အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ဒီမိုကရက်တစ်လူငယ်ကောင်စီ မှပေးပို့သည့် သဝဏ်လွှာ

17 November 2022

အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ဒီမိုကရက်တစ်လူငယ်ကောင်စီ မှပေးပို့သည့် သဝဏ်လွှာ

ယနေ့သည် ၁၀၂ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အမျိုးသားနေ့ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသည်။ နယ်ချဲ့လက်အောက်ခံ ကိုလိုနီဘဝသို့ ကျရောက်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်) နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ဆန့်ကျင်ခဲ့သည်။ အမျိုးသားရေးဟူသည် မိမိ၏ အမျိုးဘာသာ၊ သာသနာအပေါ် အစွန်းရောက်ယုံကြည်မှု၊ အတ္တဝါဒီ မဟုတ်ပါဘဲ မိမိတို့၏ ပြည်ထောင်စုနေ ရဟန်းရှင်လူ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်နှင့် လွတ်လပ်စွာနေထိုင် အသက်ရှင်ရေးနှင့် လုံခြုံရေးအတွက် စိတ်အားထက်သန်ခြင်းပင် ဖြစ်သည်။ အမျိုးသားနေ့၏ အနှစ်သာရသည် ပြည်သူလူထုအား မတရားသည့် နည်းလမ်း၊ မတရားသည့် ဥပဒေ စသည်တို့ဖြင့် ဖိနှိပ်ချုပ်ချယ်မှု၊ အကြမ်းဖက်မှုတို့အား အာဏာဖီဆန် နိုင်ငံရေးအံတုသည့်နေ့လည်း ဖြစ်ပါသည်။

ယနေ့  ၂၀၂၁ ခုနှစ်တွင် Professional Army ဟု ကြွေးကြော်ထားသည့် အကြမ်းဖက်စစ်အုပ်စုသည် လက်တွေ့တွင် Problems Army အဖြစ် ပြည်သူများက သတ်မှတ်ထားပြီး အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည့် လူငယ်လူရွယ်များကို ညှင်းပမ်းနှိပ်စက်၊သတ်ဖြတ်ခြင်းဖြင့် စက်ဆုပ်ရွံ့ရှာဖွယ်ရာကောင်းသည့် ဖက်ဆစ်စနစ်ကို ကျင့်သုံးလျှက်ရှိနေသည်။

ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေး ဟူသည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်တွင် ထည့်သွင်းရေးသားထားသော်လည်း တိုင်းရင်းသားဒေသများသို့ လက်နက်ကြီးငယ်များ ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်၊ လေကြောင်းသုံးပစ်ခတ်ခြင်းများ၊ သတ်ဖြတ်ခိုးယူခြင်းများ ပြုလုပ်လျှက်ရှိသည်။ ကောင်းမွန်မှန်ကန်သည့် မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်ချစ်စိတ် ထာဝရမှန်ကန်ရေးသည် မျက်ကန်းမျိုးချစ်၊ မျက်ကန်းအမျိုးသားရေးမဟုတ်ပဲ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အနစ်နာခံ၍ ပြည်သူလူထု၏ ဆင်းရဲဒုက္ခကို ဝေမျှခံစား၍ ပြည်သူ့အကျိူးထမ်းဆောင်လိုခြင်း ဖြစ်သည်။ ဘာသာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်စွ ာကိုးကွယ်ယုံကြည်ခွင့်နှင့် ဆောင်ရွက်ခွင့်တို့အပေါ် အာမခံရမည်ဖြစ်ပြီး စုံလင်ကွဲပြားမှုကို လက်ခံနိုင်ရမည် ဖြစ်ပါသည်။

နိဂုံးချုပ်ဆိုရလျှင် ယနေ့ ပြည်သူလူထု၏ ဆင်းရဲဒုက္ခများမှ လွတ်မြောက်၍ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးသည် အဓိကကျပြီး အရေးကြီးသည့်တာဝန်တစ်ရပ် ဖြစ်သည်။ ပြည်သူလူထု၏အာဏာအား မတရားသဖြင့် လုယူနေသည့် ဖက်ဆစ်ဝါဒီများကို တွန်းလှန်၍ ပြည်သူအားလုံးပါဝင်သည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ဖေါ်ဆောင်ရေးသည် တမျိုးသားလုံးနှင့် ဆိုင်သည့် အမျိုးသားရေးဖြစ်သည်။ ထို့ကြောင့် အာဏာရှင်စနစ်နိဂုံးချုပ်ပေးနိုင်ဖို့ နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖေါ်ဆောင်ဖို့ ပြည်သူများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ကြဖို့ တိုက်တွန်း၍ သဝဏ်လွှာရေးသားပေးပို့အပ်ပါသည်။

ဒီမိုကရက်တစ်လူငယ်ကောင်စီ


Download PDF

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia