ဧရာဝတီတိုင်းက အာဏာရှင်ခုခံရေး

January 10th, 2023  •  Author:   Radio Free Asia  •  1 minute read

RFA Burmese | 2023.01.10

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ်။ Photo: RFA

၂၀၂၁ ခုနှစ်၊ မတ်လက နိုင်ငံတစ်ဝန်းဆန္ဒပြပွဲတွေ ဆက်တိုက်အရှိန်မြင့်လာပြီး လမ်းမတွေပေါ်မှာ ပစ်ခတ် ဖြိုခွင်းမှုတွေ ရှိလာနေချိန်မှာပဲ ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့်လူ ၈၀ နီးပါး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

အရေအတွက် အတိအကျသိနိုင်ဖို့ ခက်ခဲပေမယ့် အဲဒီအချိန်က ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူတွေထဲ ဧရာဝတီတိုင်းက နေရပ်စွန့်ခွာလာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ လည်း ပါဝင်ခဲ့တာပါ။

၂၀၀၈ ခုနှစ်၊ မေလအတွင်းက လူတစ်သိန်းကျော်သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီး ဧရာဝတီတိုင်းဘက်က ဒေသခံတွေဟာ ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေကို နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာခဲ့ကြတာပါ။

ဧရာဝတီတိုင်းမှာလည်း စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီနှစ် မတ်လအတွင်း စစ်ကောင်စီတပ်တွေ ဧရာဝတီတိုင်းထဲ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိလာခဲ့ပြီးတဲ့နောက် ဆန္ဒပြလှုပ်ရှားမှုတွေအားလုံး ရပ်တန့်သွားခဲ့ရပြီး လက်နက်ကိုင်ခုခံတော်လှန်တဲ့ပုံစံ ပြောင်းလဲခဲ့ပါတယ်။

“ရှစ်လေးလုံး အရေးတော်ပုံမှာ ဧရာဝတီတိုင်းက နောက်မကျခဲ့ဘူး။ အခုလည်း လူထုလမ်းပေါ်ထွက်တဲ့ တော်လှန်ရေးမှာ ဧရာဝတီတိုင်းက ဒီနွေဦးမှာလည်း နောက်မကျဘူး”

ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကတော့ ဆန္ဒပြမှုတွေအဆုံးသတ်ပြီး လက်နက်ကိုင်ခုခံတော်လှန်မှုကို ၂၀၂၁ ခုနှစ်၊ ဧပြီလထဲ စတင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“အာဏာစသိမ်းမှုဖြစ်ပြီး လေးလပိုင်းအထိ ကျနော်တို့ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆို ခဲ့ပါတယ်။ လေးလပိုင်း နောက်မှာတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးတော့ ရရင်ရသလို ပြောက်ကျားနည်းစနစ်နဲ့ သူတို့ (စစ်ကောင်စီတပ်) ကို တိုက်ခိုက်မှုတွေ ရှိပါတယ်။ မြို့နယ်တိုင်း၊ ခရိုင်တိုင်းမှာ တိုက်ခိုက်မှုတွေရှိပါတယ်။ ဧရာဝတီတိုင်းက လမ်းပန်းဆက်သွယ်ရေးအရ အခက်အခဲရှိတယ်။ နယ်မြေအနေအထားအရ သူများ တိုင်းနဲ့ ပြည်နယ်တွေနဲ့ မတူတဲ့အတွက် လှုပ်ရှားမှုအနေအထားမှာ ကြာကောင်းကြာနိုင် တယ်။ အားမလို အားမရ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ အမြဲကြိုးစားနေ ပါတယ်”

RFA က သီးသန့်ပြုစုထားတဲ့စာရင်းတွေအရ ဧရာဝတီတိုင်းထဲက စစ်ကောင်စီသတင်းပေး တွေနဲ့ စစ်ရေး ပစ်မှတ်တွေကိုတုံ့ပြန်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၅ ဖွဲ့ထက်မနည်း ရှိပါတယ်။

စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီကို ကူညီပေးနေသူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ လက်နက် ငယ်နဲ့ ဗုံးကို အများဆုံးအသုံးပြုပြီး ပြောက်ကျားစနစ်နဲ့ တစ်လကို တိုက်ခိုက်မှု ငါးကြိမ်နီးပါး ရှိပါတယ်။

ပထဝီအနေအထားအရ မြစ်၊ ချောင်းနဲ့ မြေပြန့်လွင်ပြင်သာရှိတဲ့ ဧရာဝတီတိုင်းမှာ လက်နက်ကိုင်ခုခံတော်လှန် သူတွေအတွက် စခန်းချရာနေရာတွေ ရှားပါးနေတာကြောင့် ခုခံတော်လှန်မှုအားကောင်းတဲ့ ပုံစံမဟုတ်ဘူးလို့ ဧရာဝတီတိုင်းထဲက လက်နက်ကိုင်ခုခံ တော်လှန်နေသူတွေက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးကတော့ သူ့ရဲ့ မဲဆန္ဒနယ်ထဲမှာ အာဏာသိမ်းပြီးချိန်ကစလို့  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ လက်နက်ကိုင်ခုခံတော်လှန်မှု ၂၃ ကြိမ်အထိ ရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။

 

“မအူပင်မြို့နယ်မှာ ခုခံတွန်းလှန်စစ်ပေါ်မှာ ပြန်ပြီးတော့ အစုအဖွဲ့တွေနဲ့ အလုပ်လုပ်နိုင် (တိုက်ခိုက်) ခဲ့တာ ၂၃ ကြိမ် ရှိတယ်လို့ အစ်မတို့ သိရပါတယ်။ စစ်ရေးနဲ့သက်ဆိုင်တာ တွေ နောက်ပြီးတော့ အုပ်ချုပ်ရေး၊ စကစ (စစ်ကောင်စီ) ကို အထောက်အပံ့ပေးနေတဲ့ စီးပွားရေးနဲ့ သက်ဆိုင်တဲ့အရာတွေပေါ့။ အဲဒါတွေကိုပြန်ပြီးတော့ တုံ့ပြန်တယ်။ ခုခံတွန်းလှန်တော်လှန်ကြတဲ့လှု ပ်ရှားမှုတွေ သူတို့လုပ်ခဲ့တယ်။ ဒါက အရမ်းကြီးတော့ အားနည်းတယ်လို့တော့ မယူဆဘူး။ တခြား တိုင်းနဲ့ ပြည်နယ်တွေလို ရေမြေ အခြေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နောက်ခံမရှိဘူး။ လူငယ်တွေအနေနဲ့ အလုပ်လုပ်ရတာ အကျပ်အတည်း၊ အခက်အခဲ ရှိကောင်းရှိနိုင်တယ်။ တခြားနယ်မြေ ဒေသတွေနဲ့တော့ မတူဘူးပေါ့နော်”

ဧရာဝတီတိုင်းထဲ လက်နက်ကိုင်ခုခံတော်လှန်မှုက တခြားတိုင်းတွေထက် နည်းပါး နေပေမယ့်လည်း တိုင်းရင်းသားနယ်မြေတွေမှာ ရှေ့တန်းကနေပါဝင်နေတဲ့ ဧရာဝတီ တိုင်းက လူငယ်တွေလည်း ရှိနေပါတယ်။

ဧရာဝတီတိုင်း ဟင်္သာတဇာတိလည်းဖြစ်၊ အခု ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ တောင်ပိုင်းတိုင်း စစ်ဒေသ -၃ မှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုမျိုးသူရကိုကိုက တိုင်းရင်းသားဒေသတွေရဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ ဧရာဝတီတိုင်းကလူငယ်တွေ အများစု ပါဝင်ကြတယ်လို့ RFA ကို ပြောပါတယ်။

