အင်းစိန်ထောင်ထဲက သေဒဏ်ချမှတ်ခံလိုက်ရတဲ့ အထွေးဆုံးသား သို့မဟုတ် ဒတ္ထ

03 December 2022

Mizzima

အင်းစိန်ထောင်ထဲက သေဒဏ်ချမှတ်ခံလိုက်ရတဲ့ အထွေးဆုံးသား သို့မဟုတ် ဒတ္ထ

ဒီဇင်ဘာလ ၃ ရက်

(လင်းသူရိန်)

အကျဉ်းကျခံနေရတဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးက အင်းစိန်ထောင်ထဲကနေ ကဗျာတစ်ပုဒ် မိဘတွေဆီရေးပို့ခဲ့သည်။ ကဗျာခေါင်းစဉ်က “အိမ်ဝေး” တဲ့။

အိမ်ဝေး

ပြန်လာမယ်အမေ

ဥဩညိုတေးဆိုဖွဲ့

လွမ်းတဲ့ ဒီနွေ

အိမ်မက်မှာလေ

ညနေချိုပန်းတွေပွင့်

မလွမ်းကောင်းပေမည့်

ပန်းကျောင်းမှာ စာတွေသင်ဖို့

အမေအို ရင်ခွင်နန်းကို မြန်းဖို့မျှော်လင့်။

ဒတ္ထဆိုတဲ့ ကလောင်နာမည်ရဲ့ ကဗျာပိုင်ရှင်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က သေဒဏ်ချမှတ်ခံလိုက်ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ယောက်ထဲက အသက် (၂၂) နှစ်အရွယ် ကိုသူရမောင်မောင် ဆိုတဲ့ လူငယ်လေးဖြစ်သည်။

ကိုသူရမောင်မောင်ဟာ မွေးချင်းခြောက်ယောက်မှာ အငယ်ဆုံးသားဖြစ်ပြီး စစ်အာဏာမသိမ်းခင်က ဒဂုံတက္ကသိုလ်မှာ မြန်မာစာအဓိကနဲ့ ပညာသင်ယူနေခဲ့သူဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်း ဆန့်ကျင်သူများ လမ်းမပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြကြရာ ကိုသူရမောင်မောင်လည်း ပါဝင်ခဲ့သည်။

သူနဲ့ အနီးကပ်နေခဲ့သူ တစ်ယောက်က “ကျနော်တို့လူငယ်တွေမှ ဒီကိစ္စကို တက်တက်ကြွကြွမလုပ်ရင် မတော်လှန်ရင် ဒီတော်လှန်ရေးက ၈၈ ထက်အများကြီးပိုဆိုးသွားမယ်ဆိုပြီး ပြောတတ်တယ်” ဟု ကိုသူရမောင်မောင်ပြောစကားကို ပြန်ပြောပြသည်။

၂၀၂၁ခုနှစ် မတ်လအတွင်း တောင်ဒဂုံမြို့နယ်မှာ စစ်တပ်က လူထုဆန္ဒပြသပိတ်တွေကို အကြမ်းဖက်ဖြိုခွင်း၍ လူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက်မှာတော့ ကိုသူရမောင်မောင်တစ်ယောက် တိတ်တဆိတ် အိမ်က ထွက်ခွာသွားတော့သည်။

ရံဖန်ရံခါမှသာ သူ့အစ်မကြီးကို ဆက်သွယ်ခဲ့ပေမဲ့ မိဘနှစ်ပါးကိုတော့ လုံးလုံးအဆက်သွယ်မပြု အသိမပေးဘဲ နေခဲ့သည်။

သူထွက်ခွာသွားပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ရက်နေ့မှာတော့ တောင်ဒဂုံမြို့နယ်ရဲစခန်းမှာ ရောက်ရှိနေတာကို မိသားစုဝင်များသိရှိလိုက်ရသည်။

“ည ၁၀နာရီခွဲလောက်မှာ အစ်မသိတယ်၊ အစ်မကိုဆက်တယ်၊ သူရတို့ပါသွားတယ်၊ အဖေတို့အမေတို့တော့ အသိမပေးဘူး” ဟု သူ့အစ်မကြီးကပြန်ပြောသည်။

