်ထိဆို ၂ နှစ်တာ ကာလ ကိုကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ သူက ဒီနှစ်တွေ အတောအတွင်း မိသားစု တွေနဲ့ ဆက်သွယ်မပြုလုပ်ပဲ တော်လှန်ရေးကို တစိုက်မတ်မတ် ပါဝင်ပြီး သူ့အတွက် အခက်အခဲ တွေကတော့ အများကြီး ရှိတယ်လို့ ပြောပါတယ်။
” ပြောရမယ်ဆိုရင် အလှူရှင်တွေကလည်း သိပ်မရှိသလောက်ပဲ။ ဒီကြားထဲမှာမှ ရတဲ့အလှူရှင်တွေဆီကနေ စုပြီးဆောင်းပြီးတော့ လုပ်ဆောင်နေရတာ ဆိုတော့ အခက်အခဲ တွေတော့ အများကြီး ရှိတယ်” လို့ သူ့ရဲ့ အခက်အခဲကို ရင်ဖွင့်လာတာပါ။
စစ်သား သား၊သမီး ဖြစ်ပေမယ့်လို့ စစ်တပ် အာဏာသိမ်းယူမှုအပေါ် မနှစ်သက်ပဲ သူကိုယ်တိုင် ရှေ့တန်း စစ်မြေပြင်မှာလည်း စနိုက်ပါ သေနတ် ကိုင်ဆောင်ပြီးတိုက်ပွဲဝင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာကလည်း အဖေဖြစ်သူဟာ CDM မပြုလုပ်ပဲ ရှေ့တန်း စစ်မြေပြင် တစ်နေရာမှာ တာဝန် ထမ်းဆောင်နေတာ ဖြစ်လို့ သူ့အတွက်တော့ တိုက်ပွဲဝင်ရတာ ခက်ခဲပင်ပန်းနေမှာ အမှန်ပါပဲ။
အမှောင်လမ်းထဲကို ရောက်နေတဲ့ ဖခင်ကို အလင်းထဲရောက်ဖို့ ဖိတ်ခေါ်ချင်တဲ့ သားတစ်ယောက်ရဲ့ နောက်ဆုံး ရင်ဖွင့်စကားကတော့
“အခွင့်အရေး ရှိရင်တော့ CDM လုပ်ဖို့ ခေါ်ချင်တယ်။ ခေါ်ချင်တာထက် လုပ်စေချင်တယ်ပေါ့နော်။ ဒီ (၂) နှစ်တာ ကာလ အတွင်းမှာ သူတို့လည်း နားလည်သင့်ပြီလို့ ထင်တယ်။ ဘာလို့လည်းဆိုတော့ ဒီလောက်စစ်ကောင်စီရဲ့ ရိုင်းစိုင်း၊ယုတ်မာ ရက်စက်နေတဲ့ လုပ်ရပ်တွေကို သူတို့လည်း မြင်တွေ့နေလောက်ပြီလို့ ထင်တယ်”
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.