အမေရိကန် NDAA ဥပဒေကို မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ထောက်ခံကြိုဆို

15 December 2022

Radio Free Asia

အမေရိကန် NDAA ဥပဒေကို မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ထောက်ခံကြိုဆို

မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နည်းပညာနဲ့ လူကို သေစေခြင်းမရှိတဲ့ အကူအညီမျိုး ထောက်ပံ့ပေးမယ့် အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) – ၂၀၂၃ ကို ဒီဇင်ဘာ ၈ ရက် နေ့က အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေကို အထက်လွှတ်တော်က အတည်ပြု၊ သမ္မတလက်မှတ်ရေးထိုးပြီးရင် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေအတွက် လက်တွေ့ကူညီမှုတွေ လုပ်ဆောင်နိုင်တော့မှာပါ။

ဒီဥပဒေကြောင့် အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ရာမှာ ပိုထိရောက်လာဖို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက မျှော်လင့်ထားပါ တယ်။

ဒီဥပဒေပြဋ္ဌာန်းချက်မှာ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအတွက် အကျိုးရှိမယ့် အချက်တွေ အများကြီး ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။

“NUG, NUCC, CRPH, CDM တွေရဲ့ လုပ်ဆောင်ချက်တွေကို ကူညီပေးရမယ်ဆိုတဲ့ အချက် ပေါ်လစီထဲမှာ ပါတယ်။ နည်းပညာပိုင်း Technical assistance ပေါ့နော်။ Non-lethal support (လူကို သေစေနိုင်ခြင်းမရှိတဲ့အရာ) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (EAO) တွေ၊ PDF တွေကို ပေးရမယ်လို့ ပြဋ္ဌာန်းထားတာ ပါပါတယ်။ Technical assistance, non-lethal assistance ပေးတဲ့ ကဏ္ဍက ကျယ်ပြန့်ပါတယ်။ ဒါကတော့ ဥပမာပြောတဲ့ နှစ်ချက်၊ သုံးချက်ပါ။ တော်လှန်ရေးအတွက် အကျိုးရှိမယ့်၊ ပြည်သူတွေ အတွက် အကျိုးရှိမယ့် အချက်တွေ အများကြီးပါတယ်”

ဒီဥပဒေကို အတည်ပြုပြီးရင် အမေရိကန်အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ဦးကျော်ဇော်က ဖြည့်စွက်ပြောဆိုပါတယ်။

အခုလို အမေရိကန်အစိုးရရဲ့ NDAA မှာ မြန်မာနိုင်ငံအတွက် ထောက်ပံ့ကူညီဖို့ ထည့်သွင်း လာတာဟာ အင်မတန်ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြောပါတယ်။

“ကျနော်တို့ တော်လှန်ရေးသက်တမ်းတစ်လျှောက်မှာ ဒါက အင်မတန်ကြီးမားတဲ့ ခြေလှမ်းကြီးတစ်လှမ်းကို တက်လှမ်းနိုင်ပြီဆိုတာ ပြောလို့ရတယ်။ ဒီနေ့ ကျနော်တို့ အသက်ပေးသွားရတာတွေက အလကား မဟုတ်ဘူးဆိုတာ ရှင်းလင်းပေါ်ပေါက် လာပြီလေ။ အထူးသဖြင့် စစ်လက်နက်တွေ ဘာတွေ မထောက်ပံ့ဘူးဆိုပေမယ့်လို့ နည်းပညာအရ ထောက်ပံ့လာပြီဆိုရင် ကျနော်တို့အတွက် အကျိုးရှိပါတယ်။ နောက်တစ်ဆင့်က ကျနော်တို့ အလုပ် လုပ်တိုင်းမှာ ဒီလိုမျိုး ဗျူဟာမြောက် ဆက်သွယ်ရေး နည်းလမ်းစနစ်တွေနဲ့ လုပ်နိုင်ရင် ပိုပြီးတော့ ထိရောက်မှုရှိမယ်”

စစ်အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ NUG နဲ့ PDF ပဲဖြစ်ဖြစ်၊ သူတို့လို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမှာပဲဖြစ်ဖြစ် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အမေရိကန်က ပေးမယ့် ပိုစနစ်ကျတဲ့ နည်းဗျူဟာတွေ လိုအပ်တယ်လို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

ပြင်ပအထောက်အပံ့ လုံးဝမရတာကြောင့် ဖြစ်သလိုနည်းပညာနဲ့ ကိုယ်တိုင်လက်နက် ထုတ်ပြီး တိုက်နေရတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဗိုလ်ကျားကြီးအဖွဲ့ဝင် ကိုဂဠုန်မင်း ကတော့ လက်နက်မဟုတ်တဲ့ အကူအညီ၊ လူကိုသေစေနိုင်ခြင်းမရှိတဲ့ နည်းပညာတွေ အကူအညီပေးမယ်ဆိုပေမယ့် ကျည်ကာနဲ့ ဒရုန်းတွေကို ပစ်ချနိုင်တဲ့ ပစ္စည်းမျိုးတွေ ရချင်တယ်လို့ ဆိုပါတယ်။

“ကျည်ကာဆိုလည်း ကျည်ကာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ်ပါ ကျနော်တို့ကတော့ သူတို့ထောက်ပံ့မယ်ဆိုရင် ဘာကိုပဲဖြစ်ဖြစ် မျှော်လင့်တယ်။ အဲဒီလိုမျိုး လက်နက်တွေ ရလာပြီဆိုရင်တော့ ကျနော်တို့ တော်တော်လေး အခြေအနေ ပြောင်းသွားမယ်။ ပြောင်းသွားမယ်ဆိုတာ ဒရုန်းပစ်လက်နက်တို့၊ အပေါ်ပစ်လက်နက်ဖြစ်ဖြစ် နည်းနည်းပါးပါး ရရင်ကောင်းတယ်။ ကောင်းကင် ထောက်လှမ်းမယ့်ဟာပဲဖြစ်ဖြစ် အဲဒီလိုမျိုး ပစ်ချနိုင်မယ်ဆိုရင် တော်တော်လေးကောင်းတယ်”

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ ဝေးကွာတဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ ချင်းပြည်နယ်က တော်လှန်ရေးအဖွဲ့ အများစုဟာ ပြည်ပအကူအညီ လုံးဝ မရတာကြောင့် ကိုယ်တိုင်လုပ်သေနတ်တွေကို အသုံးပြုပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုတွေကို ထောက်ပံ့ကူညီမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အမြင်သဘောထား သိနိုင်ဖို့ ရန်ကုန်ရှိ အမေရိကန်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ ဥပဒေကို အတည်ပြုဖို့ ရှိနေသေးတာကြောင့် လောလောဆယ် မှတ်ချက်မပေးနိုင်သေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံရုံးအရာရှိတစ်ဦးက အကြောင်းပြန်ပါတယ်။

အမေရိကန်အစိုးရဟာ ဒီလို လက်နက်မဟုတ်တဲ့အကူအညီမျိုးကို ၂၀၁၃ ခုနှစ်က သမ္မတအာဆတ် (Bashar al-Assad) ရဲ့ အစိုးရကို ခုခံတော်လှန်ခဲ့တဲ့ ဆီးရီးယား သူပုန်တွေကို ထောက်ပံ့ခဲ့ဖူးပါတယ်။

အဲဒီတုန်းကတော့ တိုက်ရိုက်လက်နက်ထောက်ပံ့တာမျိုး မဟုတ်ပေမယ့် စစ်သုံး အထောက်အကူပြု ပစ္စည်းတွေဖြစ်တဲ့ ညကြည့်မှန်ပြောင်း၊ ကျည်ကာဝတ်စုံ၊ ရေဒီယို စကားပြောစက် ကနေ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ဖို့အထိ အမေရိကန်အစိုးရက ကူညီပေးခဲ့တယ်လို့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဘာသာရပ်ကို လေ့လာဆည်းပူးနေတဲ့ ကိုကျော်စောဟန် က ပြောပါတယ်။

အမေရိကန်အစိုးရက ပေးမယ့် အကူအညီတွေထဲမှာ လက်နက်၊ ခဲယမ်းကလွဲပြီး တိုက်ခိုက်ရေးနဲ့ ပတ်သက်တဲ့ အထောက်အကူပစ္စည်းကစလို့ ဆေးဝါးနဲ့ အုပ်ချုပ်ရေး နည်းပညာပိုင်းအထိ အတော်များများ အကူအညီ ရနိုင်တယ်လို့ ကိုကျော်စောဟန် က ပြောပါတယ်။