ရုံးရောက်ရောက်ခြင်း တရားစွဲဆိုထားသောမှုသည် အကြမ်းဖက်မှု ပုဒ်မ ၅၁ ( ဂ)ဖြစ်သည်။ ထို့နောက် တောင်ဒဂုံမြို့နယ်က လူသတ်မှု ရာဇတ်သတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (က)/၃၄ ဖြင့် ထပ်မံတရားစွဲခဲ့ခြင်း ခံခဲ့ရသည်။

ကိုသူရမောင်မောင်နဲ့အတူ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊၊ ကို သက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ကို ရဲက တရားလိုလုပ်ပြီး တောင်ဒဂုံမြို့နယ်တရားရုံးတွင် လူသတ်မှုဖြင့် တရားစွဲခံခဲ့ရခြင်း ဖြစ်သည်။

ကျောင်းသားခုနစ်ဦးဟာ တောင်ဒဂုံမြို့နယ်အတွင်းက ကမ္ဘာ့ရတနာဘဏ်ခွဲရဲ့ ဘဏ်မန်နေဂျာ စစ်မှုထမ်းဟောင်းတစ်ယောက် အသတ်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲခံရပြီး လူသတ်မှုနှင့် တရားစွဲခြင်းဖြစ်သည်။

ဧပြီလ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်က ဘဏ်တာဝန်ခံမန်နေဂျာ အသက် (၄၈) နှစ်အရွယ် ဦးစောမိုးဝင်းသည် မောင်းမကန်လမ်းမပေါ်ရှိ ဘဏ်ရှေ့တွင် ကားပေါ်ကအဆင်း သေနတ်ဖြင့်ပစ်ခံရပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့သည်။

ထိုနေ့တွင်ပင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူများ စီးနင်းခဲ့သည်ဆိုသော ဟွန်ဒါဖစ်ကားတစ်စီးကို ဒဂုံဆိပ်ကမ်းမြို့နယ် (၆၁) ရပ်ကွက် ရတနာလမ်းနှင့် ဧရာဝဏ်လမ်းသွယ်ထောင့်မှာ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ရေးသားခဲ့သည်။

အခင်းဖြစ်ပွားပြီး နောက်တစ်ရက်ဖြစ်သည့် ဧပြီလ ၁၉ ရက်နေ့တွင် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့နှင့် Yangon Liberation Force (YLF) တို့ ပူးပေါင်းပြီး ဗိုလ်မှူးဟောင်း စောမိုးဝင်းကို လုပ်ကြံခဲ့ကြောင်းထုတ်ပြန်ကြေညာချက်က လူမှုကွန်ရက်မှာ ထွက်ရှိလာခဲ့သည်။

” ကမ္ဘာ့ဘဏ်ရတနာသည် CDM ဆရာ၊ ဆရာမများအား ချေးငွေဆပ်ရန် ဖိအားပေးခြင်း၊ CDM ဘဏ်ဝန်ထမ်းများအား မတရား ဖိနှိပ်မှုများပြုလုပ်ခြင်း၊ CDM ပြုလုပ်သည့် ဘဏ်ဝန်ထမ်းများအား ခုံရုံးတင်စစ်ဆေးခြင်းများပြုလုပ်ပြီး ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သူများအား အပြစ်ပေးအရေးယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။” ဟု ကြေညာချက်တွင် ပါရှိသည်။

ဗိုလ်မှူးဟောင်း စောမိုးဝင်းသည် ” အကြမ်းဖက်စစ်တပ်ကို အားပေးထောက်ခံသူတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့အကျိုးစီးပွားအတွက် အလုပ်လုပ်ပေးနေသည့် ဒေါက်တိုင်လည်းဖြစ်သည်။” ဟုလည်း ပါရှိသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တက္ကသိုလ်တက်ဆဲကျောင်းသားခြောက်ဦးနှင့် ကျောင်းသားဟောင်းတစ်ဦးဖြစ်သူတို့ ဧပြီလ ၂၁ ရက်နေ့ကတည်းက အဆက်သွယ်ပြတ် ပျောက်ဆုံးနေကြောင်းနှင့် အကြမ်းဖက်တပ်၏ ဖမ်းဆီးခံထားရခြင်းဖြစ်နိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ကိုသူရမောင်မောင်အပါအဝင် ယခုအခါ သေဒဏ်ပေးခံရသူများ၏အမည်များ တူညီနေသည်ကို တွေ့ရသည်။

၄င်းတို့ကို သေဒဏ်အမိန့်ချမှတ်သည်ကတော့ အင်းစိန်ထောင်တွင်းရှိ စစ်ခုံရုံးကဖြစ်သည်။ စစ်ခုံရုံးဆိုသည်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်မှစ၍ အနည်းဆုံး စစ်တပ်အရာရှိ နှစ်ဦးပါဝင်သော ခုံရုံးဖြစ်ကာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စစ်ခုံရုံးဥက္ကဋ္ဌကသာ အမိန့်ချမှတ်ခွင့်ရသည်။

ကျောင်းသားများမှာ ရှေ့နေငှားခွင့်မရသလို တံခါးပိတ်တရားခွင်၌ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

” အမြင့်ဆုံးအခွင့်အရေးကတော့ ကိုယ်တိုင်ချေပပြောဆိုလို့ရတယ်။ ဒါပေမဲ့ ချချင်တဲ့ဟာကို ချတာပါ။” ဟု လူ့အခွင့်အရေးဆိုင်ရာရှေ့နေတစ်ဦးက စစ်ခုံရုံးများ၏တရားစီရင်ပုံနှင့် ပတ်သက်၍ မဇ္ဈိမကို ရှင်းပြသည်။

မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနဲ့ တောင်ဒဂုံမြို့နယ်တွေမှာ စွဲဆိုထားသော နိုင်ငံရေးအမှုများကို စစ်ခုံရုံးတင်လေ့ရှိသည်။

ထောင်တွင်းတရားခွင်ရုံးထုတ်လျှင် တရားရင်ဆိုင်နေသူ၏ မိသားစုနှင့် သူငယ်ချင်းများတော့ တွေ့ဆုံခွင့်ရကြသည်။

ခုနစ်လကျော်အကြာ နိုဝင်ဘာလ ၃၀ရက်နေ့မှာတော့ ပုဒ်မ၃၀၂(က)/၃၄ ဖြင့် စစ်ခုံရုံးက အဲဒီ ပုဒ်မအတွက် အမြင့်ဆုံးဖြစ်တဲ့ သေဒဏ်ကိုချမှတ်ခဲ့သည်။

“အစ်မတို့ကလေးတွေလုပ်တဲ့ ကိစ္စတွေနဲ့မမျှဘူးလို့မြင်တယ်၊ မိသားစုတစ်ယောက်အနေနဲ့တော့ ဖြေနိုင်စရာအကြောင်းမရှိဘူး။” ဟု ကိုသူရမောင်မောင်၏ အစ်မကြီးဖြစ်သူက ပြောသည်။

သေဒဏ်အမိန့်က လေဖြတ်နေသည့် သူ့အဖေနှင့် ခွဲစိတ်ကုသရမည့် အကြိတ်ရှိနေသည့် ဝေဒနာသည် သူ့မိခင် အပါအဝင် မိသားစုဝင်တွေကို ယူကျုံးမရဖြစ်စေသည်။

ကိုသူရမောင်မောင်သည် တောင်ဒဂုံမြို့နယ်၊ (၇၂) ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းအမှတ် (၁၉) နဲ့ ဒဂုံအရှေ့က အထက်တန်းကျောင်းအမှတ် (၁)တို့မှာ ပညာသင်ယူခဲ့သည်။ ဆယ်တန်းအောင်ပြီးကတည်းက ဓာတ်ဆီဆိုင်၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ပြီး မိသားစုတွေကို ထောက်ပံ့ပေးခဲ့သူ တစ်ယောက်ဖြစ်သည်။

