လုံခြုံရေးကောင်စီဖိအားနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်နိုင်ခြေ

December 12th, 2022  •  Author:   Radio Free Asia  •  1 minute read
Featured image

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံးသောတောင်းဆိုချက်ဟာ မြန်မာပြည်နိုင်ငံရေးအကျပ်အတည်းအတွက် ဝမ်းသာစရာဖြစ်ပေမယ့် အားနည်းချက်တွေရှိနေသေးတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်း က မှတ်ချက်ပြုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတဲ့ မြန်မာအရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှစ်ပေါင်း ၇၀ ကျော်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က အတည်ပြုခဲ့ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ အားနည်းချက်တွေအများကြီးရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသလို တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးက နီးစပ်လာတယ်ဆိုတဲ့ မျှော်လင့်မှုတချို့လည်း ရှိလာပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ဘယ်လိုအားနည်းချက်တွေရှိခဲ့ပါသလဲ။

စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှုကန့်သတ်ပိတ်ပင်ဖို့လိုအရေးကြီးတဲ့ အကြောင်းအရာတွေ မပါဝင်တာက အားနည်းချက်တစ်ခုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မှတ်ချက်ပြုပါတယ်။

“မြန်မာ့အရေးကို ကုလသမဂ္ဂရဲ့ အမြင့်ဆုံးနေရာဖြစ်တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဖြစ်ထွက်လာတာ အားကောင်းပါတယ်။ ဒီဆုံးဖြတ်ချက်ထဲမှာ လက်နက်တင်ပို့ရောင်းချမှု တားဆီးရေးဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်တာတွေ၊ ဒါတွေသေချာပါတာတော့ မတွေ့ဘူး။ ဒီထပ်ပိုမိုပြင်းထန်ပြီး အရေးယူဆောင်ရွက်မှုအပိုင်းအထိပါတဲ့ အဆင့်အထိဆိုရင်တော့ ပိုပြီးကောင်းပါလိမ့်မယ်။ အခုထုတ်လိုက်တဲ့ အထဲမှာတော့ တောင်းဆိုတဲ့အဆင့် ဒီလိုမျိုးတောင်းဆိုတဲ့ အဆင့်ကိုလိုက်လျောမှုမရှိဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိရင်တော့ နောက်ထပ်အရေးယူတဲ့ အပိုင်းအထိပါတဲ့ ဆုံးဖြတ်ချက်မျိုး ထပ်ပြီးပေါ်လာနိုင်ပါတယ်။”

ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်မှာ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးထံ လွှဲပြောင်းပေးဖို့ တရုတ်နဲ့ ရုရှားဘက်က စစ်ကောင်စီကို လက်နက်နဲ့ ဘဏ္ဍာငွေ ထောက်ပံ့နေတာတွေကို ကာကွယ်တားဆီးပေးဖို့စတဲ့ အချက်တွေထည့်သွင်းဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ရှေ့ပြေးအသံအဖွဲ့ကလည်း ကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်မယ့် ဆောင်ရွက်မှုတွေမပါလို့ စိတ်ပျက်မိတယ်လို့ ရှေ့ပြေးအသံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

စစ်ကောင်စီရဲ့ မြန်မာပြည်သူလူထုအပေါ် အရှိန်အဟုန်ပြင်းပြင်း ဆင်နွှဲနေတဲ့ စစ်ပွဲနဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်စွာနဲ့ ဆက်လက်ကျူးလွန်နေတာတွေကို ရပ်တန့်နိုင်ဖို့အတွက် ဒီထက်ပိုပြီး ခိုင်မာထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ရှေ့ပြေးအသံအဖွဲ့က ထုတ်ပြန်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံနဲ့ ရထားတဲ့ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ မဲဆန္ဒကို လေးစားလိုက်နာဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က စစ်ကောင်စီကို ထိရောက်တဲ့ ဖိအားပေးနိုင်မယ်လို့ မထင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က ပြောပါတယ်။

“အာဆီယံအဖွဲ့က ဆုံးဖြတ်ချက် ငါးရပ် ချပေမယ့် စစ်ကောင်စီက ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှအရေးတယူ မရှိပါဘူး။ အာဆီယံဆုံးဖြတ်ချက်ငါးရပ်ကို အကောင်အထည်မဖော်ပေးတဲ့အတွက်လည်း အာဆီယံက စစ်ကောင်စီကို တစ်ဆင့်တိုးပြီး အရေးယူနိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒါ့ကြောင့်မို့ လုံခြုံရေးကောင်စီက တောင်မှ မြန်မာပြည်အရေးကို တောင်းဆိုမှုတွေလုပ်လာတယ်ဆိုတာကတော့ အတော်တော့ ဝမ်းသာစရာကောင်းပေမယ့် ဒီဆုံးဖြတ်ချက်က ဘာမှထိရောက်တဲ့ဖိအား စစ်ကောင်စီကို ပေးနိုင်မယ်လို့ ကျွန်တော်တို့ မယူဆပါဘူး။”

တစ်ဖက်မှာလည်း လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အရေးယူမှုတွေမပါဝင်သေးပေမယ့် စစ်ကောင်စီက နိုင်ငံတကာ မျက်နှာစာမှာ အရေးနိမ့်သွားတယ်ဆိုတာကို မြင်သာစေတယ်လို့ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ကတော့ သူတို့အလွန်တရာမှ စိုးရိမ်ကြီးတယ်။ အခုက ဦးတည်တောင်းတာကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေဆိုပြီးတောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းတာပေါ့။ နိုင်ငံတကာကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုမှ သူတို့ဘက်ကနေ မလွှတ်ဘူးဆိုရင် ဖိအားတွေက ဆက်တိုက်လာတော့မှာ။ နိုင်ငံရေးမျက်နှာစာမှာ သူတို့အတွက်ကတော့ အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှု သူတို့တော်တော်လေးကို အရေးနိမ့်သွားတယ်။”

ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးက အရင်ကထက် နီးစပ်လာတယ်လို့ ဦးထွန်းကြည်က ယူဆပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကြောင့်ဆိုတာမျိုးမဟုတ်ဘဲ ၂၀၂၃ မှာ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာအသိအမှတ်ပြုမှုရနိုင်အောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ ပြန်လွတ်လာတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

“လုံခြုံရေးကောင်စီက ဆုံးဖြတ်ပြီးတဲ့အခါကျတော့ ဒါကုလသမဂ္ဂရဲ့ မှတ်တမ်းမှာတော့ သမိုင်းမှတ်တမ်းဝင်ဖြစ်သွားတာပေါ့။ အထူးသဖြင့်တော့ စစ်ကောင်စီက နဝတ၊ နအဖ ခေတ်ကတည်းက နိုင်ငံတကာဖိအားတွေကို ဘယ်တော့မှဂရုမစိုက်ဘူး။ သူတို့လုပ်စရာရှိတာ သူတို့အစီအစဉ်နဲ့ သူတို့လုပ်တာပဲပေါ့။ ဖိအားကြောင့် လွှတ်တာမျိုးတော့ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ လိုအပ်ချက်အရ သူတို့လုပ်မယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာ အသိမှတ်ပြုမှု၊ ပြည်တွင်းက ပြည်သူလူထုအသိအမှတ်ပြုမှု၊ အဲ့လိုရဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေကို လွှတ်ပေးပြီးတော့ ရွေးကောက်ပွဲ ဝင်စေတာမျိုး ဒါမျိုးဆက်စပ်ပြီးတော့ သူတို့စဉ်းစားမိလို့ လွှတ်တာမျိုးပဲဖြစ်လိမ့်မယ်။ လွှတ်ခဲ့တယ်ဆိုရင်လည်း။”

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်ခြေအပေါ် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားပြီး စစ်တပ်နဲ့နီးစပ်တဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက အမှုတွေဆုံးဖြတ်ချက်ချပြီးမှ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

“ နိုင်ငံရေးအရ ဖိအားပေးမှုတစ်ခုပါပဲ။ ကုလသမဂ္ဂအနေနဲ့ ဘယ်လိုပဲထုတ်ပြန်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ချမှတ်၊ မြေပြင်အခြေအနေနဲ့ မကိုက်ညီဘူးဆိုရင် ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေတဲ့ အမှုတွေ၊ အဲ့ဒီအမှုတွေကို မပြီးပြတ်သေးဘဲ ပြန်လွှတ်ဖို့ဆိုတာ သာမာန်ရိုးရိုးတွေးတဲ့အချိန်မှာ ဖြစ်နိုင်ဖို့ အရမ်းခဲယဉ်းပါတယ်။ အဲ့ဒါတွေပြီးပြတ်ပြီးမှ နောက်ပိုင်းစဉ်းစားမလား ဒီတစ်ခုတော့ ကျွန်တော်တို့တွက်လို့ရတယ်။ အမှုမပြီးပြတ်ဘဲနဲ့တော့ ဒီတိုင်းကြီးလွှတ်လိုက်ဖို့ဆိုတာတော့ သိပ်မလွယ်လောက်ဘူးထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်မို့ ဒါမျိုးအထူးအခွင့်အရေးနဲ့လုပ်တယ်ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပိုင်းကို မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်သွားမယ်။ တကယ်လို့ အဲ့လိုလုပ်ပေးဖို့ တစ်ဖက်ကတောင်းဆိုမှုတွေရှိခဲ့ရင်တောင် လက်ရှိ ရင်ဆိုင်နေတဲ့ အမှုတွေကို ကျော်လွှားပြီးမှ အဲ့ဒီနောက်ပိုင်းက ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။”

လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့ တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရတဲ့အမှုတွေထဲက နောက်ဆုံးကျန်နေတဲ့ အဂတိအမှု ငါးမှုကို အပြီးသတ်လျှောက်လဲချက်ပေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၇၈ နှစ်ရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၉ မှုနဲ့ တရားစွဲခံခဲ့ရပြီး အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပါတယ်။ ကျန်နေတဲ့ အမှုငါးခုကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ စစ်ဆေးနေပါတယ်။

အမေရိကန်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စစ်ကောင်စီကို တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေ အပေါ်ဖိနှိပ်ချုပ်ခြယ်မှုနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို အဆုံးသတ်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လို့ ယူဆပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြိုဆိုတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။


Original post.