21 November 2022
ခင်ဘုန်းမို့။ ။
အမျိုးသမီးတွေအများဆုံးပါဝင်တဲ့ သပိတ်စစ်ကြောင်းတစ်ခုဟာ “တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကိုအမြစ်ဖြတ်မည်” ဆိုတဲ့ကြွေးကြော်သံကို အားကြိုးမာန်တက်ကြွေးကြော်ရင်း စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြနေပါတယ်။
သပိတ်စစ်ကြောင်းမှာတော့ အနီရောင်အကျီတွေဝတ်ဆင်ထားကာ နှင်းဆီပန်းအနီရောင်ကိုင်ဆောင်ထားတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေကိုတွေ့ရပါတယ်။
ဒီသပိတ်စစ်ကြောင်းတွေကို စစ်အာဏာသိမ်းမှုနှစ်နှစ်နီးပါးရှိတဲ့အချိန်အထိ ထားဝယ်မြို့ရဲ့နေရာ တော်တော်များများမှာ တွေ့နေရဆဲဖြစ်တယ်။ ဒါကတော့အမျိုးသမီးတွေဦးဆောင်တဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ရဲ့ သပိတ် စစ်ကြောင်းပဲဖြစ်တယ်။
၂၀၂၁ခုနှစ် သြဂုတ်၂၈က စတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ တတ်ကြွလှုပ်ရှားသူ အမျိုးသမီး တွေစုပေါင်းကာ “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု”ကို ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်မှာ စတင်ပြလုပ်ခဲ့ကြတယ်။
ဒီလှုပ်ရှားမှုတွေမှာဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရင်း အနီရောင်အကျီဝတ်၊နှင်းဆီပန်းအနီရောင်ကိုင်ဆောင်ကာ အမျိုးသမီးအခွင့်အရေးတွေကိုပါတောင်းဆိုခဲ့ကြတယ်။
အဲ့ဒီနောက်မှာတော့ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ ထားဝယ်မြို့နယ်၊သရက်ချောင်းမြို့နယ်၊ကံပေါက်၊အရှေ့တော စတဲ့ နေရာတွေမှာပါ အမျိုးသမီးထုဦးဆောင်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု” ကိုပြုလုပ် ခဲ့ကြတယ်။
တော်လှန်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးထုရဲ့ပါဝင်မှုကလည်း အဓိကအခန်းကဏ္ဍကနေ တည်ရှိနေသင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ၂၀၂၂ ခုနှစ်မတ် ၂၇ မှာတော့ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်လေးမြို့နယ်က အမျိုးသမီး တွေပူးပေါင်းပြီး နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ကိုဖွဲ့စည်းခဲ့တယ်။
“ ကျွန်မတို့ဟာ ရဲရင့်တဲ့အမျိုးသမီးတွေဖြစ်တယ်။ နှင်းဆီနီဆိုတာကလည်း ရဲရင့်သတ္တိရှိတဲ့အဓိပ္ပါယ်ရှိတဲ့ နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုဆိုပြီးတော့ စလုပ်ခဲ့တော့ ဒီလိုနှင်းဆီရောင်အမျိုးသမီးတွေ စုပေါင်းထားတဲ့အဖွဲ့မို့လို့ နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂဆိုပြီးပေးဖြစ်တာပါ” လို့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ရဲ့ အလုပ်အမှုဆောင်တစ်ဦး ဖြစ်တဲ့ မရိုစီကပြောပါတယ်။
အသက်၂၂အရွယ် မရိုစီဟာ စစ်အာဏာမသိမ်းခင်က တက္ကသိုလ်တက်နေတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ ကျောင်းဆက်မတက်တော့ဘဲ CDMပြုလုပ်ခဲ့တယ်။ အဲ့ဒီနောက် လူငယ်ပီပီ တော်လှန်ရေးခရီးကြမ်းကိုလျှောက်လှမ်းဖို့ဆုံးဖြတ်ခဲ့တယ်။
မြေပြင်သပိတ်စစ်ကြောင်းတွေမှာပါဝင်ခဲ့တယ်။ စိတ်တူကိုယ်တူ အမျိုးသမီးတွေနဲ့စုပေါင်းပြီး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တယ်။ နောက်တော့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ဖွဲ့လိုက်ချိန်မှာ မရိုစီတစ်ယောက် ဆက်လက်ပါဝင်ခဲ့တယ်။
