စစ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာတဲ့အထိ ဆရာဝန်တွေ ဖိနှိပ်ခံနေရဆဲ

January 10th, 2023  •  Author:   Radio Free Asia  •  1 minute read

RFA Burmese | 2023.01.10

ရန်ကုန်မြို့မှ ကျန်းမာရေး ဝန်ထမ်းများ၏ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ အစောဆုံး ပါဝင်ခဲ့တဲ့ ကျန်းမာရေးကဏ္ဍက ဆရာဝန်တွေ၊ ဝန်ထမ်းတွေဟာ အာဏာသိမ်းကာလ နှစ်နှစ်နီးနီးပါးကြာတဲ့အထိ စစ်ကောင်စီရဲ့ ပစ်မှတ်ထား ဖိနှိပ်တာကို ခံစားနေရဆဲလို့ CDM ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ တစ်လတည်းမှာတင် မန္တလေးဆေးတက္ကသိုလ်က ဆီးနဲ့ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင် အပါအဝင် နိုင်ငံတစ်ဝန်းက CDM ကျန်းမာရေးဝန်ထမ်း ၁၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

“ကျနော်တို့တွေ အဆုံးထိ တိုက်ပွဲဝင်သွားရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ရှိနေကြတာပါ”

ဒေါက်တာဝင်းခိုင်နဲ့ ဆက်စပ်ပြီး CDM ကျန်းမာရေးဝန်ထမ်းတွေကို ထပ်မံဖမ်းဆီးဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ ဒေါက်တာဝင်းခိုင်နဲ့ နီးစပ်တဲ့ CDM ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။

“ဆရာဒေါက်တာ ဝင်းခိုင်ကို စစ်ကောင်စီကနေပြီးတော့ ဖမ်းဆီးလိုက်တယ်။ ဆရာဒေါက်တာဝင်းခိုင်ရဲ့ နောက်ဆက်တွဲ အမှုတွဲအနေနဲ့ ဆက်လက်ဖမ်းဆီးရမယ့် ဆရာဝန်တွေ ကျန်းမာရေး ဝန်ထမ်းတွေလည်း ထပ်ထုတ်ထားတာ တွေ့ရတယ်။ အဲဒီလိုပဲ ဆရာတို့နဲ့ မသက်ဆိုင်ဘဲ စစ်ကောင်စီအနေနဲ့ ကြုံရင်ကြုံသလို ပုဂ္ဂလိက ဆေးရုံတွေမှာ ဆေးဝါးကုသမှုပေးနေတာရော၊ တချို့ဆိုလည်း နေအိမ်မှာကို လာပြီးတော့ သတင်းပေးမှုအရ အဖမ်းခံရတဲ့ ဆရာဝန်တွေလည်းရှိတယ်”

ဒီဇင်ဘာ ၂၅ ရက်နေ့က မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် နန်းတော်ပုဂ္ဂလိကဆေးရုံမှာ ရှိနေချိန် ဒေါက်တာဝင်းခိုင်ကို စစ်ကောင်စီတပ်က အရပ်ဝတ်နဲ့ လာဖမ်းသွားတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီက မန္တလေးက CDM လုပ်ထားတဲ့ ဆရာဝန်တချို့ကို လိုက်လံဖမ်းဆီးပြီး အဲဒီဆရာဝန်တွေကို အလုပ်လုပ်ခွင့်ပေးထားတဲ့ နန်းတော်၊ မြို့တော်၊ ကံ့ကော်၊ ထက်နေလင်းနဲ့ စိန်ပန်း စတဲ့ ပုဂ္ဂလိကဆေးရုံ ငါးရုံကို ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ လေးလတိတိ ပိတ်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

ဒါဟာ ပုဂ္ဂလိကဆေးရုံတွေမှာ CDM ဆရာဝန်တွေကို လက်မခံရဲအောင် စစ်ကောင်စီက ခြိမ်းခြောက်ဖိအားပေးတာလို့ မန္တလေးမြိုခံတစ်ဦးက ပြောပါတယ်။

“တချို့ဆေးရုံတွေက ပညာရှင်မရှိဘဲနဲ့ လည်ပတ်လို့ မရဘူးလေ။ အဲဒီတော့ တချို့က ဒီလိုအထူးကု ဆေးရုံကြီးတွေမှာ ဝင်ပြီးမှ အလုပ်တာဝန်ထမ်းဆောင်တာမျိုးတွေ ရှိတယ်ပေါ့နော်။ အခုက အနေအထားက ဆေးရုံပိုင်ရှင်တွေကလည်း ဒီလို CDM ဆရာဝန်တွေကို ဒီလိုပြဿနာတွေ တက်လာပြီဆိုတော့ မထားရဲတော့ဘူး။ CDM သူနာပြုပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့နော်။ အနေအထားကတော့ ကြပ်သွားပြီပေါ့။ တကယ်တမ်းတော့ လူတွေကို ဒုက္ခရောက်အောင် လုပ်ပစ်လိုက်တာပါပဲ။ ဆရာဝန်ဆိုလည်း ဆရာဝန်၊ လူနာဆိုလည်း လူနာ အကုန်လုံး ဒုက္ခရောက်ကုန်တာပေါ့။ အဓိပ္ပာယ်ကတော့ အဲဒါပါပဲ”

ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူ့ဆေးရုံက CDM လက်ထောက်ဆရာဝန် ဒေါက်တာ မြင့်မိုရ်ကျော်ကို စစ်ကောင်စီတပ်က ကလေးမြို့က စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခဲ့ပါတယ်။

သူဟာ ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်မှာ ‘မြင့်မိုရ်ကျော်’ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ် ပြီး လူနာတွေကို ကုသပေးနေတာပါ။ သူဟာ အာဏာသိမ်းမှု အစောပိုင်းကတည်းက CDM လုပ်ထားသူ ဖြစ်ပါတယ်။

 

မန္တလေးမှာလိုပဲ ကလေးမြို့မှာလည်း ဒေါက်တာမြင့်မိုရ်ကျော် အဖမ်းခံရပြီးတဲ့နောက် နောက်ထပ် CDM ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အဖမ်းခံရမှာကို စိုးရိမ်နေရတယ်လို့ ကလေးမြို့နယ်က CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး က ပြောပါတယ်။

“ဆရာမြင့်မိုရ်ကျော်ကတော့ တက်တက်ကြွကြွပဲ သူက၊ လူနာတွေ အများကြီးကြည့် တယ်။ ကုသတယ်။ ဈေးလည်းချိုချိုလေးနဲ့ လူနာတွေကို ကြည့်ရှုကုသတယ်။ ခွဲစိတ်ပေးတယ်။ စေတနာရှိတယ်။ နောက်ပြီးတော့ လမ်းပေါ်ထွက်တဲ့ ကလေးတွေ ဘက်ကိုလည်း သူက အားပေးတယ်ပေါ့နော်။ ဆရာမြင့်မိုရ်ကျော် အဖမ်းခံရတဲ့ အချိန်မှာတော့ ကျမတို့လည်း အဲလိုပါပဲ သတိနဲ့ နေကြရတာပေါ့။ ပတ်ဝန်းကျင် အဓိက ကြည့်ရတာပေါ့နော်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင် ကြည့်နေရတာပေါ့”

အာဏာသိမ်းပြီးတဲ့နောက် ပြိုလဲသွားတဲ့ ကျန်းမာရေးကဏ္ဍကို ပြန်လည်ထူမတ်နိုင်ဖို့ အတွက် စစ်ကောင်စီက CDM ကျန်းမာရေးဝန်ထမ်းတွေကို မကြာခဏ ပြန်ခေါ်နေပြီး ပြန်မလာသူတွေကို ဖမ်းဆီးနေတာလို့ ဆရာဝန် အသိုက်အဝန်းက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ CDM လုပ်တဲ့ဝန်ထမ်းတွေဟာ တစ်နည်းနည်းနဲ့ ဆန့်ကျင်အောင် ဦးဆောင်လှုံ့ဆော်နေသူတွေဖြစ်လို့ ဥပဒေအရ အရေးယူရမှာဖြစ်ပြီး အစိုးရဆေးရုံတွေမှာ တာဝန်မထမ်းဘဲ အပြင်မှာ ဆေးကုသနေ တာတွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ၂၀၂၂ ခုနှစ် မတ်လထဲမှာ RFA ကို ဖြေဆိုထားပါတယ်။

ကျန်းမာရေးကဏ္ဍက CDM ဝန်ထမ်းတွေနဲ့ စုဖွဲ့ထားတဲ့ CDM Medical Network ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ထိ CDM ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၈၃ ဦး အသတ်ခံခဲ့ရပြီး ကျန်းမာရေးဆေးခန်းတွေ အဆောက်အအုံတွေကို ရဲနဲ့ စစ်တပ်က ဝင်ရောက်စီနင်းတာကြောင့် ထိခိုက်ဒဏ်ရာသူ ၇၈၉ ဦး ရှိခဲ့ပါတယ်။ အဖမ်ခံထားရတဲ့ CDM ဆရာဝန်နဲ့ ကျန်းမာရေးဝန်ကတော့ ၃၅၅ ဦးထိ ရှိပါတယ်။

တိုင်းပြည်အတွက် အဖိုးတန်တဲ့ ဆရာဝန်တွေ၊ ပညာရှင်တွေကို ဖမ်းဆီးသတ်ဖြတ်နေ တာဟာ တိုင်းပြည်ကို ဖျက်ဆီးနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ဆရာဝန်တွေ ဒီလိုပညာရှင်တွေ၊ တိုင်းပြည်အတွက် တကယ့်ကို အဖိုးတန်တွေ၊ တိုင်းပြည်အတွက် အဓိပ္ပာယ်ရှိတဲ့ တကယ့်အဖိုးတန်လူတွေကို အခုလိုမျိုး သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ဖျက်ဆီးတာဟာ တိုင်းပြည်ကို ဖျက်ဆီးတာနဲ့ အတူတူပဲပေါ့။ သူတို့ရပ်တည်ဖို့ အာဏာမြဲဖို့အတွက်ပဲ တစ်ခုတည်းကြည့်တဲ့ အဲဒီလူတွေ မရှိမှကိုဖြစ်မှာ။ အသိတရား၊ သတိတရား၊ အမှားအမှန် မခွဲခြားတတ်တဲ့ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ကျနော်တို့ တိုင်းပြည်မှာ ရှိလို့မဖြစ်ဘူးဆိုတာကို ဖော်ပြနေတယ်လို့ အဲဒီလို ကျနော်တော့ ပြောချင်ပါတယ်”

CDM Medical Network ရဲ့စာရင်းတွေအရ အာဏာသိမ်းမှု အစောပိုင်းမှာ ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်နဲ့ အခြားဆေးဘက်ဆိုင်ရာ ဆက်စပ်ဌာနက ဝန်ထမ်းတွေ အပါအဝင် ကျန်းမာရေး ကဏ္ဍကနေ CDM မှာပါဝင် လာသူ စုစုပေါင်း ခြောက်သောင်း ဝန်းကျင် ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်း လေးသောင်းခွဲနီးပါး (၄၄, ၆၇၆ ဦး) ဒီလှုပ်ရှားမှုမှာ ဆက်လက်ပါဝင်နေတယ်လို့ CDM Medical Network က RFA ကို ပြောပါတယ်။

cdm-doctors-npt.jpg
နေပြည်တော် ၈ မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများ၏ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီဟာ အာဏာသိမ်း နှစ်နှစ်နီးပါးကာလအထိ CDM ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ရန်သူသဖွယ် ပစ်မှတ်ထားဖိနှိပ်နေတာ သိသာထင်ရှားတယ်လို့ CDM Medical Network ရဲ့ တာဝန်ရှိသူ ဒေါက်တာ စစ်မင်းနိုင်က ပြောပါတယ်။

“အာဏာသိမ်း နှစ်နှစ်ပြည့်တော့မယ့်ကာလမှာ စစ်ကောင်စီက CDM ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ရန်သူသဖွယ် ပစ်မှတ်ထားနေတဲ့ ကိစ္စကတော့ သိသာတယ်၊ မြင်သာတယ်။ အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်ရဲ့ အာဏာကို ပြည်သူပေးထားတဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီးလုပ်တဲ့အပေါ်မှာ ငါတို့ကတော့ ဆက်လုပ်လို့ မဖြစ်တော့ ဘူးဆိုပြီး ထွက်လာတယ်။ ထွက်လာတဲ့အတွက် ကိုယ့်ဘဝကိုယ် အဖျက်ခံ၊ အပျက်ခံ ပြီးတော့ လုပ်လာတဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်နစ်နာမှုတော့ financially အရရော စိတ်ဓာတ်ရေးရာအရရော အများကြီး ထိခိုက်နစ်နာပါတယ်၊ ဒါပေမဲ့လည်း အများစုကတော့ တောင့်ခံနေတယ်။ ဆက်ပြီးတော့ ကျနော်တို့တွေ အဆုံးထိ တိုက်ပွဲဝင်သွားရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ရှိနေကြတာပါ”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်တစ်ရက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာပဲ မန္တလေးက ဒေါက်တာတေဇာဆန်း ဦးဆောင်စတင်လိုက်တဲ့ CDM လှုပ်ရှားမှုဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး စစ်ကောင်စီရဲ့ ယန္တရားတချို့ ရပ်တန့်သွားတဲ့အထိ အားကောင်းခဲ့ပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ အပါအဝင် နိုင်ငံတစ်ဝန်းက CDM လှုပ်ရှားမှု တစ်ခုလုံးကို ၂၀၂၂ ခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းတဲ့အထိ ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။

စစ်ကောင်စီကတော့ CDM မှာ အစောဆုံးပါဝင်ခဲ့တဲ့ ဆရာဝန် ၅၅၇ ဦးကို ဆေးကုသခွင့် လိုင်စင် (ဆမ) လက်မှတ် တစ်နှစ်တိတိ ရုပ်သိမ်းပြီး ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ထား ပါတယ်။


View the original