“မြန်မာနိုင်ငံကိုပေးမယ့် Non-lethal assistant ထဲမှာ ဘာတွေပါမလဲဆိုတော့ လူကိုသေစေနိုင်ခြင်းမရှိတဲ့ အရာတွေ၊ လက်နက် ခဲယမ်းမီးကျောက် မဟုတ်တဲ့ အကူအညီတွေ ဘာမဆို ဖြစ်နိုင်တာပေါ့နော်။ အဲဒီထဲမှာ ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေ၊ စက်သွယ်ရေးစက်တွေ၊ ကားတွေ၊ ယာဉ်ယန္တရားတွေ ဒါတွေအထိ ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတဲ့နေရာမှာ အုပ်ချုပ်ရေး ယန္တရားတွေ တည်ဆောက်တဲ့ အကူအညီပိုင်းဆိုင်ရာတွေ၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေပေးတဲ့ နေရာတွေမှာလည်း ကျနော်တို့ အကူအညီရနိုင်တာပေါ့နော်”

အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ -၂၀၂၃ အတည်ဖြစ်လာရင် မြန်မာနိုင်ငံအတွက် ၂၀၂၃ ကနေ ၂၀၂၇ ခုနှစ်အထိ အကူအညီတွေ ရရှိမှာပါ။

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ကနေ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ကို တရားဝင် ထောက်ပံ့လာနိုင်ပြီဆိုရင်တော့ သူ့ရဲ့မိတ်ဖက် ဥရောပနိုင်ငံတွေနဲ့ အခြား နိုင်ငံတွေကလည်း မြန်မာကို ထောက်ပံ့တာနဲ့ စစ်ကောင်စီကို ပိုအရေးယူ ဖိအားပေးတာ တွေ ထပ်ဖြစ်လာနိုင်တယ်လို့ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့ရဲ့  ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာ က ပြောပါတယ်။

“ဖြစ်လာပြီဆိုရင်တော့ တခြားနိုင်ငံတွေကလည်း လေယာဉ်ဆီ ဖြတ်တောက်ရေး၊ လက်နက်ရောင်းတဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ရေးဆိုတဲ့ အရေးယူမှုတွေက ကျမ ထင်တယ်တယ် လာမယ့် တစ်လ၊ နှစ်လအတွင်းမှာပဲ ထပ်ပြီးဖြစ်လာလိမ့်မယ်။ သေချာတာကတော့ မြန်မာနိုင်ငံဟာ အရင်လိုမဟုတ်တော့ဘူး။ အရင်ခေတ် မဟုတ်တော့ဘူး။ ကျမတို့ခေတ်တုန်းကလို စစ်အာဏာရှင်က စစ်ဖိနပ်အောက်မှာ ပြားပြားဝတ်နေဆိုတဲ့ ခေတ်ကို ကျော်သွားပြီးပြီပေါ့နော်။ ကျမတို့ခေတ်နဲ့ ကျမတို့ မျိုးဆက်နဲ့မတူတဲ့ မျိုးဆက်သစ်ရဲ့ တော်လှန်မှုဆိုတာက ကျမတို့ မျက်လုံးပြူးရတဲ့ အဆင့်ကို ရောက်သွားပြီ”

အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ NDAA မှာ မြန်မာနိုင်ငံတစ်ဝန်းက စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ရုရှားထုတ် တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေကို အသုံးပြု နေတဲ့အတွက် စစ်ကောင်စီကို လက်နက်တင်သွင်းမှု ပိတ်ဆို့ရေးကို ကြိုးစားသွားမယ့် အကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီကို ကူညီထောက်ပံ့နေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ တာဝန်ခံမှု ရှိစေဖို့ သတိပေးထားပြီး၊ စစ်ကောင်စီကို အရေးယူရာမှာ ရုရှားနဲ့ တရုတ်ကပါ လက်ခံလာအောင် ဖိအားပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ရွေးကောက်ခံ အစိုးရကို အာဏာပြန်အပ်ဖို့၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရသူတွေကို တရားစွဲတာတွေ ရုပ်သိမ်းဖို့၊ ၂၀၀၈- အခြေခံဥပဒေကို ပြင်ဆင်ဖို့၊ လွှတ်တော်ထဲ ဝင်ထိုင်နေတဲ့ စစ်သား ၂၅ ရာခိုင်နှုန်း ပြန်ထွက်ဖို့ စတဲ့အချက်တွေကိုလည်း အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ ၂၀၂၃ မှာ ထည့်သွင်း တောင်းဆိုထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia