31 August 2022
Arbitrary Arrest by Military Junta (Myanmar)
၂၀၂၁ မတ်တွင် နေပြည်တော်သို့ ရောက်လာသည့် ရုရှား ဒုကာကွယ်ရေးဝန်ကြီးကို ဆန္ဒပြသူတို့၏ အသုံးအဆောင်များပြသနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင်။ ဓာတ်ပုံ- စစ်ကောင်စီ
စစ်ကောင်စီက ၎င်းတို့ ဖမ်းထားသူများကို တော်လှန်ရေးအဖွဲ့ထံသို့ လက်ကိုင်ဖုန်းမှတစ်ဆင့် ငွေလှူသည်ဟု ပုံဖော်ကာ ထောင် ၁၀ နှစ်မှ ထောင်တစ်သက်ချနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်နေသည်။
By Myanmar Now
ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံရသူများကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးဆိုင်ရာထောက်ပံ့မှု ပုဒ်မ ၅၀ (ည) ဖြင့် အမှုဆင်၍ ထောင် ၁၀ နှစ်မှ ထောင်တစ်သက်ချနိုင်သည့် အကြမ်းဖက်ပုဒ်မဖြင့် အရေးယူနေသည်ဟု စုံစမ်းသိရှိရသည်။
နိုင်ငံအနှံ့ ထိုသို့ တရားစွဲဆိုခံရသူ ရာဂဏန်းခန့်ရှိကြောင်း၊ စွပ်စွဲခံရသူများထဲတွင် ရှေ့နေများပါ ပါဝင်ကြောင်း ရန်ကုန်နှင့် မန္တလေးတို့မှ တရားရုံးနှင့် နီးစပ်သူ ၅ ဦးက ပြောသည်။
အမှုသည်နှင့် မိသားစုဝင်များ၏ လုံခြုံရေးအခြေအနေအရ အသေးစိတ်ကိုမူ ၎င်းတို့က ထုတ်မပြောပေ။
စစ်ကောင်စီကို အာဏာဖီဆန်သည့်လှုပ်ရှားမှု (CDM) တွင် မပါဝင်သည့် ကျောင်းဆရာတစ်ဦးပင်လျှင် ထိုသို့ အရေးယူခံထားရကြောင်း ဦးဘကြွယ်*ထံမှ သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်တစ်ခုတွင် မူလတန်းပြ တာဝန်ထမ်းဆောင်နေသည့် ထိုကျောင်းဆရာမှာ ယခုအခါ အင်းစိန်ထောင်တွင် ရောက်နေပြီး ၅၀ (ည) ဖြင့် တရားရင်ဆိုင်နေရသည်ဟု သူက ဆိုသည်။
ဖမ်းဆီးချိန်တွင် သိမ်းဆည်းရမိသည်ဟု စစ်ကောင်စီက ပြောသည့် လက်ကိုင်ဖုန်းမှာ ထိုကျောင်းဆရာ၏ဖုန်း မဟုတ်ကြောင်း၊ သို့သော်လည်း အဆိုပါဖုန်းကို သုံး၍ လက်နက်ကိုင် ခုခံသူများကို ငွေလွှဲထားသည်ဟု စစ်ကောင်စီက ကျောင်းဆရာကို စွပ်စွဲထားကြောင်း သူက ဆက်ပြောသည်။
ထိုလက်ကိုင်ဖုန်းကို သုံး၍ ငွေလွှဲခြင်းမရှိဟု နေပြည်တော်ရှိ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ထံမှ အတည်ပြုချက်ရပြီးဖြစ်သော်လည်း ကျောင်းဆရာမှာ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဦးဘကြွယ်က ဆက်ပြောသည်။
ဖမ်းဆီးခဲ့သူတို့က ထိုလက်ကိုင်ဖုန်းကို ဖွင့်သုံးပြီး အမှုဆင်ခြင်း ဖြစ်နိုင်သည်ဟု သူက ပြောသည်။
“ဒီဖုန်းက ရဲစခန်းက သိမ်းလိုက်တာကိုး၊ သုံးတဲ့အချိန်မှာ ဒါတွေကို ဖွင့်ပြီးတော့ သူတို့ဟာသူတို့ လုပ်ထားပြီးတော့ လူတစ်ယောက်ကို ထောင်မကျကျအောင်လုပ်တဲ့ အနေအထားတွေ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
မိုဘိုင်းဖုန်းတစ်လုံးလက်ဝယ်ရှိသူသည် KBZ Pay ,Wave Money စသည်တို့ဖြင့် တစ်စုံတစ်ဦးထံ ငွေလွှဲထားသည်ဟု သံသယရှိယုံဖြင့် စစ်ကောင်စီက ပုဒ်မ ၅၀ (ည) တပ်၍ အရေးယူနိုင်သည့် အခြေအနေဖြစ်နေသည်ဟု တရားရုံးနှင့် နီးစပ်သူတို့က သုံးသပ်သည်။
ရန်ကုန်အင်းစိန်ထောင်တွင် အလားတူပင် စွပ်စွဲခံရသည့် အမျိုးသမီးတစ်ဦး၏ အမှုကို သိရှိသူ ဒေါ်ခင်မိမိ* ကလည်း စစ်ကောင်စီက ထိုသို့ အမှုဆင်နေသည်မှာ အမှန်ပင် ဖြစ်ကြောင်း ပြောသည်။
တော်လှန်ရေးအဖွဲ့ဝင် သူငယ်ချင်းတစ်ဦးထံမှ ပို့ထားသည့် စာကို ဖုန်းအတွင်း တွေ့ရုံမျှဖြင့် အကြမ်းဖက်သမားကို ထောက်ပံ့သည်ဟု စွပ်စွဲအမှုဖွင့်ခြင်းဖြစ်သည်ဟု ဆိုသည်။
“အဲဒီစာမှာ ဘာပါလဲဆိုတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုနေတယ်။ အဲဒါလေး ဝယ်ပေးပါဆိုပြီး ပြောတာ အဲဒါလေးနဲ့တင် ၅၀ (ည) ထောက်ပံ့တယ်ဆိုပြီး၊ အမှန်ဆို ထောက်တောင် မထောက်ပံ့ရသေးဘူး။ ဝယ်ပေးဖို့ပဲ ပြောရသေးတာ၊ ဘာမှတောင် မလုပ်ရသေးဘူး” ဟု ဒေါ်ခင်မိမိက ပြောသည်။
အလားတူပင် ရန်ကုန်မြို့တွင် နေထိုင်ပြီး ပရဟိတလုပ်ဆောင်သည့် အမျိုးသားတစ်ဦးမှာ ၎င်း၏ နေအိမ်ခြံဝင်းအတွင်း နေရာလွတ်တစ်ခုတွင် ဆန်အိတ်များ လက်ခံထားမိရာမှ တော်လှန်ရေးအဖွဲ့ကို ထောက်ပံ့သည်ဟု စွပ်စွဲခံရကြောင်း ထိုအမှုအကြောင်း သိထားသူတစ်ဦးက ပြောသည်။
မန္တလေး အိုးဘိုအကျဉ်းထောင်တွင်လည်း အလားတူ စွပ်စွဲခံရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ရှိနေသည်။ အများစုမှ စစ်ကောင်စီထောက်ခံသူတို့၏ စွပ်စွဲချက်များအပေါ် အခြေခံ၍ ဖမ်းဆီးခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နှင့် အားပေးဝန်းရံနေသူများဖြစ်သည်ဟု သိရသည်။
“စစ်ကောင်စီအဖွဲ့ဝင်တွေပဲ ရပ်ကွက်ထဲ သွားပြီးတော့ ဘယ်ရပ်ကွက်မှာ ဘယ်သူကတော့ NLD အမာခံဖြစ်တယ်၊ ပိုက်ဆံဘယ်လောက်ချမ်းသာတယ်၊ အရင်တုန်းက ဘာလုပ်တယ် (စစ်ကောင်စီ) သူတို့အမြင်ကပ်တဲ့လူကို သူတို့လက်ညှိုးထိုးတာပဲ၊ လက်ညှိုးထိုးပြီးတော့ ဖမ်းခိုင်းတာပေါ့နော်” ဟု မန္တလေးမှ ဦးအေးချမ်း*က ပြောသည်။
မြို့နယ် ၇ ခုပါဝင်သည့် မန္တလေးခရိုင်တစ်ခုထဲတွင်ပင် ထိုသို့ အမှုဆင်၍ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံရသူ ၄၀ ကျော်ရှိကြောင်း သိရသည်။
“ကျွန်တော်သိတဲ့ လူတစ်ယောက်က ပိုက်ဆံလည်း လွှဲထားတာမရှိဘူး။ မိန်းကလေးပေါ့၊ ဘာမှလုပ်ထားတာမရှိ။ သူ့ဟာသူ KBZ Pay ကိုမှ သူက ပန်းချီလေးတွေရောင်းလိုက်တယ်။ ဝယ်တဲ့လူကမရှိ၊ ရဲကဖမ်းလိုက်တယ်” ဟု ဦးအေးချမ်းက ပြောသည်။
“ဖမ်းတဲ့အချိန်မှာက စခန်းမှူးက ဘာလုပ်လိုက်လဲဆိုတော့ သူ့ရဲ့Wave money အကောင့်ရဲ့ အကောင့်သစ်ဖွင့်ပြီးတော့ ဒီကတော့ ဝယ်ပါတယ်ဆိုတဲ့ ဖမ်းထားတဲ့အမှုတွေလည်း အများကြီးပဲ” ဟု ၎င်းက ဆက်ပြောသည်။
မန္တလေးမှ နာမည်ကျော်ရှေ့နေ ဒေါ်ရွက်နုအောင်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now
ထိုပုဒ်မဖြင့် စွပ်စွဲခံရသူများထဲတွင် နာမည်ကျော် မန္တလေးမြို့ခံ ရှေ့နေ ဒေါ်ရွက်နုအောင်မှာ အထင်ရှားဆုံးဖြစ်သည်။ ဒေါ်ရွက်နုအောင်မှာ အာဏာသိမ်းသည့်နေ့ကတည်းက စစ်တပ်က ဖမ်းထားသည့် NLD ဒုဥက္ကဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အမှုများကို လိုက်ပါ ဆောင်ရွက်ပေးနေသူဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်၏ ရုံးချိန်းတစ်ခုအပြီး အိုးဘိုထောင်ရှိ တရားခွင်မှ အပြန်လမ်း၌ ဧပြီလတွင် စစ်ကောင်စီက ဖမ်းသွားပြီးနောက်တွင် ဒေါ်ရွက်နုအောင်မှာ ပုဒ်မ ၅၀ (ည) ကို သုံး၍ အမှုဖွင့်ခံရသည်။
“တချို့က ဘာမှမဟုတ်တဲ့၊ ပိုက်ဆံငါးထောင်လောက်နဲ့ ဖုန်းဘေလေးပဲ လွှဲပေးတာ၊ အဲဒါလိုမျိုးနဲ့ အဖမ်းခံရတယ်” ဟု ဒေါ်ခင်မိမိက ပြောသည်။
လတ်တလောတွင် ပုဒ်မ ၅၀ (ည) ဖြင့် ထောင် ၁၀နှစ် ချခံရသူတချို့ရှိကြောင်း အထက်ပါ တရားရုံးနှင့် နီးစပ်သူတို့က ပြောသည်။
အသေးစိတ်ကို အတည်ပြု၍ မရသလို ဥပဒေအတိုင်း ဆောင်ရွက်နေသည်ဟု ကြွေးကြော်လေ့ရှိသည့် စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။
“အင်ဂျင်နီယာတို့၊ ဆရာဝန်တို့ဆိုရင် သူတို့က အတော်လေး အမြင်ကပ်ပုံရပါတယ်၊ အမှုမမြောက်ဘဲ အဲလိုမျိုးဖွင့်ထားတာတွေ အများကြီးပဲ” ဟု ဦးဘကြွယ်က ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက ဆက်လက် ဖမ်းချုပ်ထားသူ အများအပြားရှိကြောင်း၊ ထိုအထဲမှ ၁၃,၀၀၀ နီးပါး၏ အချက်အလက်ကို မှတ်တမ်းတင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။
လက်နက်အားကိုးဖြင့် ဥပဒေကို ချိုးဖောက်ကာ သမ္မတကို ဖမ်း၍ အာဏာသိမ်းပြီးနောက် တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ကဏ္ဍ ၃ ရပ်စလုံးကို ထိန်းချုပ်လိုက်ပြီဟု ကြေညာထားသည့် စစ်ကောင်စီ၏ ထိုသို့အမှုဆင်မှုများမှာ လက်ခံနိုင်စရာမရှိကြောင်း ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
“အခု သူခိုးက လူလိုဟစ်၊ သူတို့က (စစ်ကောင်စီ) အကြမ်းဖက်သမားတွေက အကြမ်းဖက်ဥပဒေနဲ့ စွဲနေတဲ့ အခါမှာ မြန်မာပြည်ရဲ့ တရားဥပဒေကတော့ ပျက်စီးသွားပြီပေါ့” ဟု ၎င်းက မှတ်ချက်ပြုသည်။
(* သတင်းရင်းမြစ်၏ လုံခြုံရေးအတွက် အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)
Original Post: Myanmar Now
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.