ဖျက်ဆီးသွားမှာလည်း ပူနေပါဘူးကွယ်… အသက် ဘာမှမဖြစ် ပြီးတာပဲ

December 3rd, 2022  •  Author:   Myanmar Now  •  1 minute read
Featured image

စီးနင်းတိုက်ခိုက်ခံနေရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးဒေသအတွင်း စစ်ကောင်စီတပ်၏ရန်ကို ရှောင်နေရသော အသက် ၈၀ အရွယ် အမျိုးသမီးက အတွေ့အကြုံများကို မျှဝေထားသည်။

By Myanmar Now

အသက် ၈၀ ကျော်အရွယ် အင်တိုင်းကြီးရွာ ဒေသခံ ဒေါ်ပစ်လည်း စစ်ကောင်စီတပ်၏ရန်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည်  (ဓာတ်ပုံ-Myanmar Now)

မြင်သမျှကို လိုက်လံပစ်ခတ်သတ်ဖြတ်သည်ဟု အများသိကြသည့် စစ်တပ် ရွာအနီး ရောက်လာသည် ဆို၍ အသက် ၈၀ ကျော်အရွယ် ဒေါ်ပစ်သည် သားဖြစ်သူ၏ ဆိုင်ကယ်နှင့် လိုက်လာခဲ့ရသည်။

နိုဝင်ဘာ ၂၃ လမိုက်ညတွင် စစ်ကိုင်းတိုင်း၊  ခင်ဦးမြို့နယ်၊  အင်တိုင်းကြီးရွာမှ ထွက်ခွာရန် ဆိုင်ကယ်ပေါ် ခွထိုင်ပြီး  လိုက်လာရသည့် ဒေါ်ပစ်က သားဖြစ်သူသည်လည်း  အခြားဆိုင်ကယ်များနှင့် ကွဲကွာသွားခြင်း မရှိစေရန် သတိထားမောင်းရသည်ဟု   ပြောသည်။

“ရှေ့က ဆိုင်ကယ်တွေ မျက်ချည်ပြတ်မှာစိုးလို့ အမေရေ၊ ကျုပ်ခါးသာ ဖက်ထား၊ မကျစေရဘူး။ ကျုပ်က ရှေ့က ဆိုင်ကယ်တွေ မီအောင်မောင်းရမှာ တဲ့။ အေးပါကွယ်၊ မကျပါဘူး၊ မောင်းသာမောင်းပါ ပြောရတယ်၊ အဲဒီလိုလာခဲ့ရတာပဲ” ဟု ဒေါ်ပစ်က   ပြောပြသည်။

“အိမ်ကတော့ ဒီအတိုင်း ပစ်ထားခဲ့တာ၊ ဟောင်းလောင်းပဲ၊ ဘာမှ မခတ်ခဲ့ဘူး၊ ဒီအတိုင်းကို ထားခဲ့တာ၊ ဖျက်ဆီးသွားမှာလည်း ပူနေပါဘူးကွယ်၊ အသက် ဘာမှ မဖြစ်ပြီးတာပဲ။ ဘာပစ္စည်းမှလည်း သိမ်းလည်းမသိမ်းဘူး၊ သယ်လည်းမသယ်ခဲ့ဘူး၊ ဝင်းတံခါးလည်း မပိတ်ဘူး။ အိမ်လည်း သော့ခတ်ချိန် ရတယ် မခတ်ဘူး၊ ထားခဲ့တာ။ ဒီရောက်တော့ စိတ်ချလက်ချ အိပ်ပျော်တာပါပဲ”

စစ်တပ်က ၎င်းတို့ရွာအနီးရှိ ဗအိုးရွာသို့ ရောက်လာပြီဟူသော သတင်းကြောင့် ထိုညက တစ်ရွာလုံး နီးပါး ထွက်ပြေးတိမ်းရှောင်ကြရသည်။ “ဗအိုး ရောက်ပြီတဲ့။ မကောင်းတဲ့ဟာတွေ ဗအိုးရောက်လာပြီတဲ့၊ အဲ့ဒါကြောင့် ရွာကထွက်ကြတဲ့။ ထွက်ဆိုတာက အရှေ့လည်းမထွက်ရဘူးတဲ့၊ ရွာထဲက ပြောကြတာလေ။ တောင်ဘက်ကို ထွက်ရမယ်တဲ့၊ အဲ့ဒါကြောင့် မြို့သစ်ဆီ ရောက်လာတာ” ဟု ဒေါ်ပစ်က ဆိုသည်။

အသားခပ်လတ်လတ်ဖြစ်သော အမေကြီးက အပြာနုရောင် ခေါင်းပေါင်းနှင့် သင်တိုင်းအင်္ကျီ အပြာနုရောင်ကို သေသေသပ်သပ် ဝတ်ဆင်ထားသလို စိမ်းပြာရောင်နှင့်အပွင့်နုတ်နုတ်ပါသော ထမီ၊ အပေါ်ထပ်လက်ရှည်အင်္ကျီ တို့နှင့် ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာဒုတိယပတ် မှစ၍ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းခွဲကာ စီးနင်းနေ၍ ခင်ဦးဒေသခံ နှစ်သောင်းနီးပါးသည် နိုင်သမျှ ဝန်စည်စလွယ် ဆွဲကာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရ ခြင်းပင်။ ထိုအထဲတွင်   ဒေါ်ပစ်လည်း အပါအဝင်ဖြစ်သည်။

မြို့သစ်ရွာဘုန်းကြီးကျောင်းတွင် စစ်ရှောင်များ ခိုလှုံရောက်ရှိနေသည်ကို နိုဝင်ဘာ ၂၄ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ဒေါ်ပစ်နှင့်သားတစ်ဦး နေထိုင်သော အင်တိုင်းကြီးရွာသည် ခင်ဦးမြို့နယ် အနောက်မြောက်ဘက် ၇ မိုင် ခန့်အကွာတွင် တည်ရှိသော  အိမ်ခြေ ၃၀၀ ကျော်ဝန်းကျင်ရှိ ဆည်ရေသောက်ရွာကြီးဖြစ်သည်။

နယ်မြေ ထိစပ်နေသော ကန့်ဘလူမြို့နယ်ဘက်မှ စစ်ကြောင်းတစ်ခု ထပ်ဝင်ရောက်လာ၍ ခင်ဦးမြို့နယ်အနှံ့အပြား စစ်ကြောင်းထိုးဖျက်ဆီးခံနေရချိန်လည်း ဖြစ်သည်။ အင်တိုင်းဇာတိ ဒေါ်ပစ်တို့သားအမိ  ရွာမှ ၃ မိုင်အကွာခန့်ရှိ မြို့သစ်ရွာသို့  ရောက်လျှင်   အနီးအနား ကျေးရွာများမှ ဘဝတူ ဒေသခံအများအပြားကို တွေ့ရသည်။

 

“အင်တိုင်းကြီးမှာပဲ မွေး၊ အင်တိုင်းမှာပဲ ကြီးတာ။ ဟိုတုန်းကတော့ သိုးတွေဘာတွေရောင်းတာ။ အရွယ်ကောင်းတုန်းပေါ့။ သာဝတ္ထိတို့ဘာတို့ ပတ်ရောင်းတာ။ အခုတော့ ကြာပါပြီ။ အခုမှ ဒီကို ရောက်ဖူးတာ၊ ရောက်တာတော့လည်း အလည်မဟုတ်”  အလျင်အမြန် စစ်ရှောင်လာရသည့် သူတို့တွင် ခရီးဆောင်ပင် ပါမလာပေ။

“အိမ်က ထွက်တော့ စောင်ထုပ်ပဲ၊ တခြားဘာမှပါဘူး။ ညနေစာ စားဖို့ တဲ့ ထမင်းထုပ်ပါတယ်။ သားက ထမင်းလေး ထုပ်လာပေးတာ၊ မိုးချုပ်တော့ အခုလို ကျောင်းမှာနေရမယ်လို့ မသိဘူးလေ၊ တောထဲ နေရရင် ခက်ချည်ရဲ့ ဆိုပြီးတော့ ထုပ်လာတာ” ဟု ဒေါ်ပစ်က ထိုညက အတွေ့အကြုံကို ပြန်ပြောင်း ပြောပြသည်။

 

ဒေါ်ပစ်တို့မိသားစုအပါအဝင် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးများအပါအဝင် စစ်ရှောင်အများစုကို မြို့သစ်ရွာဘုန်းကြီးကျောင်းဝင်းအတွင်း ရွာခံများက နေရာချပေးထား၍ တောထဲ စစ်ရှောင်ရသူများထက် စာလျှင် အဆင်ပြေသည်ဟု ဆိုရမလိုလိုပင်။

ထို့ကြောင့် အသက် ၈၀ ကျော်အရွယ် စစ်ရှောင်အဘွားအိုအဖို့ အဆိုးထဲက အကောင်းဟူ၍ပဲ ဆိုရမလိုလို ဖြစ်နိုင်သော်လည်း စစ်တပ်ရန်ကြောင့် ပြေးလွှားပုန်းရှောင်ရသော ဒုက္ခသည်ကား အထင်အရှားပင် ဖြစ်ချေသည်။