Photo credit – Rosy Women’s Union- Dawei
“ အမျိုးသမီးတွေရဲ့ စွမ်းအားနဲ့အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့နိုင်ငံတွေလည်းရှိတယ်ဆိုတော့ ကျွန်မတို့ရဲ့အကြမ်းမဖက် လူထုလှုပ်ရှားမှုနဲ့ အာဏာရှင်ကိုဖြုတ်ချနိုင်တဲ့ ထောက်တိုင်တစ်နေရာကနေပါဝင်နေပါတယ်” လို့ မရိုစီက အဖွဲ့မှာပါဝင် ခဲ့ပုံကို ပြောပါတယ်။
ဖေဖော်ဝါရီကနေစပြီး မြေပြင်သပိတ်တွေမှာပါဝင်တာ၊CDMတွေကိုထောက်ပံ့တာ၊ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ တာတွေပြုလုပ်ခဲ့တယ်။
တော်လှန်ရေးလမ်းကြောင်းကိုလျှောက်လှမ်းတဲ့အခါမှာ အမျိုးသမီးဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်ကြောင့် မိသားစုက ခွင့်မပြုခဲ့ဘူး။ အဲ့ဒီနောက်အိမ်ကထွက်လာခဲ့ပြီး တော်လှန်ရေးခရီးကို ယုံကြည်ချက်အတိုင်းလျှောက်ခဲ့တယ်။ သပိတ်တွေ ထွက်ရင်းဖြိုခွင်းခံရတာ၊ လုံခြုံရေးအခြေအနေကြောင့် တိမ်းရှောင်နေရတာ စတဲ့အခက်အခဲတွေကြုံတွေ့ခဲ့ရတယ်။
“ တစ်ခါတစ်လေနေရတဲ့အိမ်အဆင်မပြေတာ၊ လက်မခံချင်တာ၊မိန်းကလေးဖြစ်နေလို့ ဒီလိုလုပ်တာကို အပြစ်ပြော၊ ဝေဖန် ချင်တာ ဒါတွေကိုရင်ဆိုင်ခဲ့ရတယ်”လို့မရိုစီကပြောတယ်။
တော်လှန်ရေးလုပ်ငန်းတွေမှာပါဝင်တာကို အိမ်ကလက်မခံတဲ့အတွက် အိမ်ကထွက်လာပြီး နောက်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိခဲ့တယ်။ ဆွေမျိုးတွေဆိုရင် မခေါ်ချင်ကြတာမျိုးတွေရင်ဆိုင်ခဲ့ရတယ်။
ဒီအခက်အခဲတွေကို ရဲဘော်တွေရဲ့အားပေးမှုနဲ့ရှေ့ဆက်နိုင်ခဲ့တယ်လို့ မရိုစီကဆိုတယ်။
မရိုစီလိုနည်းတူ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)မှာ ပါဝင်နေသူကတော့ အသက်၃၉နှစ်အရွယ် အက်စတာပါ။ အက်စတာအနေနဲ့ အဖွဲ့မှာလူမှုကယ်ဆယ်ရေးနဲ့သတင်းပြန်ကြားရေးတာဝန်ယူထားပါတယ်။
အက်စတာလည်း စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက သပိတ်စစ်ကြောင်းတွေမှာပါဝင်ခဲ့တယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေမှာပါဝင်တာကြောင့် စစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံရကာ ထားဝယ်အကျဉ်းထောင်မှာ ရက်ပေါင်း ၂၀၀နီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။
အဲ့ဒီနောက်ပြန်လည်လွတ်မြောက်လာပြီး နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)မှာ ပါဝင်ကာ စစ်အာဏာရှင် ဆန့် ကျင်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့တယ်။ ဒီလှုပ်ရှားမှုတွေမှာပါဝင်တဲ့အတွက် မလုံခြုံမှုတွေ၊ နေရာထိုင်ခင်း အခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်။
“အခက်အခဲမျိုးစုံကြားကပဲ တော်လှန်နေကြမှာပါပဲ”လို့အက်စတာကဆိုတယ်။
အခက်အခဲတွေရှိနေပေမယ့်လည်း တော်လှန်ရေးအတွက် တစ်နေရာရာကနေ ပါဝင်နေရမှဆိုတဲ့စိတ်ခံစားချက်ကြောင့် ဒီအခက်အခဲတွေကိုကျော်ဖြတ်နိုင်ခဲ့တယ်။
အမျိုးသမီးထုဦးဆောင်တဲ့ သပိတ်အဖွဲ့မှာ ပါဝင်နေရတဲ့အတွက်လည်း ပိုပြီးအားရကျေနပ်နေခဲ့တယ်။ အက်စတာတို့ မိသားစုကလည်း တော်လှန်ရေးကိုအားပေးကြတဲ့အတွက် နောက်ဆံမတင်းဘဲ အလုပ်လုပ်နိုင်ခဲ့တယ်။
Photo credit – Rosy Women’s Union- Dawei