“အများသိရှိထားတဲ့တိုက်ပွဲတွေအများစုက ဧရာဝတီတိုင်းသားတွေအများစုပါဝင်တဲ့ တိုက်ပွဲတွေ ဖြစ်နေတာကို ကျနော်ကိုယ်တိုင်လည်း မျက်မြင်တွေ့ရတယ်။ ဧရာဝတီ တိုင်းသားတွေက နယ်ပယ်ပေါင်းစုံပေါ့။ အထူးသဖြင့် တိုက်ခိုက်ရေး၊ ထောက်ပို့ရေး၊ နည်းပညာနဲ့အခြားနေရာတွေမှာ ကျရာကဏ္ဍကနေပြီးတော့ ပါဝင်နေတာ တွေ့ရ သလို လက်နက်ထုတ်လုပ်ရေးတွေမှာလည်း ဧရာဝတီတိုင်းသားတွေ ဦးဆောင်ပါဝင်နေတာ တွေ့ရပါတယ်။ ထို့အတူပဲ နွေဦးတော်လှန်ရေးရဲ့ အဓိဆောင်ရွက်နေတဲ့ကဏ္ဍမှာလည်း ဧရာဝတီတိုင်းသားတွေက ဦးဆောင် ပါဝင်နေတာကို တွေ့ရပါတယ်”

ဧရာဝတီတိုင်းရဲ့ အနောက်ဘက်နဲ့ တောင်ဘက်က ပင်လယ်ပြင်၊ အရှေ့ဘက်က ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ ဆက်စပ် ဧရိယာတွေရှိနေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ တွေအခြေပြုဖို့ခက်ခဲတဲ့ အခြေအနေကြောင့် ခုခံတော်လှန်စစ်အားနည်းနေတာလို့ သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ မတ်လကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ ဧရာဝတီတိုင်း ထဲကလူ ၇၃၅ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၄၀၀ နီးပါးက အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရပါတယ်။ အဲဒီအထဲ ဧရာဝတီတိုင်းက NLD လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးလည်း ဖမ်းဆီးထောင်ချခံထား ရတာပါ။

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတာနဲ့ လက်နက်ကိုင်ခုခံတော်လှန်မှုတွေကြောင့် သေဆုံးသူ ကတော့ ၂၈ ဦးအထိရှိ ပါတယ်။

PDF.jpg
တိုင်းရင်းသားနယ်မြေမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်သားများ စစ်ရေးလေ့ကျင့်နေစဥ်။ (Photo: MPA)

ဖမ်းဆီးခံရသူတွေဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု စတဲ့ ပုဒ်မတွေနဲ့ အနည်းဆုံး ထောင်ဒဏ် နှစ်နှစ်ကနေ အနှစ် ၄၀ အထိ ချမှတ် ခံထားရတာပါ။

စစ်ကောင်စီကိုဆန့်ကျင်သူတွေ ဖမ်းဆီးတဲ့အခါ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တဲ့ အခြေအနေတွေလည်း ကြုံရတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ မေလအတွင်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၂ နဲ့ ဖမ်းဆီးခံထားရ သူတစ်ဦးရဲ့ မိသားစုဝင်ကတော့ စစ်ကြောရေးမှာ ဖမ်းဆီးစစ်ဆေးတဲ့အချိန် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

“ညကိုးနာရီလောက်က အိမ်မှာလာပြီးတော့ ဖမ်းသွားတာ။ စစ်ဆေးစရာရှိလို့ပါဆိုပြီး အိမ်ထဲက ပစ္စည်းတွေ လည်း အကုန်လုံးမွှေ နှောက် သူတို့လိုချင်တာတွေကို ရှာပြီးတော့ ယူသွားတယ်။ ပြန်တွေ့ရတဲ့အခါကျတော့ သူ့မျက်လုံးကြီးက ရဲနေတယ်။ အချုပ်ခန်း ထဲကနေပြီး ကျမကို မှာတာက ဂဠုန်ရာဇာတို့၊ ဒဏ်ကြေလိမ်းဆေးတွေ မှာတယ်။ အကိုက်အခဲပျောက်ဆေးတွေလည်း မှာတယ်။ မျက်လုံးတစ်ဖက်ကတော့ ရဲနေတယ်။ နောက်ပိုင်းပြန်တွေ့တဲ့အချိန်မှာ သိရတာက နားကို အရိုက်ခံထားရတာ။ နားကို နှစ်ဖက်ညှပ်ရိုက်တာ။ အဲလိုညှပ်ရိုက်တဲ့ဒဏ်ကြောင့် မျက်လုံးမှာ သွားထိတာလို့ ပြောတယ်။ အခုတော့ ကျန်းမာရေးကောင်းပါတယ်။ အဲဒီမျက်လုံးပဲ သိပ်မကောင်းတာ”

လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလှုပ်ရှားနေသူတစ်ဦးကတော့ ဧရာဝတီတိုင်းဟာ ၁၉၈၈ အရေးတော်ပုံ ကာလတွေမှာလည်း လူထုလှုပ်ရှားမှုအစောဆုံးရှိခဲ့သလို ၂၀၂၁ စစ်အာဏာသိမ်းတော့လည်း ကျရာကဏ္ဍကနေ ပါဝင်နေတယ်လို့ RFA ကို ပြောပါတယ်။

“ရှစ်လေးလုံးအရေးတော်ပုံပထမနေ့မှာ နယ်မြို့တော်တော်များများမပါဘူး။ ဧရာဝတီ တိုင်းက ဘိုကလေးမြို့နဲ့ ရန်ကုန်တိုင်းက တွံတေးမြို့တွေပါတယ်။ နောက်ရက်တွေကျမှ ကျန်တဲ့မြို့တွေစပါတာ။ ဆိုတော့ ရှစ်လေးလုံး အရေးတော်ပုံမှာ ဧရာဝတီတိုင်းက နောက်မကျခဲ့ဘူး။ အခုလည်း လူထုလမ်းပေါ်ထွက်တဲ့ တော်လှန်ရေးမှာ ဧရာဝတီတိုင်း က ဒီနွေဦးမှာလည်း နောက်မကျဘူး။ တစ်တိုင်းလုံး မြို့လုံးကျွတ်နီးပါး လမ်းပေါ်ထွက် ဆန္ဒပြတယ်။ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတာမရတဲ့အဆုံးမှာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ကြတဲ့ အခါကျတော့ ဧရာဝတီတိုင်းက ပထဝီအနေအထားအရ မဟာမိတ် အကူအညီ အဆက်အစပ်မရှိဘူး။ လျှိုမြောင်၊ တောတောင်၊ ချိုင့်ဝှမ်း၊ ကျည်ကွယ် မျက်ကွယ်မရှိဘူး။ အဲတော့ ဧရာဝတီတိုင်းရဲ့ အင်အားတွေက အများစုကတော့ မြောက်ပိုင်းမှာ သွားစုနေတယ်။ အဆုံးသတ်အောင်ပွဲကျမှပဲ သူတို့ဒီဘက် (ဧရာဝတီ တိုင်း) ကို ဆင်းလာကြလိမ့်မယ်”

ဧရာဝတီတိုင်းရဲ့ ခုခံတော်လှန်စစ်ခြေအနေဟာ ၂၀၂၂ ခုနှစ်အတွင်း လူထုပါဝင်လာမှု အားနည်းလာတယ်လို့ ခုခံတော်လှန်စစ်မှာ ပါဝင်နေသူတွေက ပြောပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံခဲ့ရတာ၊ စစ်ကောင်စီသတင်း ပေးတွေ များပြား နေတာနဲ့ နယ်မြေအနေအထားအရ ခုခံတော်လှန်စစ်လှုပ်ရှားဖို့ ခက်ခဲလာ တာတွေကြောင့် စစ်ကောင်စီဟာ ဧရာဝတီတိုင်းကို ပုံမှန်အခြေအနေဖြစ်တယ်ဆိုတာမျိုး ပုံဖော်ချင်နေတာလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

ဧရာဝတီတိုင်းထဲက လက်နက်ကိုင်ခုခံတော်လှန်နေသူတွေကတော့ ပြည်သူတွေပါဝင်မှု ရှိနေသရွေ့ စစ်ကောင်စီကို ဆက်ပြီး ခုခံတော်လှန်သွားမယ်လို့ RFA ကို ပြောပါတယ်။


View the original