“အခုတော့ မဟုတ်ပါဘူး။ နေရာထိုင်ခင်း ကောင်းတယ်။ စောင်နဲ့ဘာနဲ့ အိပ်ရတယ်။ တောထဲများ နေရမယ် ဆိုလို့ကတော့ မနေနိုင်ဘူးပေါ့။  သားက အမေအသက်ကြီးပြီ၊ စောင်လေးတော့ ယူခဲ့ဦးမှ ဆိုပြီး၊ ပြောတော့ အေးကွယ် … စောင်လေးတော့ ယူခဲ့ပါ့ဆိုပြီး ထုပ်လာတာ။ ကျန်တာဘာမှ မယူနိုင်ခဲ့ဘူး”  ဟု ဒေါ်ပစ်က ပြောသည်။

ဒေါ်ပစ်၏ခင်ပွန်းဖြစ်သူ မကြာသေးခင်က ဆုံးပါးခဲ့သလို သားဦးဇင်းတစ်ပါး အပါအဝင် သားသမီး ၇ ဦး ရှိပြီး အများစုက အဝေးတွင် ခွဲခွာနေထိုင်ကြကာ တောင်သူ လုပ်ကိုင်သော အသက် ၃၀ ကျော် အရွယ် သားဖြစ်သူသာ မိခင်နှင့် အတူနေထိုင်သည်။

“ဒီရောက်တော့ စိတ်ချလက်ချ အိပ်ပျော်တာပါပဲ။ စိတ်ပုတီးလည်းပါတော့ စိတ်ချလက်ချပဲ၊ ဓာတ်မီးလေးနဲ့ စိတ်ပုတီးလေးတော့ မမေ့ဘူး။ ထည့်ခဲ့တယ်။ စိတ်ပုတီးလေးစိပ်ပြီး ရှစ်ပါးသီလ မရတော့ ငါးပါးသီလတော့ ခံယူပြီး နေတာပဲ။ အိမ်လည်း ပြန်ချင်ပြီ မရှိပါဘူး။ သူများပြန်မှ ပြန်ရုံပဲ” ဟု သူက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပြန်ခုခံရန် ဆုံးဖြတ်ခဲ့ကြသူများထဲတွင် စစ်ကိုင်းတိုင်း ဒေသခံများက ထိပ်ဆုံးမှ ပါဝင်သည်။   ဒေသတစ်ခုလုံး စစ်ရိပ်စစ်ငွေ့သမ်းလာပြီးနောက်တွင်  ပြင်းထန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည်။

စစ်ကိုင်းတိုင်းတွင် စစ်တပ်က ရွာများကို စီးနင်းဝင်ရောက်ကာ လုယက်ဖျက်ဆီး၊ မီးရှို့ခဲ့ခြင်းကြောင့် စီးပွားရေး နှင့် စိုက်ပျိုးရေး အဆင်ပြေသော ဒေသတစ်ခုလုံး ထိခိုက်ပျက်စီးလာသည်။ ယခင်ကတည်းက စစ်တပ်ဝင်လျှင် ရွာမီးရှို့ပြီးမှ ပြန်လေ့ရှိသဖြင့် ဒေသခံအများအပြား စစ်တပ် ရောက်လာနိုင်သည်ဟု သတင်းကြားသည်နှင့် ထွက်ပြေးကြရာ စစ်ကိုင်းတိုင်းအတွင်း နေထိုင်သူများကြား ထမင်းထုပ်ပြင်သော ဓလေ့ပါ ထွန်းကားလာသည်။

အနီးနားကျေးရွာများမှ ပေးပို့သော ထမင်းထုပ်များကို မီးရှို့ခံထားရသည့် ပေါင်းလဲကုန်းရွာတွင် နိုဝင်ဘာ ၂၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

“နေ့လယ်စာတော့ စားပြီးပြီ။ ဒီက ထမင်းထုပ်ပေးတယ်လေ။ စားကောင်းပ၊ ဟင်းတောင် လေးမျိုးပါတယ်။ သူများရွာတွေ ဒုက္ခရောက်ကျဆို ကိုယ်က ပို့ပေါ့။ အခု ကိုယ်ဒုက္ခရောက်တော့ တခြားရွာတွေက ပြန်ပို့ကြတာပေါ့။ တချို့က ရှူးရှဲလေး ဝယ်၊ ဆီတို့ဟူးလေးဝယ်ပြီး ပို့ကြတာ၊ အဲ့လို မလုပ်ကြပါနဲ့အေ၊ ထမင်းထုပ်လေး ပို့တဲ့အခါ ကျကျနနလေး ပေးကြပါ။

ပလတ်စတစ်ဆို အသစ်ကို ဝယ်ထားတာ၊ သုံးပြီးသားနဲ့ မထုပ်ဘူး။ အဲ့လို စေတနာနဲ့ပို့ခဲ့တာပါ့။ ကိုယ်လည်း စေတနာနဲ့ စားရပါတယ်” ဟု ဒေါ်ပစ်က ဆိုသည်။မြို့သစ်ရွာဘုန်းကြီးကျောင်းတွင် တည်းခိုနေထိုင်နေသော ဒေါ်ပစ်က ၎င်းတို့ရွာတွင် ယခင် စစ်ကြောင်း ဝင်ခဲ့စဉ်က သူတို့ရွာရှိ ဘုန်းကြီးကျောင်းတွင်သာ ခိုလှုံခဲ့သည်ဟု ပြောပြသည်။

“အဲ့ဒီတုန်းကလည်း မြောက်ကနေပြီးတော့ စစ်တပ်ဝင်မှာတဲ့ဆိုပြီးတော့ အဘွားတို့ကို သားက ကျောင်းပို့ခဲ့တာ။ အဲ့ဒီတုန်းက အိမ်ကလူကြီးက ရှိသေးတယ်ကွယ့်၊ အခုတော့ ဆုံးပြီးပြီ၊ နှစ်ယောက်စလုံး ကျောင်းပို့ထားခဲ့တာ။ စစ်သားတွေကလာကြတော့ ခင်ဗျားတို့ သားတွေ သမီးတွေ ကတော့ ထွက်ပြေးပြီတဲ့၊ ခင်ဗျားတို့ကိုတော့ အိုနာထိုင်းမှိုင်းနေတော့ ဒီပို့ခဲ့တာပါ့ တဲ့၊ ကျုပ်ကို အဲ့လိုမေးတာ။

အဘွားတို့ကို ဘယ်နဲ့မှ မလုပ်ဘူး။ ရွာကိုလည်း မီးနဲ့မရှို့ဘူး။ အဲ့လိုပြောတာ။ အဲ့ဒီတုန်းကလည်း မနက်သုံးနာရီကြီး ထွက် (ပြေးလာ) ရတာ။ သူတို့လာရင် ကြောက်တာပေါ့။ တစ်ရွာလုံးကြောက်တာ။ အဘွားလည်း ကြောက်တာပါ့” ဟု ဒေါပစ်က ရယ်မောရင်း ပြောဆိုသည်။ထိုကျောင်းတွင် ၃ ရက်ခန့် တည်းခိုနေထိုင်အပြီး စစ်ကြောင်းရွာအနီးမှ ထွက်သွားသည်ဆို၍ သားနှင့်အတူ အင်တိုင်းကြီးရွာသို့ ပြန်လာခဲ့သည်။

မြို့သစ်ရွာဘုန်းကြီးကျောင်းရောက် စစ်ရှောင်သက်ကြီးပိုင်းတချို့ကို နိုဝင်ဘာ ၂၄ တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

ထိုစဉ်က ရွာထဲကို စစ်ကြောင်းဝင်ရောက်ခဲ့သော်လည်း နေ့တွင်းချင်းပြန်ထွက်သွားကာ တဲနှစ်လုံး မီးရှို့သွားသည်၊  နေအိမ်များအတွင်း ဝင်ရောက်မွှေနှောက်သည်ဟု ရွာခံများထံမှ သိရသည်။

စစ်ကောင်စီက မူးမြစ်နှင့် ဧရာဝတီမြစ်အကြားရှိ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကို  နိုဝင်ဘာ ၁၅ မှ ၂၈ အတွင်း   မြေပြင်စစ်ကြောင်းများအပြင် လေတပ်ကိုပါ စေလွှတ်  တိုက်ခိုက်စဥ်  ဒေသခံ ၂၃ ဦး သေဆုံး၊ ရွာပေါင်း ၁၂ ရွာမှ နေအိမ် ၇၀၀ ကျော် မီးရှိ့ဖျက်ဆီးခံရသည်။

ဒေါ်ပစ်ကတော့ သူတို့လို သက်ကြီးရွယ်အိုစစ်ရှောင်ဘဝတူများကို စာနာသနားသည်။ မြို့ပေါ်နေ သားဦးဇင်းက ခေါ်သော်လည်း ရွာမှာသာ ခေါင်းချတော့ရန် သူက ဆုံးဖြတ်ထားသည်။

“စိတ်ထဲတော့ အသက်ကြီးမှ ဒုက္ခရောက်လိုက်တာလို့ အောက်မေ့မိတာပါ့။ ဘယ်သူ့မှလည်း အပြစ် မဖို့ပါဘူး။ ကိုယ့်ကံလို အောက်မေ့တာပါပဲ။ သြော်… ငယ်တုန်းက မကြုံရဘဲနဲ့ အခုကြီးမှ မပြေးနိုင် မလွှားနိုင်မှလို့၊ အဲဒီလိုလေးတော့ အောက်မေ့တယ်” ဟု သူက ပြောလိုက်သည်။

ရေးသားသူ – မိုးဦး


View the original