ဒါပေမယ့်အက်စတာစိုးရိမ်တာကတော့ တော်လှန်ရေးမှာ ပြည်သူလူထုပါဝင်မှု တဖြည်းဖြည်းအားနည်းလာမှာနဲ့ တော်လှန် ရေး အရှိန်မှေးမှိန်လာမှာကိုပါပဲ။
အခက်အခဲနဲ့စိတ်ဓာတ်ကျတဲ့အချိန်တွေရှိပေမယ့်လည်း တော်လှန်ရေးအောင်မယ့်တစ်နေ့ကို ရည်မှန်းပြီးဖြတ်ကျော်နေ တယ်လို့ဆိုတယ်။
မရိုစီနဲ့အက်စတာတို့နည်းတူ စစ်အာဏာရှင်ကိုဆန့်ကျင်နေသူကတော့ အသက်၂၃အရွယ် ဂျွန်ပါ။ ဂျွန်ကိုယ်တိုင်လည်း စစ်အာဏာသိမ်းမှုကိုလက်မခံနိုင်တဲ့အတွက် မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တယ်။
စစ်တပ်က လက်နက်အားကိုးနဲ့ပြည်သူထုအပေါ်မှာအနိုင်ကျင့်တာတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ အမျိုး သမီးတွေရဲ့ ပါဝင်မှုကိုပိုပြီးမြင့်တင်ချင်တဲ့အတွက် အမျိုးသမီးထုဦးဆောင်တဲ့သပိတ်အဖွဲ့မှာ ဂျွန်တစ်ယောက်ပူးပေါင်း ပါဝင်ခဲ့တယ်။
“ အကြမ်းမဖက်လူထုလှုပ်ရှားမှုကိုယုံကြည်လို့။ ကျွန်မအနေနဲ့ကလည်း လက်နက်ကိုင်နိုင်တဲ့ အရည်အချင်းမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ်မြင်တယ်။ တော်လှန်ရေးကို ရေရှည်ဆက်သွားဖို့ဆို ပြည်သူလူထုရဲ့ထောက်ခံမှုရှိမှ ပြည်သူလူထုကို စည်းရုံးနိုင်မှတော်လှန်ရေးကို ရေရှည်ဆက်သွားလို့ရမယ်လို့မြင်တယ်။ အဲ့အတွက်မြေပြင်သပိတ်လှုပ်ရှားသူ အဖြစ်လှုပ်ရှား ဖြစ်ပါတယ်” လို့ဂျွန်ကဆိုတယ်။
တော်လှန်ရေးလုပ်ငန်းတွေကို မိသားစုနဲ့ဆန့်ကျင်ပြီးလုပ်ကိုင်ခဲ့ရတယ်။
အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျချိန်တွေလည်းရှိခဲ့တယ်။ ဒီလိုအချိန်တွေကို နောက်မျိုးဆက်အတွက် တွေးပြီးဖြတ် ကျော်ခဲ့တယ်။
နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ဦးဆောင်လှုပ်ရှားတဲ့ သပိတ်တွေမှာဆိုရင် စစ်အာဏာရှင်ကို ဆန့်ကျင်တာ အပြင် အမျိုးသမီးတွေအပေါ်ခွဲခြားတဲ့ အယူအဆတွေကိုပါ တွန်းလှန်တဲ့ကြွေးကြော်သံတွေနဲ့ လှုပ်ရှားကြတာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်တာကြောင့် ပြည်သူလူထုအနေနဲ့အမြင်တွေ ပြောင်းလာတယ်လို့ အဖွဲ့ဝင်တွေကဆိုပါတယ်။
“ ကျွန်မရဲ့ပတ်ဝန်းကျင်မှာလည်း တကယ်လည်းပြောင်းလဲလာတာရှိတယ်။ ဥပမာ ယောင်္ကျားလေးအဝတ်နဲ့ မိန်းကလေး အဝတ်ခွဲလျှော်တာတို့ဘာတို့ အဲ့ဒါတွေကိုကိုယ်တိုင် သေချာရှင်းပြလိုက်တဲ့အခါသူတို့လည်း လက်ခံလာကြတယ်။ ဒါက လည်း ကျွန်မတို့ရဲ့အောင်မြင်မှုပါပဲ” လို့ မရိုစီကဆိုပါတယ်။
အဖွဲ့အနေနဲ့ တန်းတူအခွင့်အရေးရဖို့နဲ့ အမျိုးသမီးတွေအပေါ်မှာခွဲခြားဆက်ဆံတာတွေ လျော့ကျလာအောင် ပပျောက်လာ အောင်ရှေ့ဆက်ပြီး ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပြီး တော်လှန်ရေးထဲမှာပါဝင်နေတဲ့ တခြားအမျိုးသမီးရဲဘော်တွေကို လည်း အခုလိုတိုက်တွန်းပါတယ်။
“ အခုအချိန်မှာ ခက်ခဲပင်ပန်းနေကြမယ်ဆိုတာသိပါတယ်။ စိတ်ဓာတ်ကျတဲ့သူတွေလည်းရှိမှာပေါ့ ဒါပေမယ့် လဲကျတိုင်း ပြန်ထဖို့မမေ့ပါနဲ့ အမျိုးသမီးတွေအနေနဲ့လည်း ကျွန်မတို့ရဲ့ကြွေးကြော်သံအတိုင်း တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကို အမြစ်ဖြတ်မည်ဆိုတဲ့အတိုင်း အမျိုးသမီးတွေအပေါ်မှာခွဲခြားဆက်ဆံမှုတွေပပျောက်အောင် တူတူကြိုးစားရင်းနဲ့ စစ်အာ ဏာရှင်စနစ် ကို တူတူတိုက်ထုတ်ကြရအောင်လို့တိုက်တွန်းပါတယ်” လို့ ဂျွန်က ဆိုပါတော့တယ်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.