KIO ပွဲ ဗုံးကြဲခံရမှုအတွက် စစ်တပ်ကို ချက်ချင်းအရေးယူဖို့ ကုလလုံခြုံရေးကောင်စီကို အရပ်ဘက်အဖွဲ့တွေ တိုက်တွန်း

October 28th, 2022  •  Author:   Radio Free Asia  •  1 minute read
Featured image

KIO ပွဲ ဗုံးကြဲခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့သူတွေအတွက် ဆုတောင်းပွဲနှင့် စစ်ကောင်စီကို အောက်တိုဘာ ၂၆ ရက်နေ့က ကန့်ကွက်ရှုတ်ချဆန္ဒပြနေသည့် စစ်ကိုင်းတိုင်းက ဒေသခံများ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ စစ်တပ်ကို အရေးပေါ်အရေးယူဖို့ အရပ်ဘက်အဖွဲ့တွေ အောက်တိုဘာ ၂၈ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လက်ခံပြီး အာဆီယံဆီ တာဝန်လွှဲနေတာကို ရပ်တန့်ပြီး ချက်ချင်းအရေးယူရမယ်လို့ ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး(ထိုင်းနိုင်ငံ) နဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်တာပါ။

အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာမှာ KIO တည်ထောင်တဲ့ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူဦးရေ ၆ဝကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း လုံလောက်တဲ့ ဆေးကုသခွင့် မရခဲ့ကြလို့ နောက်ဆက်တွဲ သေဆုံးသူတွေ ရှိနေဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး(KWAT)က မမွန်းနေလီက “တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲ တစ်ဖက်သတ် ပြည်သူလူထုတွေကို ဗုံးလာကြဲတဲ့ဟာက ကချင်ပြည်သူတွေအားလုံးကို သတ်တဲ့ပုံစံပဲ။” လို့ ပြောပါတယ်။

လုံခြုံရေးကောင်စီကသာ စစ်ကောင်စီကို အရေးယူဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒီအခြေအနေအထိ ရောက်မှာမဟုတ်ဘဲ အခု မြန်မာပြည်သူတွေရဲ့ ဘဝက ဒီထက်မက ပိုကြီးတဲ့ အန္တရာယ်ထဲ ကျရောက်နိုင်ခြေ ရှိနေတယ်လို့ ဒီအဖွဲ့တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းတွေ တင်ပို့ရောင်းချမှု ပိတ်ဆို့ဖို့၊ စစ်တပ်နဲ့ သူတို့နဲ့ဆက်စပ်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဖို့ လုံခြုံရေးကောင်စီက သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းအသုံးချဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေအပြင် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချထားသလို လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ဒါဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဝေဖန်ထားပါတယ်။

စစ်ကောင်စီကတော့ သူတို့တိုက်ခိုက်မှုဟာ ကေအိုင်အေကို တန်ပြန်စစ်ဆင်ရေးလုပ်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ သာမန်ပြည်သူတွေ မပါဘူးလို့ တုံ့ပြန်ထားပါတယ်။


Original post.