အနေအေးသူ တစ်ယောက်ဖြစ်သလို စာဖတ်တာ၊ ကဗျာရေးတာနဲ့ လက်မှုပညာတွေကို ဝါသနာပါသည်။ သူနှစ်သက်သည့် ကဗျာဆရာများတွင် အောင်ချိမ့်၊ လှသန်း၊ တာရာမင်းဝေတို့ပါဝင်ပြီး မြသန်းတင့်၏စာအုပ်များ ဝယ်လေ့ရှိသည်ဟု အစ်မကြီးဖြစ်သူကပြောသည်။ ထောင်ထဲရောက်တော့ လှသန်းပေါင်းချုပ် ကဗျာစာအုပ်ဖတ်ချင်၍ မှာသည်ဟုလည်း သိရသည်။

စာဖတ်တာအပြင် ပန်းချီဆွဲတာပါ ဝါသနာပါသလို အိတ်ထိုးတာမျိုးလို လက်မှုပညာလည်း လေ့လာသည်။

“သူက အနေအေးတယ်။ သူ့သူငယ်ချင်းတွေနဲ့လောက်ပဲ စကားပြောတာ။ မောင်နှမတွေနဲ့တောင်ရော ရောထွေးထွေးမနေဘူး။ ပူဆာတာ ဘာညာမရှိဘူး။”ဟု အစ်မကြီးကပြောသည်။

နိုဝင်ဘာလ ၃၀ရက်နေ့ ကိုသူရမောင်မောင်တို့ သေဒဏ်ချမှတ်ခံရတဲ့ တစ်ရက်တည်းမှာပင် အင်းစိန်ထောင်တွင် နိုင်ငံရေးနှင့်ဆက်နွယ်ပြီး နောက်ထပ်လူ ၁၁ဦးလည်း သေဒဏ်ချမှတ်ခံခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများကို သေဒဏ်ချမှတ်မှုပေါင်း ၁၃၀ ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကသတင်းထုတ်ပြန်ထားသည်။

သေဒဏ်ချခံရသူများထဲမှ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ကြိုးပေးကွပ်မျက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ လျှို့ဝှက်ကြိုးပေးမှုများလုပ်လေ့ရှိတတ်ရာ အခြားသောသေဒဏ်ချခံရသူများထဲမှလည်း ကြိုးပေးခံရသည်ဟု အတည်မပြုနိုင်သော သတင်းများ ထွက်ခဲ့သည်။

၂၀၂၁ခုနှစ် နွေရာသီကတည်းက အိမ်ကိုခွဲခွာ၍ တော်လှန်ရေးထဲကို ထွက်ခွာသွားခဲ့သည့် လူငယ်လေးတစ်ယောက် သူ့ကဗျာထဲကလို ပြန်လာမယ်အမေဆိုတဲ့ စကားအတိုင်း အိမ်ကို ဘယ်အချိန်ပြန်လာနိုင်မှာလဲဆိုတာကတော့ မေးခွန်းသက်သက်သာဖြစ်နေဆဲဖြစ်သလို ကြွေလွင့်သွားမှာကိုလည်း မိသားစုရော သူ့ကိုချစ်သူလူအများပါ စိုးရိမ်နေကြသည်။

“ပြန်လာမယ်အမေ

ဥဩညိုတေးဆိုဖွဲ့

လွမ်းတဲ့ ဒီနွေ.”……။

စာတည်း – သန့်ဇော်(သန်လျင်)

အမှားပြင်ဆင်ချက်။ ။အစောပိုင်းကရေးသားခဲ့သလို အိမ်ဝေးကဗျာရေးသူမှာ ကိုရဲမောင်မောင်မဟုတ်ဘဲ အင်းစိန်ထောင်အတွင်းဖြတ်သန်းခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ဒင်၏ ကဗျာဖြစ်သည်။ ကိုအောင်ဒင်က ၁၉၈၉ ခုနှစ် မေလအတွင်းက အင်းစိန်ထောင်၊ အထူးတိုက်၊ အခန်းအမှတ် (၂) ၏ နံရံမှာ ရေးဖြစ်ခဲ့သောကဗျာဖြစ်ကာ နောက်ပိုင်းတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ကိုသူရမောင်မောင်က အိမ်သို့ပေးပို့ရာတွင် ကဗျာကိုရေးပို့ခဲ့ခြင်းသာဖြစ်သည်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia