03 November 2022
Myanmar Now
ဖိနှိပ်ရာတွင် နာမည်ကျော်သည့် အင်းစိန်အကျဉ်းထောင်ကို ၂၀၁၇ ဒီဇင်ဘာနောက်ဆုံးပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myat Thu Kyaw/NurPhoto via Getty Images)
အာဏာသိမ်းပြီး တစ်လကျော်အကြာတွင် အဖမ်းခံခဲ့ရသည့် ပန်းချီဆရာတစ်ဦးကို တန်းစီးနှင့် အခြားအကျဉ်းသားများက ဝိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်ရာအပြင်းအထန်ရသွားသည်။
By Myanmar Now
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် ပန်းချီဆရာတစ်ဦးကို ရာဇဝတ်သားများက မေးရိုးကျိုးသည်အထိ ဝိုင်းဝန်း ရိုက်နှက်သောကြောင့် ထောင်ဆေးရုံ၌ ကုသမှုခံယူနေရသည်ဟု ထောင်တွင်း သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။
တာမွေမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးဖြင့် တိုက်ခိုက်သည်ဟူသော စွပ်စွဲချက်ဖြင့် ယမန်နှစ် မတ် ၂၇ က ဖမ်းဆီးခံရသူ ပန်းချီဆရာ ကိုလှိုင်းညီ ခေါ် ကိုကျော်သူမြင့် ရိုက်နှက်ခံရမှုသည် ခိုးဆိုးလုနှိုက်မှုဖြင့် ထောင်ကျနေသူတစ်ဦးနှင့် အချင်းများရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
အဝတ်လှန်းချိန် စကားအချေအတင်ဖြစ်ရာ အခန်းသူကြီး ခေါ် တန်းစီးထံ ရောက်သွားခဲ့ကြောင်း၊ တန်းစီးက “ဒီမှာ ပြီးမလား၊ ရုံးခန်းသွားမလား” ဟု မေးမြန်းစဉ် ရုံးခန်းသွားမည်ဟု ကိုလှိုင်းညီက ပြန်လည်ဖြေကြားခဲ့ကြောင်း အထက်ပါ ထောင်တွင်းသတင်းရင်းမြစ်က ဆိုသည်။
ထို့နောက် တန်းစီးက ၎င်းအား မခန့်လေးစားလုပ်သည်ဟု ဆိုကာ ပြစ်မှုကျူးလွန်၍ ထောင်ကျနေသည့် အခြားအကျဉ်းသားများနှင့်အတူ ကိုလှိုင်းညီကို ဝိုင်းဝန်းကန်ကျောက် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ ရိုက်နှက်ပြီးနောက် တန်းစီးက ကိုလှိုင်းညီကို အခန်းပြောင်းလိုက်ကြောင်း၊ ကိုလှိုင်းညီက ခေါင်းမူးသည်ဟု ပြောနေသဖြင့် နီးစပ်သူများက အကြောင်းကြားမှသာ ထောင်အာဏာပိုင်များက ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
ကိုလှိုင်းညီမှာ ထောင်ဆေးရုံတွင် ဆေးကုသနေရဆဲဖြစ်သောကြောင့် ရိုက်နှက်မှုမှာ မကြာသေးမီ ကာလများက ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း အထက်ပါသတင်းရင်းမြစ်က ယူဆသည်။
ရိုက်နှက်ခံရမှုကြောင့် မေးရိုးကျိုးသွား၍ ၎င်း၏ ပါးစပ်ကို ကြေးနန်းကြိုးများဖြင့် တုပ်ထားရပြီး တစ်လခွဲခန့် ထိုသို့ နေထိုင်ရမည်ဟု သိရသည်။
“ပါးစပ်က သွားတွေကို နန်းကြိုးနဲ့ ဆွဲပြီး တုပ်ထားလို့ အဖတ် လုံးဝစားလို့မရဘူး။ အရည်ပဲ သောက်နေရတယ်” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ပန်းချီဆရာ ကိုလှိုင်းညီ (ခ) ကျော်သူမြင့် (ယာ) ကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားရာတွင် တွေ့ရစဉ်။
ယမန်နှစ်ကုန်ပိုင်းက နိုင်ငံအဝန်းတွင် အသံတိတ်သပိတ်ဆင်နွှဲချိန်ကလည်း အင်းစိန်အကျဉ်းထောင်တွင် ဆန္ဒပြသဖြင့် အပြင်းအထန်ရိုက်နှက်ခြင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးတွင် ကိုလှိုင်းညီလည်း ပါဝင်သည်။
အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်များသည် ယခင်ကတည်းက ဖိနှိပ်မှုဖြင့် နာမည်ကျော်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် လူသေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်နေသည်။
အကျဉ်းထောင်တွင်းအခြေအနေများနှင့် ပတ်သက်၍လည်း သတင်းအမှောင်ချထားခြင်း၊ ရှေ့နေများကိုပါ ဖမ်းဆီးခြင်းများ ရှိနေသောကြောင့် ထောင်တွင်းအဖြစ်အပျက်များကို ပြင်ပက သိရှိရန် ခက်ခဲနေသည့် အခြေအနေဖြစ်နေသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ကလည်း အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၁ ဦးက သေဒဏ်ပေးခံရသူများအတွက် ၃ လပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် လက်ပတ်မည်းဝတ်ဆင်၍ ဆွမ်းကပ်ခဲ့ရာ ၎င်းတို့ကို ထောင်အာဏာပိုင်များက အပြင်းအထန်ရိုက်နှက်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုကို ဦးဆောင်သည့် နိုင်ငံရေးအကျဉ်းသားများဖြစ်သော ကိုရဲရင့်ကို၊ ကိုရဲရင့်ဘို၊ မဝသုန်စံ၊ ကိုဟန်သာတို့ကို စစ်ကောင်စီ၏ အာဏာပိုင်များက တိုက်ပိတ်ထားကာ အလုပ်ကြမ်းများ ခိုင်းစေလျက်ရှိသည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသလို စစ်ကောင်စီ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်း၍လည်း မရပေ။
အောက်တိုဘာ ၁၉ရက်နေ့က အင်းစိန်ထောင် ပါဆယ်ဌာနတွင် ဗုံးပေါက်ကွဲပြီးနောက် ထောင်ဝင်စာ ပေးပို့ခွင့် ပိတ်ပင်ထားခြင်းကို အောက်တိုဘာ ၃၁ တွင် ရုပ်သိမ်းလိုက်သော်လည်း ပေးပို့သည့် ပစ္စည်းများကို အချိန်ယူပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်ဟု နိုင်ကျဉ်းမိသားစုဝင်များထံမှ သိရသည်။
အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုတွင် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦးနှင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.